13
Feb

နိုင်ငံတကာ အထောက်အပံ့ လျော့နည်းလာခြင်းကြောင့် ဂီတပွဲဖြင့် အေ့စ်ရန်ပုံငွေ ရှာဖွေနေရ

HIV/AIDS ဝေဒနာရှင်များအား နိုင်ငံတကာမှ အထောက်အပံ့များ လျော့နည်းလာမှုကြောင့် ရန်ပုံငွေဂီတဖျော်ဖြေပွဲများဖြင့် ရန်ပုံငွေရှာဖွေနေရကြောင်း အေးမြမေတ္တာ ကျန်းမာရေး စောင့်ရှောက်မှု ဖောင်ဒေးရှင်းမှ ကိုကျော်ကျော်ဝင်း က ပြောသည်။

Global Fund  ကဲ့သို့သော နိုင်ငံတကာအကူအညီများ ရပ်ဆိုင်းလိုက်ပြီးနောက်တွင် ရန်ပုံငွေ နည်းလာသောကြောင့် ပင်ပင်ပန်းပန်း မလုပ်ကိုင်နိုင်သော ဝေဒနာ ရှင်များ၊ ကူညီပံ့ပိုး ဝန်ဆောင်မှုပေးနေသော ရပ်ရွာအခြေပြု အဖွဲ့ အစည်းများအပေါ် မှီခိုနေရသော ဝေဒနာရှင်များ အနေဖြင့် ရုတ်တရက် ကျန်းမာရေးဆိုးရွား လာသောအခြေ အနေများတွင် အခက်အခဲများရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် HIV/AIDSဝေဒနာရှင်ပေါင်း ၂၃၇ဝဝဝ ရှိသည့်အနက်မှ ဝေဒနာရှင် တစ်သိန်းကျော်ကိုသာ ဆေးဝါးကုသမှု ပြုလုပ် ပေးနိုင်သေးကြောင်း ကို ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့က စစ်တမ်းထုတ်ပြန် ထားကြောင်း ၄င်းဖောင်ဒေး ရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

၂ဝ၁၁ နှစ်ဆန်းပိုင်းမှ စတင်၍ နိုင်ငံတကာအကူအညီအဖြစ် ပေးအပ်နေသော Global Fund  အကူအညီများကို ရပ်ဆိုင်းခဲ့မှုများနောက်ပိုင်း ပြည်တွင်းရှိ လူမှုရေးအဖွဲ့ အစည်းများ၊ ကျန်းမာရေးအထောက် အကူပြုအဖွဲ့အစည်း များမှ အဆိုပါ ဝေဒနာရှင်များအတွက် လိုအပ်သောဆေးဝါးနှင့် အကူအညီများ ရရှိရေးရန်ပုံငွေရှာဖွေခြင်း လုပ်ငန်းများကို ပြုလုပ်လာခဲ့ရကြောင်း ယင်းအစီအစဉ်များ ဆောင်ရွက်နေကြသည့် လူမှုအထောက်အကူ ပြုနေသူများက ဆို သည်။

အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထား ရသူများအတွက် ကူညီပံ့ပိုးဝန်ဆောင်မှု ပေးနေသည့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ စုစည်း၍ဖွဲ့စည်း ထားသော အေးမြမေတ္တာ ဖောင်ဒေးရှင်းတွင် HIV/AIDS ဝေဒနာရှင်မိသားစု ၂ဝဝဝ ဝန်းကျင် ခန့်ကို ကူညီစောင့်ရှောက် ပေးထားကြောင်း ကိုလည်း ကိုကျော်ကျော်ဝင်း က ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ HIV/AIDS ဝေဒနာရှင်အများစုမှာ ငွေကြေးတတ်နိုင်ခြင်းမရှိကြကြောင်း၊ ၄င်းတို့၏ စားဝတ်နေရေး၊ ဆေးကုသ စရိတ်များ၊ ဆေးဝါးများကို အထောက်အကူပြု အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့်သာ အဓိကထား မှီခိုနေရကြောင်း ယင်းဝေဒနာရှင်များအား ပြုစုစောင့်ရှောက်မှုပေးနေသည့် မဖြူဖြူသင်း က ပြောသည်။

မာလာသန်း

Popular - နိုင်ငံတကာ အထောက်အပံ့ လျော့နည်းလာခြင်းကြောင့် ဂီတပွဲဖြင့် အေ့စ်ရန်ပုံငွေ ရှာဖွေနေရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top