13
Feb

ကြုံတွေ့ခဲ့ရတဲ့ တဒင်္ဂပုံရိပ်များ

နေရာအနှံ့
နယ်ပယ်အသီးသီးမှာ ကြုံတွေ့နေရတဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအကြောင်း ပြန် ပြောင်းပြောရမှာ
နောက်လူတွေ အလားတူအဖြစ်မျိုး မကြုံတွေ့စေဖို့နဲ့ ဝေဒနာသည်တွေကို ကူညီချင် သူတွေ ပေါ်ပေါက်လိုပေါ်ပေါက်ငြား
ရည်ရွယ်ပြီးရေးပါတယ်။ အချို့နေရာတွေမှာ ကာယကံ ရှင်တွေကို ခွင့်မတောင်းခဲ့ရတဲ့အတွက်
နာမည် နေရပ်လိပ်စာနဲ့ အလုပ်အကိုင်တို့ကို တိတိပပ ဖေါ်ပြလို့ မရတာ တွေ ရှိပါတယ်။ ဒါ့အပြင်
အချို့ကိစ္စတွေမှာ သူတို့ရောဂါ ကူးစက်ခံရတဲ့ အကြောင်းရင်းတွေကိုလည်း မပွင့်လင်းမှုတွေကြောင့်
ပဟေဋိဖြစ်နေဆဲပါ။ ဒီစာစုဟာ သိခဲ့သမျှထဲက အခုထက်တိုင် စိတ်ထဲမှာ စွဲထင်ကျန်နေဆဲ ပုံရိပ်တွေကို
ဝေငှလိုက်တာပါ။ သူတို့အပေါ်မှာ စာနာစိတ် ထားပြီး သူတို့လိုမဖြစ်ရ လေအောင် အလေးမှုကြပါစို့လား။

 

ပထမဆုံး
ပြောချင်သူတစ်ယောက်ကိုတော့ ကိုလူထွား လို့ပဲ ခေါ်ကြရအောင်။ သူ့အသက်က ၃၅နှစ် လောက်ရှိပြီ
သားသမီး သုံးယောက်ရှိတဲ့ အိမ်ထောင်သည်တစ်ယောက်။ မိန်းမကိုလည်း အော်တတ် ငေါက်တတ်သေးတယ်။
အညာသား တစ်ယောက်နဲ့ ခပ်ဆင်ဆင်တူပြီး ထွားထွားကြိုင်းကြိုင်းနဲ့သူ့မှာ တီဘီရောဂါ ရှိနေတယ်ဆိုတာတော့
အံ့သြရတယ်။ သူ့နှုတ်ခမ်း ထော်ထော်ကတော့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။

 

လွန်ခဲ့တဲ့
ခုနှစ်လ လောက်က ခန္ဓာကိုယ်အောက်ပိုင်း တစ်နေရာမှာ အနာစိမ်းပေါက်လာလို့ မြန်မာ ဆေးနဲ့
ကုခဲ့ဖူးတယ်။ နောက်တော့ အဲဒီနေရာကို ခွဲလိုက်ရတယ်။ ခွဲထားတဲ့အနာ ပျောက်သွားပြီး အခု
အခါ ပေါင်ခြံမှာ အနာစိမ်းပေါ်က်လာပြန်တယ်။ တစ်လုံးပျောက်ပြီး တစ်လုံး ထပ်ပေါက်လာတဲ့
အနာ ကြောင့် စိတ်မှာ ကသိကအောက်ဖြစ်နေတဲ့အထဲမှာ အစာမစားနိုင်ဖြစ်လာပြီး မောလာတယ်။ ဆေး
လိပ်နဲ့ အရက်ကြိုက်တတ်ပေမဲ့ ခုတော့ ဖြတ်လိုက်ပြီ။

 

စက်မှုဆိုင်ရာ
လုပ်ငန်းကနေ ဂဏန်းခြောက်လုံး ဝင်ငွေရှိတဲ့သူဟာ အဆင်ပြေပြေ နေနိုင်တယ်လို့ သိရ တယ်။
စား၊ဝတ်၊နေ ရေး ဘာမှ ပူစရာမရှိပေမဲ့ အလယ်တန်းကျောင်းသူသာ ရှိသေးတဲ့ သူ့သမီးကြီး ဘွဲ့
ရတဲ့အထိ သူအသက်ရှင်နေနိုင်ပါ့မလားဆိုတာ သူပူပန်ရတော့တယ်။

