အာရှပစိဖိတ် ဒေသတွင်း HIV ပိုး ပျံ့နှံ့ကူးစက်မှု
လျှော့ချနိုင်ရန် သြစတြေးလျားက မြန်မာ၊ အင်ဒိုနီးရှား၊ ပါပူးဝါးနယူးဂီနီ နိုင်ငံတို့ကို
အမေရိကန်ဒေါ်လာ ၃ သန်း ကူညီသွားမည်။
သြစတြေးလျား နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ
(AusAID) က ကမ္ဘာ့ AIDS နေ့ ကြေညာချက်ကို ယနေ့ ထုတ်ပြန်ကာ HIV ကာကွယ်ရေး ၃ နှစ်စာအတွက်
ဤအကူအညီကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း HIV ကူးစက်ပျံ့ပွားမှုကို မကြာသေးမီက
လေ့လာခဲ့ရာ အဓိက အကြောင်းရင်းတရပ်မှာ အမျိုးသားချင်း လိင်ဆက်ဆံသူများအကြား
HIV/AIDS ပညာပေးမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု AusAID အဖွဲ့က ပြောသည်။
ထို့ကြောင့် ယခုရန်ပုံငွေသစ်ကို အမျိုးသားချင်း လိင်တူဆက်ဆံသူများကို ပညာပေးရေးလုပ်ငန်းတွင်
အသုံးပြုသွားမည်ဟု ဆိုသည်။ အင်ဒိုနီးရှားက ဒေါ်လာ ၁.၅ သန်းနှင့်
မြန်မာ၊ ပါပူးဝါးနယူးဂီနီတို့က ဒေါ်လာ ၇၅၀၀၀ စီ ရရှိကြမည်။
''ဒေါ်လာ ၇၅၀၀၀ ကို လိင်တူဆက်ဆံသူ အမျိုးသားများနှင့်
အခြား စိုးရိမ်ရသော အုပ်စုများကို HIV ပိုး ကူးစက်ခြင်းမှ ကာကွယ်ပေးရေးအတွက် ရောဂါ
၃ မျိုး ရန်ပုံငွေမှတဆင့် မြန်မာနိုင်ငံသို့ ပေးအပ်သွားမည်'' ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
UNAIDS အဖွဲ့ကြီး၏ ''ကမ္ဘာ့ AIDS ကပ်ဝေဒနာ
၂၀၀၈ ခုနှစ် အစီရင်ခံစာ'' အရ မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်ခံထားရသူပေါင်း ၂ သိန်း
၎ သောင်းမျှရှိသည်ဟု ဆိုသည်။ ရန်ကုန်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ အပြောအရ ထိုထဲတွင်
ဦးရေ ၇၅၀၀၀ ခန့်မှာ ARV ဆေး အရေးတကြီး လိုအပ်နေကြသည်ဟု ဆိုသည်။
ရန်ပုံငွေမလုံလောက်သဖြင့် HIV/AIDS
လူနာများမှာ ARV ဆေး ပုံမှန်ရရှိခြင်းမရှိဟု အဆိုပါ လူနာများကို ကူညီနေသည့် ရန်ကုန်မြို့မှ
စေတနာ့ဝန်ထမ်းတဦးဖြစ်သူ မဖြူဖြူသင်းက အစောပိုင်းတွင် ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင်
မဇ္ဈိမကို ပြောသည်။
AusAID ၏ ကမ္ဘာ့ AIDS နေ့ ကြေညာချက်သည်
အခြား နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းကြီး ဖြစ်သော ဂလိုဘယ်ဖန်း (Global
Fund) က AIDS ၊ ငှက်ဖျား၊ တီဘီ ရောဂါများ တိုက်ဖျက်ရေးအတွက် အကူအညီများ ပြန်လည်ပေးအပ်မည်ဟု
၂၀၀၅ ခုနှစ်က ထွက်ခွာသွားပြီးနောက်ပိုင်း ယခုနိုဝင်ဘာလတွင် ကြေညာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံမှ ပရိုပိုဆယ်ကို ရရှိခဲ့ပြီးနောက်
ထိုသို့ရန်ပုံငွေများ ပြန်လည်ပေးအပ်ရန် ဒါရိုက်တာဘုတ်အဖွဲ့က နိုဝင်ဘာလအတွင်း နောက်ဆုံးခွင့်ပြုခဲ့သော
ရန်ပုံငွေတွင် ထည့်သွင်းသတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု Global Fund ၏ အကြီးတန်း ဆက်သွယ်ရေးအရာရှိ
နာလင်းမီတာ (Nalin Mehta) က မဇ္ဈိမကို ပြောသည်။
HIV/AIDS တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ
၅၁ ၇၁၆ ၂၀၇၊ ငှက်ဖျားအတွက် အမေရိကန်ဒေါ်လာ ၃၇ ၅၇၈ ၂၈၂၊ တီဘီအတွက် အမေရိကန် ဒေါ်လာ ၃၄
၀၂၄ ၄၂၄ ကို Global Fund မှ အသီသီးခွင့်ပြုခဲ့သည်ဟု မီတာက ပြောသည်။
အစီအစဉ် စီမံခန့်ခွဲရေးတွင် အရေးပါသည့်
ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ချုပ်ချယ်ကန့်သတ်မှုများ ပြုလုပ်ခဲ့သဖြင့်
မြန်မာနိုင်ငံသို့ ပေးအပ်နေသော အကူအညီကို Global Fund က ၂၀၀၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။
ယခုမြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီ
ရန်ပုံငွေအသစ်များအတွက် အမှန်တကယ် လိုအပ်နေသည့်သူများထံ ရောက်ရှိစေမည့် အစီအမံ မူဝါဒအသစ်များကို
ချမှတ်ထားပြီး ထိုမူဝါဒများအတိုင်း Global Fund က စီမံခန့်ခွဲသွားနိုင်စေမည့် နည်းစနစ်များ
ကျင့်သုံးနိုင်ခွင့်ရှိစေရန် အာမခံချက်များကိုလည်း တောင်းယူသွားမည်ဟု မီတာက ပြောသည်။
သို့သော် ဤသို့ ရန်ပုံငွေစီးဆင်းမှုကို
လေ့လာစောင့်ကြည့်မည့် အကာအကွယ်မူဝါဒများ မည်သို့ ချမှတ်ထားသည်ကိုမူ သူမက ထုတ်ဖော်ပြောဆိုခြင်း
မရှိပါ။
ရောဂါဆိုးကြီးများ တိုက်ဖျက်ရေးအတွက်
မြန်မာပြည်သူများကိုကူညီရန် ရောဂါ ၃ မျိုး ရန်ပုံငွေနှင့် Global Fund တို့ကဲ့သို့သော
နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် သြစတြေးလျားကဲ့သို့သော နိုင်ငံများက ကူညီရန် ကြိုးပမ်းခဲ့သော်လည်း
စစ်အစိုးရကမူ တက်ကြွမှု မရှိခဲ့သလောက်ပင်ဖြစ်ကြောင်း စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများက
ပြောသည်။
''အစိုးရက HIV/AIDS လူနာတွေအတွက် လက်တွေ့လုပ်ပေးတာဆိုလို့
ဘာမှမရှိဘူး။ လူနာတချို့ကို ARV ဆေး ပေးရမယ့်အစား အခန်းမရှိဘူးဆိုပြီး ဆေးရုံက မောင်းထုတ်တာပဲ
လုပ်တယ်'' ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတဦးက ပြောသည်။
မဇ္ဈိမ -
သြစတြေးလျားက မြန်မာကို HIV/AIDS တိုက်ဖျက်ရေးအတွက်
ကူညီ




