9
Oct

3DFund အဖွဲ့မှ 3MDG Fund အဖွဲ့ အဖြစ်သို့ ပြောင်းလဲ

HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်ကာ လိုအပ်ချက်များအား ကူညီပံ့ပိုးနေသော 3D Fund အဖွဲ့အား ရောဂါသုံးမျိုး တိုက်ဖျက်ရေး လုပ်ငန်းများအပြင် မိခင်နှင့် ကလေးသေဆုံးမှု လျှော့ချနိုင်ရန်အတွက် 3MDG Fund အဖွဲ့သို့ ပြောင်းလဲဖွဲ့ စည်းလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ 3 MDG အဖွဲ့ ဥက္ကဋ္ဌ Ms. Veronique Lorenzo က ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့သော ရောဂါသုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့ (3DF) ၏ လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက် တွင် ပါဝင်သော 3MDG  အဖွဲ့၏ မိတ်ဆက်ပွဲ အခမ်းအနား၌ ၄င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 3D Fund  အဖွဲ့သည် မြန်မာနိုင်ငံ၌ ရောဂါသုံးမျိုး တိုက်ဖျက် ရေးစီမံကိန်းကို Global Fund ရန်ပုံငွေ အဖွဲ့ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နောက် ၂ဝဝ၇ ခုနှစ်မှ ယနေ့တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းကာလအတွင်း မိတ်ဖက် အဖွဲ့အစည်း ၃၅ ဖွဲ့မှ ပံ့ပိုးပေးခဲ့သည့် အမေရိကန်ဒေါ်လာ ၁၁၅ သန်းဖြင့် ရောဂါသုံးမျိုး စီမံချက် ၆ဝ ကျော်အား ဆောင်ရွက်နိုင်ခဲ့ကြောင်း ၄င်းက ပြောသည်။ ထိုစီမံချက်များကြောင့် HIV ပိုးရှိသူ ၁၉ဝဝဝ အား ART ဆေးဝါးများ ထောက်ပံ့ပေးနိုင်ခဲ့ပြီး မူးယစ်ဆေး အကြောထဲ ထိုးသွင်း သုံးစွဲသူများအတွက် အန္တရာယ် လျှော့ချခြင်းလုပ်ငန်းများကို ချဲ့ထွင် ဆောင်ရွက်နိုင်သည့် အပြင် မြန်မာနိုင်ငံ တစ်ဝန်းရှိ တီဘီရောဂါသည်များ အတွက် ဆေးဝါးကုသမှု အခမဲ့ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် အာတီမီစီနင်းခေါ် ငှက်ဖျားဆေး ယဉ်ပါးမှု ထိန်းချုပ်ရေး စီမံချက်ကိုလည်း မြို့နယ် ၂၁ မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာမှုနှင့် အတူ Global Fund  အဖွဲ့မှ ၄င်းတို့၏ အကူအညီများအား ၂ဝ၁၁ ခုနှစ် မှစတင်၍ ပြန်လည်ပေးအပ်နေပြီ ဖြစ်သည့်အတွက် 3D Fund  အဖွဲ့၏ မြန်မာနိုင်ငံအပေါ် ကူညီနေမှုများအား ပြန်လည်သုံးသပ်ကာ ရောဂါ သုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေ အဖွဲ့အစား ထောင်စုနှစ်ရည်မှန်းချက် သုံးမျိုးရန်ပုံငွေအဖွဲ့ (3MDG Fund) အဖြစ် ပြောင်းလဲ၍ ရောဂါသုံးမျိုး တိုက်ဖျက်ရေးလုပ်ငန်းများအပြင် မိခင်နှင့် ကလေးကျန်းမာရေး လိုအပ်ချက်များကို အဓိက ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

”3MDG Fund  အဖြစ် ပြောင်းလဲလိုက်ပေမယ့်လို့ ရောဂါသုံးမျိုး အတွက် Global Fund က ပံ့ပိုးပေးနိုင်ခြင်း မရှိတဲ့နေရာတွေမှာ ရောဂါ သုံးမျိုး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ့် အပြင် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်ဖြစ်တဲ့ မိခင်နှင့်ကလေး သေဆုံးမှုလျော့ကျစေဖို့ မိခင်နှင့် ကလေးကျန်းမာရေးကို အဓိက ထားပြီးပံ့ပိုးသွားမယ်။ အဲဒီအတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့ သွားမှာဖြစ်ပြီး စီမံ ကိန်းကာလက ၂ဝ၁၃ ခုနှစ် ကနေ ၂ဝ၁၈ ခုနှစ်အထိ ငါးနှစ်ဖြစ်ပါတယ်” ဟု Ms. Veronique Lorenzo က ပြောသည်။

3DFund အဖွဲ့မှ ပြောင်းလဲ ဖွဲ့စည်းလိုက်သော 3MDG Fund အဖွဲ့ အနေဖြင့် မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မျိုးဆက်ပွား ကျန်းမာရေးနှင့် ကလေးကျန်းမာရေးဆိုင်ရာ အမျိုးသားဗျူဟာများနှင့် ကိုက်ညီမှုရှိစေရန် HIV၊ TV နှင့် ငှက်ဖျားရောဂါများအတွက် Global Fund အဖွဲ့မှ ပံ့ပိုးပေးနိုင်ခြင်း မရှိသည့် ကဏ္ဍများတွင် ဦးစား ပေးဆောင် ရွက်ရမည့်ကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက် သွားရန်နှင့် ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိသော ထိရောက်သည့် အမျိုးသားကျန်းမာရေး စနစ်ကို အခိုင်အမာ ဖြစ်တည်လာအောင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

သူရထွန်း

Popular - 3DFund အဖွဲ့မှ 3MDG Fund အဖွဲ့ အဖြစ်သို့ ပြောင်းလဲ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top