25
Dec

ADB ၏ ကန်ဒေါ်လာ ၁၀ သန်းတန် HIV/AIDS စီမံချက် ကျေးရွာ ၇၀၀ ကျော်တွင် စတင်မည်

မြန်မာနိုင်ငံ အစိုးရနှင့် HIV/AIDS ကုသရေး၊ ကာကွယ်ရေး စီမံချက်များ ဆောင်ရွက်နေသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ကြားပေါင်းကူးပေးရန် ပြည်နယ်သုံးခုကို ကျေးရွာပေါင်း ၇၃၉ ခုတွင် အမေရိကန် ဒေါ်လာ ဆယ်သန်း သုံးစွဲကူညီပေးမည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စီမံကိန်းပြည်နယ် တို့တွင် မွန်၊ ကရင် နှင့် ရှမ်းပြည်နယ်တို့ ပါဝင်ပြီး ကုန်ကျစရိတ် အားလုံးအတွက် ဂျပန်အစိုးရ၏ ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေက ADB ကို တစ်ဆင့် ပံ့ပိုးခဲ့ကြောင်း၊ လိင်က တစ်ဆင့် ကူးစက်ရောဂါ များနှင့် ကျန်းမာရေးဝန်ဆောင်မှု အတွက်သုံးမည့် အမေရိကန်ဒေါ်လာ ၁၀ သန်းကို လာမည့် ၂၀၁၇ ခုနှစ်အထိ သုံးစွဲခွင့် ပြုထားကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် လေ့ကျင့် ပြီးထားသော ကျန်းမာရေးဝန်ဆောင်မှု အဆင်သင့်ပေးသူ ၃၀ ရာခိုင်နှုန်း တိုးတက်ရန်၊ ဆေးကုသမှု ခံယူနိုင်သော လူနာဦးရေ ၈၀ ရာခိုင်နှုန်း မြင့်တက်ရန်၊ HIV ပိုးနှင့် အခြား လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ၊ တီဘီနှင့် ငှက်ဖျား ရောဂါကူးစက်မှု လျှော့ချရန် တို့အတွက် သုံးစွဲသွားရန် ရှိကြောင်း ADB ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"NOG တွေက ကုသရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ အကောင်းဆုံး လုပ်ကြပါတယ်။ ဒါပေမဲ့ အခုချိန်ဟာ ပြည်သူတွေအတွက် နောက်ထပ် ကာကွယ်ရေး လုပ်ဆောင်မှုတွေကို အင်နဲ့အားနဲ့ တိုးချဲ့ဖို့ လိုတယ်" ဟု ADB ၏ အရှေ့တောင် အာရှဌာန ကျန်းမာရေး အထူးအရာရှိ Dr. GerardServais က ပြောကြားသည်။

ADB သည် အာရှနှင့် ပစိဖိတ်ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာမှု များနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်နေသော ဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ADB က တွဲဖက် ငွေကြေးပံ့ပိုးမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ ဘီလီယံ ထောက်ပံ့ခဲ့ကြောင်း အဆိုပါဘဏ် ထုတ်ပြန်ချက် အရ သိရသည်။

ADB ကို အဖွဲ့ဝင်နိုင်ငံ ၄၈ နိုင်ငံနှင့် ဖွဲ့စည်းထားပြီး ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ၁၉၆၆ ခုနှစ်ကတည်းက အခြေစိုက် တည်ထောင်ထားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

The Voice Weekly - ADB ၏ ကန်ဒေါ်လာ ၁၀ သန်းတန် HIV/AIDS စီမံချက် ကျေးရွာ ၇၀၀ ကျော်တွင် စတင်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top