မြန်မာနိုင်ငံ ဆရာဝန်အသင်းက ဆောင်ရွက်နေသော တီဘီစီမံချက်အား
၂၀၁၁ ခုနှစ်တွင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်အထိ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ
တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၂၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တီဘီ ရောဂါ
တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသင်း၏ မတ်လ ၂၈ ရက်နေ့ထုတ် သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထား သည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အထိ မြို့နယ်ပေါင်း ၇၀ တွင် တီဘီစီမံချက်များ
လုပ်ဆောင်ခဲ့ပြီး ယခုနှစ် တွင်နောက်ထပ် ၄၆ မြို့နယ်အထိ တိုးချဲ့သွားရန် ရည်ရွယ် ကြောင်း
ဖော်ပြထားသည်။
ထို့ပြင် အသင်းအနေဖြင့် ၂၀၀၅ ခုနှစ် မှ စတင်ခါ အထွေထွေ ရောဂါကု
ဆရာ ၀န်ပေါင်း ၁,၀၂၂ ဦးအား တီဘီရောဂါ ကုသကာ ကွယ်ရေး ဆိုင်ရာ သင်တန်း များပေးခဲ့ပြီး
ဖြစ်သည်။
အဆိုပါ အထွေထွေအထူးကု ဆရာ ၀န်များအနက် ၉၃၂ ဦးမှာ တီဘီစီမံချက်
ဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာ ပါ ၀င်လှုပ်ရှား လျက်ရှိပြီး တီဘီသံသယ ရှိသူ ၂၄,၀၀၀
ကျော်အား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းသို့ ညွှန်းပို့နိုင်ခဲ့ ကြောင်း သိရသည်။
အထွေထွေရောဂါကုဆရာဝန်များ ကိုယ်တိုင် တီဘီရောဂါ ရှိ၊ မရှိ
စမ်းသပ် စစ်ဆေးရှာဖွေပေးပြီး ကုသမှု ပြီးဆုံး သည်အထိ တိုက်ရိုက်ကြည့်ရှု အချိန်တိုကုထုံးဖြင့်
ဆောင်ရွက်ခြင်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၀ အထိ မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် ဆောင်ရွက်
လျက်ရှိသည်။
အဆိုပါ မြို့နယ်များမှာ ရန်ကုန်တိုင်း ရှိ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊
အင်းစိန် နှင့် သန်လျင်မြို့၊ ပဲခူးတိုင်းဒေသကြီး မှ ပဲခူးနှင့် ပြည်မြို့၊ မန္တလေးတိုင်း
ဒေသ ကြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ကျောက်ဆည်၊ မကွေးတိုင်းမှ
မကွေးနှင့် ပခုက္ကူ၊ ရှမ်းပြည်နယ် ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့တို့
ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၀ ပြည့်နှစ် ထုတ်ပြန်သော တီဘီရောဂါသည် တစ်နှစ်လျှင် လူဦးရေ ကိုးသန်းခန့် တွင် ဖြစ်ပွားနေပြီး ၎င်းအနက် ၁ ဒသမ ၇ သန်းခန့်မှာ
သေဆုံးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက နှိုးဆော်ထား သည်။
ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်
အရ ၂၀၀၉-၁၀ တွင် ကောက်ယူခဲ့သော တီဘီရောဂါဖြစ်ပွားမှု စစ်တမ်းအရ မြန်မာနိုင်ငံတွင် လူတစ်သိန်းတွင်
သလိပ်ပိုး တွေ့ အဆုတ်တီဘီ လူနာသစ် ၉၇ ဦးရှိကြောင်း သိရသည်။
သို့ဖြစ်၍ လူဦးရေ သန်း ၆၀ ရှိ မြန်မာ နိုင်ငံတွင် သလိပ်ပိုးတွေ့
အဆုတ်တီဘီ လူနာ ၆၀,၀၀၀ ခန့် ရှိပြီး သလိပ်ပိုးတွေ့၊ သလိပ်ပိုး မတွေ့ အဆုတ်တီဘီ၊ အဆုတ်
ပြင်ပတီဘီ (ဥပမာ-အကျိတ်၊ အရိုး၊ အူ စသဖြင့်) စုစုပေါင်း တီဘီလူနာအနေဖြင့် နှစ်စဉ် နှစ်သိန်းမှ
နှစ်သိန်းခွဲခန့်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံတွင် တီဘီရောဂါ
တိုက် ဖျက်ရေးလုပ်ငန်းများကို ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ နိုင်ငံတစ်ဝန်းရှိ မြို့နယ်
၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။
ခင်မြတ်
အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
မြန်မာတိုင်း(မ်)
- မြို့နယ်ပေါင်း ၁၁၆ မြို့နယ်အထိ တီဘီစီမံချက် တိုးချဲ့သွားမည်




