29
Jun

(09-May) ပို့ကြည့်ပါ


 

တွေ့ဆုံမေးမြန်းခြင်း
တစ်ခုကို ပြုလုပ်ရာမှာ မေးမြန်းသူနဲ့ ဖြေဆိုသူ သတင်းရင်းမြစ်တို့ အကြား တည်ဆောက်ရမယ့်
နားလည်မှုကို ဖော်ပြ ခဲ့ပြီးပါပြီ။

အဲဒီနားလည်မှု
ရပြီးရင် တွေ့ဆုံမေးမြန်းမှုကိုလည်း စတင်လို့ ရပါပြီ။ တွေ့ဆုံ မေးမြန်းမှုတွေဟာ ကြိုတင်
အချိန်းအချက်လုပ်ပြီးမှ တွေ့ဆုံရတာမျိုး ရှိသလို ဖြစ်စဉ်တစ်ရပ် ဖြစ်ပေါ်နေချိန်မှာပဲ
တွေ့ဆုံမေးမြန်းမှုကို လုပ်ရတာမျိုးတွေလည်း ရှိပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်စေ
သတင်းသမား အနေနဲ့ တွေ့ဆုံမေးမြန်းမှုကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ဖို့ လိုက်နာသင့်တဲ့
အခြေခံ အချက်ကလေးများ အသိပေးထား လိုပါတယ်။

တွေ့ဆုံမေးမြန်းမယ့်
သတင်းရင်းမြစ်နဲ့ တွေ့ဆုံရချိန်မှာပဲ မိမိကိုယ်မိမိ မိတ်ဆက်ခြင်းနဲ့ တွေ့ဆုံခြင်းကို
စတင်ပါ။ မိမိက ဘယ်သတင်းဌာနကို ကိုယ်စားပြုကြောင်း၊ တွေ့ဆုံမေးမြန်းခွင့် ရတဲ့အတွက်
ကျေးဇူးတင်ကြောင်း ပြောဖြစ်အောင် ပြောစေချင်ပါတယ်။ မေးမြန်းမှု မစတင်မီ ကတည်းက ယဉ်ကျေး
သိမ်မွေ့မှုကို ပြထားရမှာ ဖြစ်ပါတယ်။

မေးမြန်းမှု
စတင်ချိန်မှာ အဓိကကျတဲ့ အကြောင်းအရာကို အရင်မေးပါ။ သိလိုတဲ့ အကြောင်းအရာက ဘယ်အတွက်
ထိုပုဂ္ဂိုလ်ကို မေးမြန်းရကြောင်း ပြောပါ။ ထိုပုဂ္ဂိုလ်ရဲ့ ဖြေကြားချက်မှာ မည်မျှ အရေးပါကြောင်းလည်း
ပြောပြပါ။

အဓိကကျတဲ့
မေးခွန်းကို အရင်မေးသင့်တယ် ဆိုတာက တွေ့ဆုံမေးမြန်းမှု မပြီးခင်မှာဘဲ အခြေအနေက တစ်မျိုး
ပြောင်းသွားနိုင် တတ်ပါတယ်။ ဖြေဆိုသူက ဖြေရင်း ဖြေရင်း ဆက်မဖြေ လိုတော့တာ၊ ဒါမှမဟုတ်
အခြားအရေးပေါ် အကြောင်းတစ်ခုခု သို့မဟုတ် အစည်းအဝေး ဝင်ရန်အချိန် ကျရောက်ပြီဖြစ်လို့
စသဖြင့် တွေ့ဆုံမေးမြန်းမှုကို အဆုံးသတ် သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အဓိကကျတဲ့ မေးခွန်းကို
အရင်မေးနိုင်ဖို့ ကြိုးစားပါ။

