My wife has a question on regarding Menstruation. She has a little menstruation for 3 days at the middle of menstruation cycle mostly. What can effects be for us? Secondly how can she know when ovulate? Are Ovulation tests accurate?
အမျိုးသမီးတွေ Mid cycle bleeding လလယ်ရက်မှာ သွေးဆင်းတာ ၃ ယောက်မှာ ၁ ယောက် ဖြစ်တတ်ကြတယ်။ ရောဂါရယ်လို့ မဟုတ်တာ များတယ်။ သားအိမ်ဝ၊ ဗဂျိုင်းနား၊ တခြားနေရာ ဘယ်ကလာတယ်ဆိုတာကို ခွဲခြားရမယ်။ ဒီသွေးက သားအိမ်အထဲဖြစ်ဖြစ်၊ သားအိမ်အဝကဖြစ်ဖြစ် လာနိုင်တယ်။ မျိုးဥအိမ်ကနေလာတာလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ရာသီ စဆင်းပြီး၊ ၁ဝ ရက်နဲ့ ၁၅ ရက်ကြား ဆင်းတာ များတယ်။ အတွင်းခံကို စွန်းယုံလေးကနေ များများလဲ ဆင်းနိုင်သလို ခဏလေးကနေ ၂-၃ ရက်အထိ ကြာတတ်တယ်။ အရောင်က အနီ၊ အညို၊ ပန်းရောင်နဲ့ အကျိအချွဲပါ ရောတတ်တယ်။
ကြားရက် သွေးဆင်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေ အများကြီးရှိတယ်။
1. Ovulation bleeding မျိုးဥထွက်ချိန်၊
2. ကိုယ်ဝန်တား-စားဆေး၊
3. IUCD ကိုယ်ဝန်တား-ပစ္စည်း၊
4. လည်ပင်းကြီး-ဟော်မုန်းနဲတာ၊
5. သန္ဓေတည်ခါစ၊
6. ကိုယ်ဝန်ပျက်တာ၊
7. Estrogen (အီစထိုဂျင်) ဟော်မုန်းဆေးပေးနေသူ အစပိုင်းနဲ့ အဆုံးရက်တွေ၊
8. Endometriosis သားအိမ်ရောဂါ၊
9. Uterine fibroids သားအိမ်အလုံး၊
10. လိင်ကတဆင့် ကူးစက် ရောဂါတွေ၊
11. စိတ်ဖိအားများတာ၊
12. သွေးဆုံးခါနီး၊
13. Cervical polyps သားအိမ်ဝမှာ အညှာပါ-အလုံးရှိတာ၊
14. Cervical erosion သားအိမ်ဝရောဂါ၊
15. ဗဂျိုင်းနာ၊ သားအိမ်၊ မျိုးဥအိမ်မှာ Cysts အလုံးရှိတာ၊
16. မွေးလမ်း ထိခိုက်မိတာ၊
17. ဗဂျိုင်းနားထဲ ပစ္စည်းတခုခု ကျန်ရစ်တာ၊
18. ကင်ဆာ။
အများဆုံး ဖြစ်တာက Ovulation bleeding မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် Follicle ကနေ မျိုးဥ ပေါက်ထွက်ချိန်မှာ ဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်းနံရံ ပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။ တခြား အကြောင်းတွေလဲ ရှိနိုင်တယ်။ Progesterone ဟော်မုန်း နဲနေရင် ရက်ကြာကြာ ဆင်းနိုင်တယ်။ အဲလို အမျိုးသမီးတွေဟာ ကလေးရဘို့ အခွင့်အလမ်း နဲပြီး ကိုယ်ဝန်လဲ ပျက်တတ်တယ်။ Oral Contraceptives ကိုယ်ဝန်တား စားဆေးကြောင့်ဆိုရင် အစနဲ့အဆုံးမှာ ဆင်းတတ်တယ်။ များသောအားဖြင့် ဒီဆေးမျိုးကို သောက်ဘူးခါစ ပဌမလတွေမှာ ဖြစ်တယ်။ ဆေးသောက်ချိန် လွဲသွားရင်လဲ ဖြစ်တယ်။
အရေးပေါ် ဆေးကုရာတာ ရှားတော့ ရှားတယ်။ လိုအပ်ရင်တော့ ဆေးကုရမယ်။
• သွေးဆင်းများသူ တချို့ကို Estrogen (Conjugated) 25 mg IV ထိုးပေးရတယ်။ ဒါမှမဟုတ် စားဆေး 2.5 mg တနေ့ ၄ ကြိမ်ပေးမယ်။ သွေးရပ်သွားရင် Medroxy-progesterone 10 mg/d ကို ၇-၁ဝ ရက် ဆက်ပေးမယ်။
• တချို့ကို အများဆုံးသုံးတဲ့ Combination Oral Contraceptive ဟော်မုန်းနှစ်မျိုးတွဲ ကိုယ်ဝန်တား စားဆေး ပေးတယ်။ ဆေးထဲမှာ 1-0.75 mg Norethindrone နဲ့ 0.035 mg Ethinylestradiol ပါတယ်။
- တရက်မှာ ဆေး ၄ ပြား၊ ၇ ရက် ပေးတယ်။ ဒါမှမဟုတ်
