8
Jan

ရှာလကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ်

အိန္ဒိယနိုင်ငံရှိ ဆရာဝန်များက ရှာလကာရည်ကို အသုံးပြုထားသော သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေရှိ မရှိ စမ်းသပ်ရန် နည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပုံမှန်အားဖြင့် သားအိမ်ခေါင်း ကင်ဆာကို ဖြစ်ပွားစေနိုင်သည့် ပုံမှန်မဟုတ်သော ဆဲလ်များကို သားအိမ်အတွင်းမှ ခြစ်ယူ၍ စမ်းသပ်ရခြင်းဖြစ်ရာ ထိုစစ်ဆေးစမ်းသပ်မှုမှာ ငွေကုန်ကြေးကျများပြားပြီး အထူးပြုလုပ်ထားသော ကိရိယာများလည်း လိုအပ်သည်။ ထို့ကြောင့် အိန္ဒိယဆရာဝန်များ၏ ယခုတွေ့ရှိသော ရှာလကာရည်အသုံးပြု နည်းလမ်းသစ်မှာ အထောက်အကူပြုလာနိုင်ဖွယ် ရှိသည်။

သားအိမ်ခေါင်း ကင်ဆာသည် အမေရိကန်နိုင်ငံတွင် အခြားသောရောဂါများထက် အမျိုးသမီးများကို ပိုမိုသေဆုံးစေနိုင်သော ရောဂါတစ်ခုဖြစ်သည်။ အမေရိကန်နိုင်ငံ၌ pap smear ဟုခေါ်သော ရောဂါစမ်းသပ်မှုကို ဆယ်စုနှစ် တစ်ခုကြာ သုံးစွဲလာခဲ့ကြခြင်း ဖြစ်သည်။ ထိုစမ်းသပ်မှုဖြင့် စောစီးစွာစစ်ဆေးပြီး ကုသမှုခံယူကြရသည်။ အိန္ဒိယတွင်မူ တစ်နှစ်လျှင် အမျိုးဦးရေ တစ်သောင်းခန့်မှာ သားအိမ်ခေါင်း ကင်ဆာကြောင့် အသက် ဆုံး၇ှုံးနေကြရသည်။

လေ့ကျင့် သင်ကြားပေးထားသူများ၊ ကောင်းမွန်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ လိုအပ်သည့် pap smear စမ်းသပ်မှုမှာ အိန္ဒိယတွင် အများအပြား အသုံးပြုနိုင်လေ့ မရှိသော်လည်း မိမိတို့ အနေဖြင့် မိန်းမသားတို့၏ အသက်ကို မဆုံးရှုံးစေလိုကြောင်း မွမ်ဘိုင်းမြို့ရှိ တာတာ မန်မိုရီရယ်ဆေးရုံမှ ကင်ဆာအထူးကု ဒေါက်တာ ဆူရန်ဒြာ သျှတ္တရီကဆိုသည်။ ၎င်းပြသနာကို ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နှင့် အခြား တက္ကသိုလ်များရှိ သိပ္ပံပညာရှင်များက ဈေးသက်သာ၍ အလွယ်တကူပြုလုပ်နိုင်သော ရိုးရှင်းသည့် စမ်းသပ်နည်းတစ်ခုဖြင့် အဖြေထုတ်ခဲ့ကြသည်။

အက်ဆီတစ်အက်စစ်ခေါ် ရှာလကာရည်ဖြင့် စမ်းသပ်ရသော ထိုနည်းလမ်းတွင် လျှပ်စစ်စွမ်းအား လုံးဝမလိုပေ။ ယင်းစမ်းသပ်မှုတွင် သန့်စင်သော ရှာလကာရည်အား အမျိုးသမီး၏ သားအိမ်ခေါင်းဝသို့ ဂွမ်းစနှင့် သုတ်ပေးပြီး တစ်မိနစ်ခန့် ကြာသောအခါ၌ ရောဂါပိုးရှိလျှင် သားအိမ်ခေါင်းဝမှာ အဝါရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ထိုသို့ ပြောင်းလဲသွားခြင်းသည် ကင်ဆာဖြစ်စေနိုင်သောရောဂါပိုးများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ အမျိုးသမီး လိင်အင်္ဂါကို စမ်းသပ်စစ်ဆေးမှုသည် အခြားသော ဈေးကြီးသည့် စမ်းသပ်မှုများထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့ကြသည်။ အကယ်၍ ယခုစမ်းသပ်မှုမှာ အလုံးစုံအောင်မြင်ပြီး ဆက်လက် ကျင့်သုံးနိုင်မည်ဆိုပါက အိန္ဒိယနိုင်ငံရှိ အမျိုးသမီး ထောင်ပေါင်းများစွာတို့၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သည်။

Source: BBC

Planet - ရှာလကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top