24
Nov

ဗြိတိန်တွင် HIV ကူးစက်မှုမြင့်မားနေသော်လည်း လူ ၁၀၀ လျှင် ၂၅ ဦး ရောဂါရှိကြောင်း မသိကြ

လန်ဒန်- ဗြိတိန်နိုင်ငံတွင် HIV ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှာ  သမိုင်းတစ်လျှောက် အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိ နေကြောင်း နောက်ဆုံး စာရင်းများက ဖော်ပြသည်။

လူပေါင်း ၁၁၀၀၀၀ နီးပါးမှာ HIV ပိုးကူးစက်ခံထားရသော်လည်း ၎င်းတို့အနက် လေးပုံတစ်ပုံမှာ HIV ပိုး ၎င်းတို့တွင်ရှိနေကြောင်း မသိကြပေ။ ယင်းအတွက်ကြောင့် ၎င်းတို့သည် အကာအကွယ် မပါဘဲ လိင်ဆက်ဆံခြင်းဖြင့် အခြားလူများကို ရောဂါကူးနိုင်သည့် အန္တရာယ်ရှိနေကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

အမျိုးသား HIV စစ်ဆေးရေး သီတင်းပတ်မတိုင်မီ အင်္ဂလန်ပြည်သူ့ ကျန်းမာရေးအဖွဲ့ PHE က ယင်းကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် လူများကို ပို၍စောစီးစွာ HIV ပိုး စစ်ဆေးနိုင်ခဲ့သော်လည်း HIV ပိုးကူးစက်မှု ကြာမြင့်နေပြီဖြစ်သော ရောဂါရှင်များကို စစ်ဆေးသိရှိမှုမှာ ၂၀၀၄ ခုနှစ်အတွင်း ၅၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်အတွင်း ၄၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။

လိင်ဆက်ဆံမှု မကင်းသော လိင်တူဆက်ဆံသူနှင့် လိင်နှစ်မျိုးစလုံး ဆက်ဆံသူ အမျိုးသား ၆ ရာခိုင်နှုန်းမှာ HIV ပိုးကူးစက်ခံထားရသည်။ ယင်းအရေအတွက်မှာ လန်ဒန်မြို့တွင် ၁၃ ရာခိုင်နှုန်းသို့ မြင့်တက်နေသဖြင့် လိင်ဆက်ဆံမှု မကင်းသည့် လိင်တူဆက်ဆံသူ အမျိုးသားရှစ်ဦးလျှင် တစ်ဦးမှာ HIV ကူးစက်ခံထားရကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်အတွင်းက HIV ပိုးရှိနေသူ အမျိုးသား ၃,၂၅၀ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် နှစ်အလိုက် အမြင့်မားဆုံး အရေအတွက် ဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း HIV ကူးစက်ခံထားရပြီး စစ်ဆေးသိရှိခြင်း မရှိသေးသည့် လိင်တူဆက်ဆံသူအမျိုးသား ၇,၀၀၀ ကျော်ရှိမည်ဟုခန့်မှန်းပြီး ယင်းနှစ်အတွင်း အမျိုးသား ၂,၈၀၀ ဦးခန့် ထပ်မံ၍ HIVကူးစက်ခံခဲ့ရသည်ဟု ခန့်မှန်းထားသည်။ ဆရာဝန်များက အကာအကွယ်ဖြင့် လိင်ဆက်ဆံကြရန်၊ လိင်ဆက်ဆံဖက် အရေအတွက် လျှော့ချရန်၊ လိင်တူဆက်ဆံသူ အမျိုးသားများ အနည်းဆုံး နှစ်စဉ်စစ်ဆေးမှု ခံယူကြရန် ညွှန်ကြားထားကြောင်း သိရသည်။

7 Day Daily - ဗြိတိန်တွင် HIV ကူးစက်မှုမြင့်မားနေသော်လည်း လူ ၁၀၀ လျှင် ၂၅ ဦး ရောဂါရှိကြောင်း မသိကြ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top