17
Jul

၂၀၃၀ တွင် အေအိုင်ဒီအက်စ်ရောဂါ တကမ္ဘာလုံး တားဆီးနိုင်မည်ဟု ကုလပြော

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ကို ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တားဆီးနိုင်မယ်လို့ ကုလသမဂ္ဂက ဇူလိုင် ၁၄ ရက်နေ့မှာ ပြောပါတယ်။

ကျန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း တကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အသက်ကယ် ဆေးဝါးတွေကြောင့် ရောဂါ ကူးစက်မှုကို လျော့ချနိုင်ရုံမက လုံးဝ ရပ်တန့်သွားအောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်က ဆေးဝါးကို လက်လှမ်းမီတဲ့ လူဦးရေက ၇ သိန်းပဲ ရှိခဲ့ပေမယ့် ဒီနေ့ ကာလမှာတော့ လူ ၁၅ သန်းဟာ ကုသမှု ခံယူနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်း စာရင်းအရ အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေတဲ့ အမျိုးသမီး ၆၂ ရာခိုင်နှုန်း၊ အရွယ်ရောက်သူ ၄၁ ရာခိုင်နှုန်းဟာ ကုသမှု ခံယူနေနိုင်တဲ့ အခြေအနေ ဖြစ်တာကြောင့် ၂၀၁၀ တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူ ၇ သိန်း ၃ သောင်း ရှိခဲ့ပါတယ်။ အာဘီယွတ် ဂိုဒါနာလည်း ၁၉၉၇ ခုနှစ်ကတည်းက အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူ ဖြစ်ပါတယ်။

ဆေးရုံကို နေ့စဉ်သွားပြီး ကုသမှုခံယူနေတာ မိမိ ကျန်းမာရေးအတွက်ရော၊ သားသမီးတွေရဲ့ ကျန်းမာရေးအတွက်ရော အကျိုးရှိတဲ့ ကိစ္စဖြစ်သလို တခြား ဘ၀တူတွေအတွက် စံနမူနာကောင်းလည်း ဖြစ်လာတယ်လို့ ပြောပါတယ်။

ဒီနေ့ကမ္ဘာမှာ အိပ်ခ်ျအိုင်ဗွီရှိတဲ့ ကိုယ်ဝန်ဆောင်တွေထဲက ၇၃ ရာခိုင်နှုန်းဟာ မိခင်ကနေ ကလေးကို ကူးစက်ခြင်းမှ ကာကွယ်ရေး ကျန်းမာရေး စောင့်ရှောက်မှု (ပီအမ်တီစီတီ) ကို ရရှိထားကြပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုကတ်ဆို မိုကီသာလည်း အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူပါ။

အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်ဘ၀မှာ ကလေးကို ရောဂါကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့အတွက် ဆေးခန်းကို ပုံမှန်သွားပြနေတယ်လို့ ပြောပါတယ်။

၂၀၀၄ ခုနှစ်က အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ခဲ့ပြီး အခုအခါမှာတော့ ၄၁ ရာခိုင်နှုန်း လျော့ကျသွားပါပြီ။

၂၀၁၄ ခုနှစ်မှာ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါကြောင့် လူပေါင်း ၁ ဒသမ၂ သန်း သေဆုံးခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က သေဆုံးသူ ၂ သန်း ရှိပါတယ်။ အိန္ဒိယနိုင်ငံသူ ဗီနာလည်း ၂၀၀၀ ပြည့်နှစ်မှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရတာ သိရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဆေးဝါးစောင့်ရှောက်မှု ရရှိခဲ့ပါတယ်။

အရင်တုန်းက ဘ၀က အဓိပ္ပာယ်မဲ့သလို ခံစားခဲ့ရပေမယ့် အခုတော့ ရောဂါဟာ ထင်သလောက် မဆိုးပါဘူးလို့ သူက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်သူ ၃၀၀၀၀ ရှိပါတယ်။ အများစုက အမျိုးသမီးငယ်တွေဖြစ်ပြီး သူတို့ဟာ အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်ခြေ မြင့်မားကြပါတယ်။

သူတို့ထဲက ၃ ပုံ ၁ ပုံလောက်ဟာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသလား၊ ကင်းစင်းသလား ဆိုတာကို မသိကြပါဘူး။

အခုနောက်ပိုင်းမှာ ကျန်းမာရေးအသိ မြင့်မားလာတာနဲ့အမျ သူတို့ကိုယ်တိုင်က အန်ဂျီအို ဖွဲ့ပြီး စစ်ဆေးကြဖို့ ပညာရေး အစီအစဉ်ကို လုပ်ဆောင်လာကြပါတယ်။

အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ရောဂါ ထိန်းချုပ်ရေးအတွက် အသုံးပြုတဲ့ ရန်ပုံငွေ ပမာဏဟာလည်း ၂၀၀၁ ခုနှစ်က ဒေါ်လာ ၅ ဘီလီယံ မပြည့်ပေမယ့် ၂၀၁၅ မှာ ၂၂ ဘီလီယံအထိ ရှိလာပါတယ်။

ဒီကြားထဲမှာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကလည်း တကမ္ဘာလုံးမှာ အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေတဲ့ လူ ၃၇ သန်းနီးပါးထဲက ထက်ဝက်လောက်ဟာ ဆေးဝါး စောင့်ရှောက်မှု မရကြသေးဘူးလို့လည်း သတိပေးထားပါတယ်။

DVB - ၂၀၃၀ တွင် အေအိုင်ဒီအက်စ်ရောဂါ တကမ္ဘာလုံး တားဆီးနိုင်မည်ဟု ကုလပြော

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top