2
Jun

နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း (အမေးအဖြေ)

မေး။    ။ နှစ်သိမ့်ဆွေးနွေး ပညာပေး အဖွဲ့တွေက ဘယ်မှာ ရှိပါသလဲ။

ဖြေ။    ။ နှစ်သိမ့်ဆွေးနွေး ပညာပေး အဖွဲ့ (ဗဟို) ကတော့ ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး တိုးချဲ့ဝင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိပါတယ်။ မြန်မာပြည် တစ်ဝှမ်းမှာ ရှိတဲ့ ပြည်နယ်တိုင်း ဆေးရုံကြီးတွေ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေ မူးယစ်ဆေးစဲါ ကုသရေးဌာနတွေမှာလည်း နှစ်သိမ့်ဆွေးနွေး ပညာပေးမှုတွေကို ပြုလုပ်နေပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကြက်ခြေနီ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အသင်းစတဲ့ လူမှုရေးအသင်းနဲ့ ဘာသာရေး အသင်းတွေမှာ နှစ်သိမ့်ဆွေးနွေး ပညာပေးသင်တန်းတက်ပြီးတဲ့ အသင်းသားတွေလည်း အများကြီး ရှိပါတယ်။

မေး။    ။ ဘယ်သူတွေ ဘယ်လို လူမျိုးတွေဟာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို ခံယူသင့်ပါသလဲ။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေ၊ အေအိုင်ဒီအက်စ် ဝေဒနာ ရှင်တွေ၊ ၎င်းတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ နှီးနွယ်ဆက်စပ်သူတွေ၊ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ သွေးစစ်လိုသူတွေဟာ သွေးမစစ်ခင်ရော၊ သွေးစစ်ပြီးတဲ့ အခါမှာပါ နှစ်သိမ့်ဆွေးနွေး ပညာပေးသူနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အိတ်ခ်ျအိုင်ဗွီပိုးကူးနိုင်တဲ့ အပြုအမှုတွေကို အရင်ကဖြစ်ဖြစ်၊ လတ်တလောဖြစ်ဖြစ်၊ လုပ်မိထားပြီးနောင်မှာ ဘယ်လို ကျန်းမာအောင် နေထိုင်သွား၇မယ်ဆိုတာ သိချင်တဲ့ သူတွေဟာ နှစ်သိမ့်ဆွေးနွေး ပညာပေးသူတွေနဲ့ တွေ့ဆုံးဆွေးနွေး သင့်ပါတယ်။

မေး။    ။ နှစ်သိမ့်ဆွေးနွေး ပညာပေးသူထံမှ ဘယ်လို အကူအညီမျိုးတွေ ရနိုင်ပါသလဲ။

ဖြေ။    ။ အေအိုင်ဒီအက် ဝေဒနာရှင် တဦးဟာ မကြခဏ မမာမကျန်းဖြစ်တာ၊ စိတ်မချမ်းသာတာ၊ စိတ်ညစ်တာ၊ ဝမ်းနည်းအားငယ်တာတွေကို ကြုံတွေ့ရ တတ်ပါတယ်။ အထူးသဖြင့် မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ကြင်နာမှုကို မရရင်ဖြစ်ဖြစ်၊ စံနစ်တကျ ကုသတာကို မခံရရင် ဖြစ်ဖြစ်၊ ကိုယ်စိတ်နှစ်ပါးလုံး ပိုမို ခံစားရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ နျစ်သိမ့် ဆွေးနွေးပညာပေးသူနဲ့ တိုင်ပင်ဆွေးနွေးလိုက်ရင် စိတ်ခံစားရတာတွေ လျော့သွားပြီး လုပ်သင့်တာတွေကို ဆက်လုပ်သွားဖို့ အင်းအားရှိလာပါမယ်။

ဒါကြောင့် လူနာကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ အခြားအိမ်သား၊ မိတ်ဆွေတစ်ယောက်ယောက်က ဖြစ်ဖြစ်၊ နှစ်သိမ့်ဆွေးနွေး ပညာပေးသူနဲ့ ဆက်သွယ်တိုင်ပင် ဆွေးနွေးပြီး ပြဿနာ အရပ်ရပ်အတွက် အသင့်တော်ဆုံး အဖြေရအောင် ဝိုင်းဝန်ကြိုးစားပေးဖို့ လိုအပ်ပါတယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးသူဟာ လူနာရဲ့ ကျန်းမာရေးနဲ့ ကိုယ်ရေး ကိုယ်တာကိစ္စ မပေါက်ကြားအောင် ထိန်းသိမ်းရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့် လူနာနဲ့ မိသားစု ယုံကြည်အားကိုး စိတ်ချရတဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top