 

သူ့ရဲ့သွေးစစ်
အဖြေလွှာထဲမှာ အိတ်ခ်ျအိုင်ဗွီ Positive ဆိုတာ ဆရာဝန်တွေ တွေ့ထားရပြီး သူလည်း မကြာခင်သိရတော့မယ်။

 

သူ့အကြောင်းနဲ့
ပတ်သက်လို့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သူဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

 

နောက်တစ်ယောက်က
ဦးမှဲ့နက်လို့ဆိုကြပါစို့။ သူ့မျက်နှာပေါ်မှာ ထင်ရှားခဲ့တဲ့ မှဲ့နက်ကြီး တစ်လုံးက ထင်းနေတာပဲ
သူ့ကို တွေ့လိုက်ရတာနဲ့ ရောဂါတော်တော် ရင့်နေပြီဆိုတာ သိသာတယ်။ ပါးချောင်၊ နားချောင်ကျနေပြီး
မျက်တွင်း ဟောက်ပက်ထဲကနေ မျက်လုံး နှစ်လုံးက ပြူးထွက်နေသလို ထင်ရ တယ်။ အသက် ၄၅နှစ်ဆိုတာ
မယုံချင်စရာ ကောင်းလောက်အောင် အိုစာနေတယ်။ နှုတ်ခမ်း တစ် ဝိုက်အောက်မှာ ပြည်တည်နာတွေက
မြင်အကောင်း ရှူ့မကောင်း။ အစာနဲ့ ရေလည်း မျိုချလို့ မရ တော့ဘူးလို့ သူကပြောတယ်။ သူ့မှာ
စကားပြောနေတယ်သာဆိုတယ်။ လေသံသဲ့သဲ့ပဲ ရှိတော့တယ်။ လည်ပင်းထဲမှာ ပေါက်နေတဲ့ အနာတွေက်
သူ့ကို အစာစားခွင့် စကားပြောခွင့် ပိတ်ပင်လိုက်ပြီလေ။

 

မောင်နှမတွေနဲ့
အတူနေတဲ့သူဟာ လူပျိုကြီး တစ်ယောက်ဖြစ်ပြီး ပုတီးကိုသာ တွင်တွင် စိပ်နေတယ်။ ရိုးသားအေးဆေးတဲ့သူ့မှာ
HIVက သေမိန့်ချလိုက်တော့ အားလုံးက အံ့သြရတယ်။ အသက် ၂၅၊ ၃၀ လောက်က အထက်မြစ်ကြီးနားဘက်မှာ
သစ်လုပ်ငန်းလုပ်ခဲ့ဖူးတာကလွဲရင် အသက် ၃၀ နောက်ပိုင်း မှာ သူတော်တော်ရိုးတာကို ကျနော်
အာမခံရဲတယ်လို့ သူနဲ့ အတူပါလာတဲ့ သူ့တူတော်မောင်က အဖြစ်မှန်ကို စဉ်းစားမရလို့ စိတ်ရှုပ်ထွေးစွာ
ပြောလာတယ်။ အခုတော့ အားလုံးက ဝိုင်းဝန်းတိုက်တွန်း ကြလို့ မန္တလေးကို ဆေးလာကုနေတယ်။

 

ရောဂါအခြေအနေ
သိနေတဲ့ သူ့ဆွေမျိုးတွေက မျက်နှာမကောင်းပေမဲ့ သူကတော့ ခေါင်းအုံးဘေးမှာ ထားတဲ့ စိတ်ဖန်များလို့
ပြောင်လက်နေတဲ့ စိပ်ပတီးကို ထောင်ပြပြီး “ဘာမှမပူပါဘူး ပုတီးစိပ်နေမယ်” လို့အမူအရာနဲ့
ပြောပြတယ်။ အချိန်သိပ်မကျန်တော့တဲ့ သူ့ဘဝနှောင်းပိုင်းမှာ ဘဝကူးကောင်းပါစေ လို့ပဲဆုတောင်းပေးရတော့မယ်။

 