ကြိုတင်ညှိနှိုင်းချိန်း
ဆိုမထားတဲ့ တွေ့ဆုံ မေးမြန်းမှုတွေမှာ ဘယ်မေးခွန်း မေးရမလဲဆိုတာ ချက်ချင်း ဆုံးဖြတ်နိုင်ဖို့
လိုပါတယ်။ ဥပမာ မီးလောင်ပြင်မှာ၊ ယာဉ်တိုက်မှု တစ်ခုမှာ၊ တေးသံရှင်တစ်ဦးနဲ့ အမှတ်မထင်
ဆုံခွင့်ရလိုက်ချိန်မှာ စသဖြင့် မေးခွန်းတွေ ချက်ချင်း မေးတတ်ဖို့ လိုပါတယ်။ မေးလိုက်တဲ့
မေးခွန်းက ဖြေဆိုသူ ဖြေဆိုနိုင်မယ့် မေးခွန်းမျိုး ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုပါတယ်။
မေးခွန်းတွေဟာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတဲ့ အဖြေမျိုးက မလုံလောက်ပါ။

ကျိုးကြောင်းပြ
ဖြေဆိုနိုင်တဲ့ မေးခွန်းမျိုး ဖြစ်ပါစေ။ ဖြေဆိုသူရဲ့ အဖြေထဲက ကိုယ်မသိ နားမလည်တာရှိရင်
မှတ်စုမှာ တို့ထားပါ။ ကြားဖြတ် မမေးပါနဲ့။ ဖြေဆိုသူ ဖြေပြီးတဲ့အခါ သို့မဟုတ် မေးမြန်းခြင်း
ပြီးဆုံးတဲ့အခါမှာ ရှင်းအောင်ပြန်မေးပါ။ မေးမြန်းမှု ပြုလုပ်နေစဉ်မှာ ဖြေဆိုသူကို တည့်တည့်
ကြည့်ပြီးမေးပါ။

အလွန်ရိုကျိုးဟန်
ပြစရာ မလိုပါ။ ယဉ်ကျေးစွာ မေးမြန်းတတ်ဖို့သာ လိုပါတယ်။ မှတ်စု လိုက်နေစဉ်မှာပင် ဖြေသူရဲ့
မျက်လုံးကို စူးစူးရဲရဲ စိုက်ကြည့် နေနိုင်အောင် ကြိုးစားပါ။ ဖြေဆိုသူက သိပ်စိတ် လှုပ်ရှားနေရင်
သူ့မျက်လုံးတွေ ဂနာမငြိမ် ဖြစ်နေတတ် ပါတယ်။

အချို့
ဖြေဆိုသူတွေက အသံဖမ်း ကက်ဆက်နဲ့ အသံဖမ်းယူရင် စိတ်လှုပ်ရှား သွားတတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ
ကက်ဆက်ကို ကြည့်လိုက်၊ နှုတ်ခမ်းကို လက်နဲ့ပွတ်လိုက်၊ တိုက်ပုံအင်္ကျီထဲ လက်နှိုက်လိုနှိုက်၊
ပိုက်ဆံအိတ် ဖွင့်လိုက် ပိတ်လိုက် လုပ်လိုလုပ်နဲ့ စိတ်လှုပ်ရှား နေတတ် ကြပါတယ်။ အဲဒီလို
အခြေအနေမျိုး ဆိုရင် ကက်ဆက်ကို ပိတ်ပြီး အိတ်ထဲ ထည့်သိမ်းလိုက်ပါ။

သတင်း
ရင်းမြစ်က ကက်ဆက်နဲ့ စကား မပြောချင်တာ သေချာပါတယ်။ မှတ်စုကို အားပြုပါ။ ဖြစ်နိုင်ရင်
မိမိဦးနှောက်ကို အသုံးပြုပါ။ အချို့က စာအုပ် တစ်အုပ်ထဲမှာ မှတ်စု ထုတ်ရေးတာကို မကြိုက်
ကြပြန်ပါဘူး။ မှတ်စု ရေးနေပြီ ဆိုကတည်းက စိုးရိမ်ပူပန်မှု ရှိတတ်ကြပါတယ်။ ဒါကြောင့်
အကောင်းဆုံးက ကိုယ့်မှတ်ဥာဏ်ကို အသုံးပြုပါ။ ဒါပေမယ့် ဒီလိုပုံစံ တွေ့ဆုံမေးမြန်းမှုက
အသံ ဖမ်းထားတဲ့ တွေ့ဆုံ မေးမြန်းမှုတစ်ခုလို ဖော်ပြလို့ မလုံလောက်ပါဘူး။ သတင်း ဆောင်းပါးများမှာသာ
ခိုင်လုံအောင် သက်သေပြတဲ့ အထောက် အထားအဖြစ် "တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး"
"မျက်မြင် သက်သေတစ်ဦး" အစရှိသဖြင့် သက်သေထူရာမှာ သက်သေတွေရဲ့ စကားအဖြစ် သုံးနိုင်ပါတယ်။
ပြောကြားတဲ့ အချက်အလက် ကိန်းဂဏန်း ခိုင်မာ တိကျအောင် ပြန်ရေးနိုင်ဖို့ အထူး အရေးကြီးပါတယ်။

