4
Jan

နှစ်သစ် လက်ဆောင်မွန်

မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များ ကူညီထောက်ပံ့ရေး
ခရစ်စမတ်ကာလ ရန်ပုံငွေရှာဖွေရေး မာရသွန်* တေးဂီတဖျော်ဖြေမှု ကို ဒီဇင်ဘာလ (၂၄) နေ့
ခရစ်စမတ် အကြိုညမှာ တမိသားစုလုံး အချိန်ပြည့် ပါဝင်ဆင်နွှဲခဲ့တဲ့ ဒေါက်တာစိန်ဝင်း၊
ဒေါက်တာတင်မိုးသူ နဲ့ သမီး တုတ်တုတ်တို့ အိမ်မှာ ကောက်ခံရရှိတဲ့ အလှူငွေတွေ
စာရင်းချုပ်၊ တက်တက်ကြွကြွ ပါဝင်ကူညီခဲ့ကြတဲ့ စေတနာရှင် ခလေး၊ လူငယ်လေးများကို
ကျေးဇူးတင် ဂုဏ်ပြုပြီး တပျော်တပါး တေးသီချင်းများသီဆို၊ ကခုန်ပြီး ပျော်ပျော် ရွှင်ရွှင်
အဆုံးသတ်လိုက်ကြတယ်။

နှစ်မကုန်ခင်မှာ မြန်မာနိုင်ငံအတွင်းမှာ
အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်နေကြသူတွေ၊ ရောဂါဝေဒနာရှင်တွေ၊
ထောက်ပံ့ကူညီမှု လိုနေသူတွေကို တဖက်တလမ်းမှ ကူညီပံ့ပိုး အလှူဒါန ပြုနိုင်ကြလို့
တေးဂီတ လှည့်လည်ဖြေဖျော်ခဲ့ကြတဲ့ ခလေးလူငယ်များ၊ ကြီးကြပ်ပေးကြတဲ့ လူကြီးမိဘ များ
နဲ့ သီဆိုဖျော်ဖြေမှုကို ဝမ်းပန်းတသာ လက်ခံဖိတ်ကြားကြပြီး အလှူငွေထည့်ကြတဲ့
မိသားစုများ အထူး ဝမ်းသာပီတိ ဖြစ်ကြတယ်။

ပြောမယ်ဆိုရင် ဒီလို မြန်မာမိသားစုအိမ်တွေ၊
စားသောက်ဆိုင်တွေကို လှည့်လည် သီချင်းသီဆို၊ အလှူငွေကောက်ခံပြီး ပြည်တွင်းရှိ
အကူအညီလိုအပ်နေတဲ့ လူမှုထောက်ကူပြုတွေကို ကူညီဖို့ ကြိုးစားလုပ်ကိုင်ခြင်းက
ကျနော်တို့ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကြားမှာ ပထမဦးဆုံး လှုပ်ရှား မှုဖြစ်မယ်လို့
ထင်ပါတယ်။ ဒီလိုပုံစံနဲ့ အလှူငွေရှာနိုင်တာကိုလည်း လုပ်ဆောင်နိုင်ကြလို့ အားလုံး ဝမ်းမြောက်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိုးမခဆောင်ပုဒ် “မြန်မာအချင်းချင်း ရိုင်းပင်းခြင်း” ဆိုသလို
အခုလည်း လဲနေသူတွေကို ထူးပေးဖို့ အားလုံးဝိုင်းဝန်းကူညီ၊ အားစိုက်လုပ်ဆောင်ကြလို့
မှန်းချက် ထက်များ အလှူငွေ စုစုပေါင်း (၆) ထောင်ကျော် ကောက်ခံရရှိခဲ့ကြတယ်။

ဒီ ရန်ပုံငွေလှုပ်ရှားမှုမှ တခြားရရှိတဲ့ ကောင်းကျိုးရလာဒ် တခုက
ဒီဘက် ပြည်ပနိုင်ငံများမှာ မွေးဖွား ကြီးပြင်းကြတဲ့ ကျနော်တို့ မြန်မာနွယ်
ခလေးလူငယ်များမှာလည်း သွေး၊ မိဘ၊ ပတ်ဝန်းကျင် အသိုင်း အဝိုင်း၊ သူတို့
သင်ကြားနေရတဲ့ လွတ်လပ်တွေးခေါ်နိုင်တဲ့ ပညာရေးစံနစ် တို့ကြောင့် ဖြစ်မယ် ထင်ပါ တယ်။
ဒုက္ခအခက်အခဲရောက်၊ အကူအညီလိုအပ်နေကြတဲ့ မြန်မာပြည်သားတွေကို ကူညီဖို့ အသိ စိတ်၊
စာနာစိတ်၊ စိတ်ဆန္ဒတွေ သူတို့လေးတွေမှာ ရှိနေကြတယ်။ ဒါကြောင့် ကျနော်တို့ လူကြီးမိဘ
တွေအနေနဲ့ သူတို့လေးတွေကို ပံ့ပိုးအားပေး၊ လုပ်ပိုင်ခွင့်ပေး၊ လက်ကမ်း
အကူအညီတောင်းပြီး ခလေး၊ လူငယ်၊ လူကြီး ပေါင်းစုပြီး ပုံစုံမျိုးစုံ၊
အိုင်ဒီယာမျိုးစုံနဲ့ မြန်မာ့အရေး လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး
ကူညီထောက်ပံ့မှုတွေကို လက်တွဲလုပ်ဆောင်သွားနိုင်တယ်။ 

ပါဝင်ဆင်နွှဲခဲ့ကြတဲ့ မြန်မာခလေး လူငယ်လေးတွေရဲ့ခံစားချက်၊ ပြောဆိုသံ၊
တေးသီချင်း သီဆိုမှု တွေကို ဗွီအိုအေသတင်းဌာနရဲ့  လူငယ်ကဏ္ဍ - “ဝါရှင်တန်ဒီစီ
မြန်မာလူငယ်တွေရဲ့ ပြည်တွင်း အကူ အညီ ရန်ပုံငွေရှာပွဲ”

(http://www.voanews.com/MediaAssets2/burmese/2010_12/Youth_for_web.Mp)နဲ့
နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံရဲ့  တီဗွီသတင်း အစီအစဉ်

(http://www.youtube.com/watch?v=LZcsDcheIrI)

တို့မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

မိုးမခ ဝိုင်းတော်သားများ နဲ့ မိုးမခ စာချစ်သူများတို့
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပြီး မြန်မာ့အရေး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ။

* အရိုးခိုက်အောင် အေးတဲ့
ဒီဇင်ဘာဆောင်းတွင်း (၃) ရက်၊ နာရီပေါင်း (၄၀) ကျော်၊ ဝါရှင်တန်ဒီစီ
နယ်မြေဒေသတဝိုက်ရှိ မြန်မာမိသားစုအိမ် (၂၂) အိမ်၊ စားသောက်ဆိုင် (၃) ဆိုင် နဲ့
ဆေးရုံ (၁) ရုံ တို့ကို ခရီးမိုင်ပေါင်း ရာကျော် မောင်းနှင်းပြီး သွားရောက်ဖျော်ဖြေခဲ့ကြတယ်။

ဇာဝါရီ (မယ်ရီလန်း)

ဒီဇင်ဘာ ၃၀၊ ၂၀၁၀

မိုးမခ - နှစ်သစ်လက်ဆောင်မွန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top