မရွှေချောလေးကို
“မျက်ခုံးစ” လို့ နာမည်ပေးလိုက်တယ်။ ရောဂါဖြစ်နေလို့ ပိန်ခြောက်ကပ်နေတဲ့ ကြားက မျက်ခုံးမွှေးသေးသေးဆွဲထားပြီး
ပြင်ပြင်ဆင်ဆင် လှလှပပနေတတ်တယ်။ သူ့ကို တွေ့ရတာ လှိုင်သာယာက အေဇက်ဂျီအဖွဲ့ရဲ့ သဇင်ဆေးခန်းမှာ
အရင်ကတော့ သူ့ကို သိမ်ကြီးဈေးနားက ည ကလပ်တစ်ခုမှာ တွေ့ရတတ်တယ်လို့ဆိုတယ်။

 

ထောင်ထဲရောက်နေတဲ့
မူးယစ်ဆေးသမား သူ့ယောက်ျားကို သူက ခဏခဏ ပြစ်တင်ရေရွတ် နေ တယ်။ သူ့ကြောင့် ဒီရောဂါ ကျမရတာလို့
သတိရတိုင်းပြောတယ်။ သူ့ယောက်ျားကြောင့်ပဲလား ကွန်ဒုံး ဆောင်ထားရင် ဖေါက်သည်မရတတ်ဘူးလို့
အယူအစွဲရှိတဲ့ သူ့လုပ်ငန်းကြောင့်ပဲလား သူ့ကိုတော့ HIV က မျက်စိအောက်က အပျောက်မခံနိုင်အောင်
ဖက်တွယ်နေပြီ။

 

သဇင်ဆေးခန်းမှာ
အစားအသောက် ဆေးဝါးအပြင် လမ်းစရိတ်နဲ့ HIV ပညာပေး ပိုစတာတွေ ဆေး ခြယ်ခအဖြစ် အပိုဝင်ငွေရသေးတယ်။
ဒါပေမဲ့ သူက တည်တည်တံ့တံ့ အလုပ် တစ်ခု ရချင်တယ်လို့ ခဏခဏ ပူဆာတယ်။

 

“ဘဝဟောင်းကို
ပြန်မသွားချင်တော့ဘူး။ ကျွန်မဘဝကို အသစ်က ပြန်စချင်တယ်” ဆိုတာ သူ့လက် သုံးစကား ဖြစ်နေပြီ။
ဒါပေမဲ့ အသက် ၂၅နှစ်အရွယ် သူ့မှာ ပြန်စခွင့် ရှိပါ့ဦးမလား။

 

ဒီကလေးမကိုတော့
“အနာကြွယ်” လို့နာမည်ပေးချင်တယ်။ အရွယ်က ဒယိမ်းဒယိုင်နဲ့ အရွယ်က လမ်း လျှောက်တတ်ခါစ
ဆိုပေမဲ့ မျက်နှာကအစ သူ့တစ်ကိုယ်လုံးမှာ အနာတွေ ဗရပွ ဖြစ်နေပြီ။ လူကြီးတွေ ကို တွေ့ရင်
အနားကို ရစ်ဝဲရစ်ဝဲ ရောက်လာတတ်ပြီး လက်နှဖက် ဆန့်ထုတ်ပေးရင်း ချီခိုင်းတတ် တယ်။
AIDS တိုက်စားခံရလို့ မိဘတွေ သေဆုံးသွားတဲ့နောက် မိဘမဲ့သူ့မှာ အစ်ကို အစ်မ နှစ် ယောက်ရှိသေးတယ်။
သူတစ်ယောက်ကျမှပဲ HIV ကံစမ်းမဲ ပေါက်ခဲ့ရတယ်။ လူကြီးတွေရဲ့ ရင်ခွင်မှာ ချီပိုးယုယ နေရမယ့်အရွယ်မှာ
သူကတော့ ဟိုလူပေး ဒီလူကျွေးနဲ့ ကလေးဘဝ ဆိုတာကို အေးစက် ကြမ်းတမ်းမှုတွေနဲ့ အတူ ဖြတ်သန်းနေရတယ်။

 

သူများအပေါ်မှာ
လုံးလုံး လျားလျား မှီခိုနေရတဲ့ သူ့အနာဂတ် ဘယ်လိုရှိလေမလဲ။ ကျောင်းနေအရွယ် ထိတောင်
သူနေနိုင်ပါဦးမလားဆိုတာကတော့ အဖြေမရှိတဲ့ မေးခွန်းတစ်ခုပါပဲ။ အပြစ်ဆိုတာ မရှိ သေးတဲ့
မသိသေးတဲ့သူ့မှာ ကံဆိုးရှာတယ်လို့ တွေ့တဲ့လူတိုင်း ညည်းညူမိရတယ်။

 