 

မှတ်စု

မှတ်တမ်းဖြင့်ဖြစ်စေ၊
ကက်ဆက်ဖြင့်ဖြစ်စေ မှတ်တမ်း ပြုစုပြီးပါက ပြန်ပြီး စိစစ်ဖို့ လိုပါတယ်။ ကိုယ်သိချင်တဲ့
မေးခွန်း အဖြေ အားလုံးပါရဲ့လား၊ လုံလောက်ရဲ့လား၊ မှတ်တမ်းထဲမှာ ရေးသားထားတဲ့ ကိုယ့်လက်ရေးထဲက
ဖတ်မရတာ ပြန်မေးဖို့ လိုမလား၊ ကက်ဆက်ထဲမှာ အသံရော ဝင်ရဲ့လား၊ အသံဖမ်းနေရင်း ကက်ဆက်ခွေ
ကုန်သွားသလား၊ ဘက်ထရီ ကုန်သွားသလား၊ ဖြေသမျှ အကုန်ရရဲ့လား ပြန်စစ်ပါ။

ဖြေဆိုသူက
နောက်တစ်ကြိမ် ဒီအခွင့်အရေး ပေးချင်မှ ပေးလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အခွင့်အရေး
ရချင်မှရလိမ့်မယ်။ တစ်ခါတည်းနဲ့ ပြီးစီးအောင် ကြိုးစားပါ။

ကြိုတင်ချိန်းဆိုထားတဲ့
တွေ့ဆုံမှုမျိုးဆိုရင် တတ်နိုင်သမျှ ပြင်ဆင်ပါ။ တွေ့ဆုံမေးမြန်းမယ့် သူနဲ့ ပတ်သက်တဲ့
အချက်အလက်၊ နောက်ခံသမိုင်းကြောင်း၊ လုပ်ဆောင်မှု အစရှိသဖြင့် လက်လမ်းမီ
သလောက် ရှာဖွေစုဆောင်း ပြင်ဆင်ထား စေချင်ပါတယ်။

ဘယ်လို
အခြေအနေမျိုးမှာပဲ ဖြစ်စေ တွေ့ဆုံမေးမြန်းခြင်း တစ်ခု လုပ်တော့မယ်ဆိုရင် ဖြေဆိုမယ့်
သူအတွက် အခွင့်အရေး ပေးပါ။ မှတ်တမ်းတင် ဖော်ပြစေလိုခြင်း မရှိတဲ့ အကြောင်းအရာများ ပါရှိနေပါက
မှတ်တမ်းလွတ် ပြောဆိုခြင်း ဖြစ်ကြောင်း မိမိကို အသိပေးပါရန် မေတ္တာ ရပ်ခံထားပါ။ မှတ်တမ်း
လွတ်ဖြစ်ရပ်များကို ဘယ်သော အခါမျှ ထည့်သွင်း ပုံနှိပ်ဖော်ပြခြင်း မပြုရန် အတိ အကျလိုက်နာပါ။

ဒါတွေက
တွေ့ဆုံမေးမြန်း မှတ်စုပြုမယ့် သတင်းသမား အနေနဲ့ လိုက်နာဖို့ လိုအပ်တဲ့ အခြေခံ အချက်များ
ဖြစ်ပါတယ်။

ဖူးငုံတို့ မေးကြည့်ပါ။

ရေးကြည့်ပါ။

ပို့ကြည့်ပါ။

အားလုံးကိုကြိုဆိုပါတယ်။

အယ်ဒီတာ



Monday, 04 May 2009 13:26



ရွှေအမြုတေ
- (09-May) ပို့ကြည့်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top