8
May

နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း သိမှတ်ဖွယ်ရာများ

ကောင်းဆဲလ်လင်း
ယခုတစ်ပတ် ကျန်းမာရေး စာအုပ်စင် ကဏ္ဍ၌ နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းနှင့် ပတ်သက်တဲ့
စာအုပ်တစ်အုပ်ကို ဖော်ပြလိုပါတယ်။ စာအုပ်အမည်ကို မြန်မာစာလုံးများဖြင့်
"ကောင်း ဆဲလ်လင်း နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့် သိမှတ်ဖွယ်
ရာများ" ဟူ၍ ရေးသားထားပြီး၊ အင်္ဂလိပ် ဘာသာဖြင့် Counselling for HIV Infection
ဟူ၍ ဖော်ပြထားသည်။ အမှန်စင်စစ်ပြောရလျှင် HIV ပိုး ကူးစက်ခံထားရသူများအား
နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းနဲ့ ပတ်သက်တဲ့ စာအုပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နှစ်သိမ့် ဆွေးနွေးပညာပေးခြင်း ဆိုတာ HIV ပိုး ကူးစက်ခံထားရသူများအတွက်သာမက
အခြားသော ကျန်းမာရေးပြဿနာများ ဥပမာ-သားဆက်ခြားခြင်း ကဲ့သို့ သောပြဿနာများ တွင်လည်းကောင်း၊
ဒီ့ထက် ကျယ်ပြန့်စွာပြောရလျှင် လင်မယားချင်း ကွာရှင်းပြတ်စဲသည့် ကိစ္စမျိုး တွင်ပါ
နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို အသုံးပြုလေ့ရှိပါတယ်။

 

နှစ်သိမ့်ဆွေးနွေး
ပညာပေးခြင်းသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပြဿနာများရှိနေသော လူတစ်ယောက်အား
မိမိကိုယ်တိုင် ပြဿနာဖြေရှင်းနိုင်အောင် နှစ်သိမ့်ဆွေးနွေး ပညာပေးသည့်ပုဂ္ဂိုလ်က
အတိုင်ပင်ခံသဖွယ် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်းကို စာအုပ် အခန်း(၂) တွင် စာရေးဆရာ ကိုယ်တိုင်ဖော်ပြထားပြီး
လည်းဖြစ်ပါတယ်။

 

စာအုပ်ကို
ရေးသားပြုစုသူ ဒေါက်တာမျိုးသန့်သည် အရေပြားအထူးကုနှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဆရာ့ရဲ့ ကိုယ်ရေးအကျဉ်းကို ကျန်းမာရေးစာအုပ်စင် တွင် မကြာခဏ ဖော်ပြခဲ့ဖူးသည်ဖြစ်သဖြင့် ထပ်မံ၍
မဖော်ပြ လိုတော့ပါ။

 

နိဒါန်းတွင်
HIV/AIDS ခံစားနေရသူ တစ်ယောက်၏ ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန် အောင်
လုပ်ဆောင်နိုင်ပြီး သက်တမ်းကိုလည်း အမှန်တကယ် ပို၍ကြာရှည်စွာနေနိုင်အောင် လုပ်ပေး နိုင်ကြောင်း၊
လူနာအား ပြုစုခြင်းသည် ပုံမှန်အားဖြင့် ထိုရောဂါနှင့်အတူ ဖြစ်ပေါ်လာသော ရှက်ကြောက်မှုနှင့်
အခြေအမြစ်မရှိသော စိုးရိမ် ထိတ်လန့်မှုကို ဖယ်ရှားပစ်နိုင်ရန် စီမံဆောင်ရွက်ပေးရာတွင်
ပညာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းတို့ဖြင့် ကူးစက်ပြန့်ပွားမှုကို
ကာကွယ်နိုင်သော အခွင့်အလမ်း ရရှိစေကြောင်း ဖော်ပြထားပါတယ်။

 

HIV/AIDS
ဆိုင်ရာ နှစ်သိမ့်ဆွေး နွေးပညာပေးခြင်း၏ ရည်မှန်းချက်မှာ ရောဂါပိုးကူးစက်ခံထားရ သူများအား
မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာ ပြဿနာများကို မိမိတို့
ကိုယ်တိုင် နားလည် သဘောပေါက်၍ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်၊ ကိုယ့်ကိုယ်ကို
ယုံကြည်အားထားမှု တိုးပွားလာရန်၊ မိသားစု ရပ်သူရွာသားများနှင့်
ဆက်ဆံရေးတိုးတက်လာရန်၊ ဘဝ ဆိုင်ရာအရည်အသွေးများ တိုးပွားလာ ရန်နှင့်
အခြားသူများအား HIV ပိုး ကူးစက်ဖြစ်ပွားမှုကို ကာကွယ်တား ဆီးရန်ဖြစ်ကြောင်း
ဖော်ပြထားပါ တယ်။ ယခုစာအုပ်တွင် အခန်း(၁) အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့်
လိင်မှုဆိုင်ရာ ကူးစက်ရောဂါများ၊ အခန်း(၂) နှစ်သိမ့်ဆွေးနွေးပညာ ပေးခြင်း၊ အခန်း(၃)
HIV ပိုးရှိ၊ မရှိ စစ်ဆေးခြင်း၊ အခန်း(၄) HIV/AIDS ရောဂါနှင့်ပတ်သက်၍
နှစ်သိမ့်ဆွေးနွေး ခြင်း၊ အခန်း(၅) သက်ရှည်ကျန်းမာ စေရန် နည်းလမ်းများ၊ အခန်း(၆)
အေအာဗီဆေးကို စနစ်တကျ မှန်မှန် သောက်သုံးရန် နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း၊
အခန်း(၇) အပြုအမူ ပြောင်းလဲရေးအတွက် ဆက်သွယ်ခြင်း ဟူ၍ အခန်း ၇ ခန်း
ခွဲခြားဖော်ပြထား ပါတယ်။

 

ထပ်ဆင့်
ခေါင်းစဉ်များလည်း ပိုင်းခြား ရေးသားထားပါတယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့်
ပတ်သက်သော အခြားစာအုပ် များပေါ်ထွက်ခဲ့ရာ ယခုစာအုပ်ကတော့ စက္ကူချော၊
ပုံနှိပ်အရည်အသွေး ကောင်း၊ စီစဉ်တင်ဆက်မှု ပိုကောင်း သည်ဟု ဆိုနိုင်ပါသည်။
စာအုပ်နောက်ပိုင်းတွင် ရည်ညွှန်း ကိုးကားထားသော စာအုပ်များစာရင်းကိုလည်း
ဖော်ပြထားပါတယ်။ စာမူခွင့် ပြုချက်အမှတ် ၄၀၁၀၉၉၁၀၁၀၊ မျက်နှာဖုံးခွင့်ပြုချက် အမှတ်၊
၄၀၁၁၉၅၁၁၁၀ တို့ဖြင့် ထုတ်ဝေသူ-ဦးကျော်ဟင်း၊ ယုံကြည် ချက်စာပေ၊ အမှတ်-၁၁၁၊ ၃၃
လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင်
ထုတ်ဝေသည်။ တန်ဖိုး၂၅၀ဝိ/- ကျပ်။

 

ရိုးရာလေး
- နှစ်သိမ့်
ဆွေးနွေး ပညာပေးခြင်း သိမှတ်ဖွယ်ရာများ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top