ယဉ်စစနဲ့
ညိုချော ချောတဲ့သူ့ကို ယဉ်ညိုချော လို့ ခေါ်ချင်တယ်။ သူ့ဇာတိက မြန်မာပြည် အလယ်ပိုင်း
တစ်နေရာ ရှစ်နဲ့ ချစ်ကို မပီတဲ့ အရပ်ဒေသတစ်ခုက သူက ကျုံးရေတွေ ဖွေးနေတဲ့ မန္တလေးမှာ
ဝန်ထမ်းတစ်ဦးအနေနဲ့ ဘဝကို ရုန်းကန်ရင်း မိဘကို လုပ်ကျွေးချင်တဲ့သူ။ ဒါပေမဲ့ ငွေအသပြာ
နောက် ကိုဖြတ်လမ်းတိုသုံးပြီး လိုက်ခဲ့သူဟာ သေမင်းမရဏတိုင်း ကိုလည်း ဖြတ်လမ်းက သွားရတော့
မယ့်ကိန်း ဆိုက်နေပြီ။

 

သူ့ဇာတ်ထုပ်ကို
ခင်းရရင် ချဲထီနဲ့ နှစ်လုံးထီ ပယောဂ သူ့ကို ပူးကပ်ကူးစပ်ခံ ရတာကနေ စပြောရပါ လိမ့်မယ်။
လောင်းကစား ဂယက်ထဲမှာ လှေမျော လှေနဲလိုက် ငွေမျောငွေနဲ့လိုက်ရင်း သူ့ကိုယ်ပိုင် မဟုတ်တဲ့
လုပ်ငန်းက ငွေတွေကို အလွဲသုံးစား လုပ်မိတယ်။ ဒီတချီ အပိုင်ဂဏန်းပေါက်ရင် ယူထားတဲ့ ငွေတွေ
ပြန်ထည့်မယ်ဆိုပြီး ယူသုံးမိနေရာကနေ မရှူနိုင်မကယ်နိုင်ဖြစ်လာတယ်။

 

ဒီမှာတင်
အရှက်ကို အသက်နဲ့လဲမယ်ဆိုပြီး အက်ဆစ်တွေကို မြိုချခဲ့ပေမဲ့ သူက အသက်ပြင်းတယ်။ ပတ်ဝန်းကျင်က
သိပြီး အချိန်မှီ ကုပေးလိုက်နိုင်လို့ အသက် မသေခဲ့ပေမဲ့ ဒဏ်ရာပြင်းပြင်း ရခဲ့တဲ့သူ့
အူတွေကိုတော့ ဖြတ်ပြီး ဆက်ဖို့ ဆရာဝန်ကြီးတွေက ပြင်ဆင်ရတယ်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ
လုပ် ရတယ်။ ဒီအခါကျမှ သူ့ကိုယ်ထဲမှာ မရဏမင်းရဲ့ ကိုယ်စားလှယ်တော် ဗိုင်းရပ်စ်ကရောက်
နေနှင့်ပြီဆို တာ ဆရာဝန်ကြီးတွေ တအံ့တသြ တွေ့လိုက်ရတယ်။ သူ့ကို ကြည့်ရတာ လုံးဝ ထင်ရက်စရာမရှိဘူး
လေ။ ဘယ်လိုဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေ ချာချာလည်နေတယ်။

 

အဖြစ်မှန်ကို
သူသိအောင် ဘယ်လိုပြောရမလဲလေ။ သူကရော အဖြစ်မှန်ကို ပြောပြနိုင်ပါ့မလား။ ရွာက နေ သမီးဇောနဲ့
အမောတကော လိုက်လာကြတဲ့ အိုကြီးအိုမ အဖေနဲ့ အမေခမျှာ ဘယ်လို နေရှာမလဲ။ သမီးလိမ္မာလေးအဖြစ်
မိဘကို လုပ်ကျွေးချင်တဲ့လူဟာ အခုတော့ သမီးမိုက် ဖြစ်ရလေပြီလား။ ရေ လိုက်လွဲခဲ့တဲ့သူ့ဘဝမှာ
သင်ခန်းစာယူစရာတွေ သံဝေဂ ရစရာတွေ အများကြီး ရှိနေတယ်လေ။

 

Published by: bluebluenight

 

 Myanmar
LGTB Society –
ကြုံတွေ့ခဲ့ရတဲ့ တဒင်္ဂပုံရိပ်များ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top