- ၄ ပြား ၂ ရက်၊ ၃ ပြား ၂ ရက်၊ ၂ ပြား ၂ ရက်၊ ၁ ပြား ၂ ရက်နည်းနဲ့ ပေးတယ်။
• Medroxyprogesterone (Provera) ခေါ်တဲ့ Progestin (Progesterone) ဟော်မုန်းဆေးပေနိုင်တယ်။ ဒီဆေးက မျိုးဥ ပုံမှန်ထွက်စေတဲ့ဆေး ဖြစ်တယ်။ 10 mg/day ကို ၁ဝ ရက်ပေးမယ်။ ဒါပေမဲ့ OG ကပေးမှသာ သောက်ပါ။ ဆေးရပ်လိုက်တော့ သွေးဆင်းတတ်လို့။ ကင်ဆာ မရှိတာ သေခြာမှလဲ ပေးရတယ်။
• တချို့ကို D and C သားအိမ်ခြစ်ပေးရတယ်။
အမျိုးသမီးတွေ Puberty အရွယ်ရောက်ကတည်းက Menopause သွေးဆုံးတဲ့ အရွယ်အထိ Ovum မျိုးဥကခု လတိုင်း ထွက်တယ်။ လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ ကရိယာကို Ovulation Predictor Kits လို့ခေါ်တယ်။ ထွက်ပြီး ၂၄ နာရီအထိ ခံတယ်။ လအလယ်မှာ မျိုးဥထွက်တဲ့ Ovulation ဖြစ်ဘို့ Luteinizing hormone (LH) ဟော်မုန်းနဲနဲ ပိုထွက် လာရတယ်။ Ovulation Tests ဆိုတာက ဒါ ဖြစ်-မဖြစ် စမ်းရတာပါ။
• ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့ မတူပါ။ ကိုယ်ဝန်ကို စမ်းရင် မနက်ခင်းသွားတဲ့ ဆီးကို စမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။
• နေ့ဆက် စမ်းရတာမို့ အချိန်တူမှာ စမ်းပါ။
• ဆီးစမ်းမဲ့အချိန် မတိုင်ခင် ၂ နာရီလောက်မှာ ရေ-အရည် လျော့သောက်ပါ။
• ကိုယ့်ရာသီခွင်ကိုသိပါ။ ရာသီသွေးစဆင်းတဲ့ ပဌမနေ့ကနေ နောက်တလအတွက် ဆင်းမဲ့နေ့ မတိုင်ခင်ရက်အထိ ဖြစ်တယ်။
• စမ်းသပ်မဲ့လ မတိုင်ခင် လအနည်းငယ်အတွင်းက ရာသီခွင်ကို မှတ်ပါ။ ဘယ်ရက်မှာ မျိုးဥ ထွက်နိုင်တယ် ဆိုတာ ခန့်မှန့်နိုင်မယ်။
• LH surge ဟော်မုန်း တက်လာချိန်နောက် ၁၂-၄၈ (ပျမ်းမျှ ၃၆) နာရီအတွင်းမှာ မျိုးဥထွက်ပါမယ်။
• ကလေးရချင်သူများဆိုရင် LH surge ဟော်မုန်း တက်တဲ့ရက်ကနေ ၃ ရက်အတွင်း အတူနေသင့်ကြတယ်။
• ကိုယ်ဝန်ကို စမ်းတဲ့အခါ မျဉ်းကြောင်းက ခပ်မှုံမှုံပေါ်နေတာကိုလဲ အပေါင်းလက္ခဏာလို့ သတ်မှတ်နိုင်ပေမဲ့ မျိုးဥ စမ်းတာမှာတော့ မှုံနေတာကို အနုတ်လက္ခဏာလို့ သတ်မှတ်တယ်။
• Basal Body Temperature (BBT) ဆိုတဲ့ အကြမ်းဖျဉ်းနည်း တခုရှိတယ်။ မနက်အိပ်ရာထ ကိုယ်ပူချိန် တိုင်းနည်းကလဲ LH surge ဟော်မုန်းများလာတာကို သိနိုင်တာ ဖြစ်တယ်။ သိပ်မတိကျဘူး။
• Clomid ဆိုတဲ့ Fertility drug ကလေးရဘို့ပေးတဲ့ဆေး Clomiphene citrate သောက်နေပြီး၊ မျိုးဥထွက်တာကို ရက်သိပ်စောပြီး စမ်းရင် False positives မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။
• ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။
• တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။
• အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။
• ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။
• Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။
• အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။
• ၃ မိနစ်နဲ့ အဖြေထွက်တယ်။
ဒေါက်တာတင့်ဆွေ (၁၃-၂-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - ကြားရက်သွေးဆင်းတာ နဲ့ မျိုးဥထွက်တာ သေခြာချင်တယ်




