Thanks to Ye Mon's blog at http://yemon.blogspot.com/2006/12/male-circumcision-and-hiv_13.html for this first posting on [him] in the Burmese language.
********************************
Male Circumcision and HIV
တစ်ချို့ တစ်ချို့သော အင်္ဂါတွေဟာ အပိုဆောင်းပြီး ဒုက္ခပေးဖို့ ပါလာလေရဲ့။
(ဥပမာ၊ အူအတက်) ဒါပေမယ့် အခုပြောမှာ အူအတက် အကြောင်းမဟုတ်ပါ။ တစ်လက်မ
သာသာလောက် သာရှိ တဲ့ အရေပြားလေး အကြောင်းပါ။ အရွယ်ကသာ တစ်လက်မ၊
သယ်ဆောင်ထားတာ က အနန္တ၊ လို့ပြောရမလောက် သူခိုးဓါးရိုးကမ်း တဲ့ ဆဲလ်တွေ
အများအပြားရှိနေလေရဲ့။ ဒီဆဲလ်တွေက အိပ်ခ်ျအိုင်ဗွီပိုးတွေ
သည်းချေကြိုက်ပေါ့။ မှန်ပါတယ်၊ အိပ်ခ်ျအိုင်ဗွီပိုးတွေဟာ
ဒီဆဲလ်တွေကနေတဆင့် လူကိုယ်ထဲကို ၀င်လာ ကြပါတယ်။ ညစ်ညစ်ပတ်ပတ်နေ တတ်သူတွေ
ရဲ့ အရေပြားကတော့ အိပ်ခ်ျအိုင်ဗွီပိုးတွေ အတွက် အိုအေစစ်လေးပါပဲ။
လိင်အင်္ဂါကထွက်တဲ့ အရည်မှာ ပါလာတဲ့ သူတို့တတွေ အဲဒီအရေပြား ကြားမှာကြာကြာ
အသက်ရှင်နေနိုင်တာကိုး။
ကဲဒီလောက်ဆို ဘယ်နားက အရေပြားလည်း
မှန်းလို့ရလောက်ပါပြီနော်။ ဟုတ်ပါတယ် အမျိုးသား လိင်တံမှာ ရှိတဲ့
အရေပြားပိုကို ပြောနေတာပါ။ အစ်စလာမ်ဘာသာဝင်တွေ နဲ့ ဂျူးဘာသာဝင်တွေ ကတော့
ငယ်ငယ်လေးကတည်း က အဲဒီအရေပြားကို ဖြတ်ထားလို့ တစ်တော ရှင်းလေတာပေါ့။
ကျန်တဲ့သူတွေ အတွက်ကျတော့ ဘယ်လိုလုပ်ကြမလဲ။
အရင့်အရင်
သုတေသနပြုချက်တွေက အဲဒီအရေပြားကို ဖြတ်ထားတဲ့သူတွေဟာ အရေပြားကို
မဖြတ်ထားတဲ့ သူတွေနဲ့စာရင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း
နိမ့်တယ်လို့တွေ့ရှိခဲ့ ကြပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေက တစ်ခြားနိုင်ငံမှာ
ဖြစ်ချင်မှဖြစ်မှာ၊ ဘာသာရေး နဲ့လူမှုရေး အယူအဆတွေ ကွာခြားလို့
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နှုန်းကွာခြားတာ ဖြစ် နိုင်တယ် စသည်ဖြင့်
ပြောကြလေတော့ သုတေသန ပညာရှင်တွေ ထပ်ကြိုးစားရပြန်တယ်။ ဒီတစ်ခါမှာတော့
နိုင်ငံ နှစ်နိုင်ငံမှာ သုတေသန အဖွဲ့ နှစ်ဖွဲ့က အကောင်းဆုံး
နည်းလမ်းတွေနဲ့ စမ်းသပ်ကြလေရဲ့။
အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေ
ကို အုပ်စု နှစ်စုခွဲပြီး တစ်စုကို အရေပြားဖြတ်၊ ကျန်တစ်စု ကို
ဒီအတိုင်းထားပြီး စောင့်ကြည့်ပါတယ်။ အားလုံးကိုတော့ အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ပုံ ကူးစက်နည်းတွေ နဲ့ ကာကွယ်နည်း တွေကို ပညာပေးပါတယ်။ ဒီလိုနဲ့
အချိန်တန်လာလို့ ကွန်ပျူတာခေါက်ပြီး ကိန်းဂဏန်းတွေကို တွက်ကြည့်လိုက်တော့၊
အရေပြားဖြတ်ထားတဲ့ အုပ်စုမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း
တစ်ဝက်လောက် နည်းနေတာ တွေ့ရပါတော့တယ်။ ဒါနဲ့ပဲ သုတေသနပြုချက်တွေကို
ရပ်လို့ အရေပြား မဖြတ်ရသေးတဲ့ အုပ်စုက ပုဂိုလ်တွေကို အရေပြား
ဖြတ်ပေးရပါတော့တယ်။ စာရှုသူ အမျိုးကောင်းသားတို့လည်း မဖြတ်ရသေးရင်
စဉ်းစားစရာအချက်လေးပေါ့။
အမျိုးသားလိင်အင်္ဂါ အရေပြားဖြတ်မယ်ဆိုရင်
ကောင်းကွက်တွေနဲ့ အတူ သတိထားစရာလေးတွေလည်း တစ်ပါတည်း ပါလာတတ်ပါတယ်။ ပထမ
အချက်အနေနဲ့ အရေပြားဖြတ်ထားတာနဲ့ လွတ်ပြီ ကျွတ်ပြီ ဆိုပြီး
သွားကဲနေလို့မရပါ။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း လျော့နည်းစေပေမယ့်
ရာနှုန်းပြည့် ကာကွယ်နိုင်တာမဟုတ်လို့ပါ။ ဒုတိယအချက် အနေနဲ့ ကျွမ်းကျင်သူ
ဆရာဝန်က အရေပြား ဖြတ်ပေးတာ ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင် အနာ မကျက်၊
ပိုးဝင်နဲ့ အချေအနေပိုဆိုး သွားနိုင်ပါတယ်။ တတိယ သတိထားရမှာ က အမျိုးသား
အမျိုးသမီး သမားရိုးကျ လိင်ဆက်ဆံ တဲ့နေရာမှာ အထိုက်လျောက် ကာကွယ်နိုင်တယ်
လို့သာဆိုပါတယ်။ အမျိုးသား အမျိုးသားချင်း စအိုမှတဆင့် လိင်ဆက်ဆံရာမှာတော့
ကာကွယ်မယ်လို့သေချာပေါက် ပြောလို့မရပါ။ စတုတ္ထ အချက်ကတော့ အမျိုးသမီး
များအတွက်ပါ။ လိင်အင်္ဂါ အရေပြားဖြတ်တာဟာ အမျိုးသမီးကနေ အမျိုးသားကို
အိပ်ခ်ျအိုင်ဗွီပိုး မကူးစက်အောင် အထိုက်အလျောက် ကာကွယ်ပေးတာ သာဖြစ်ပြီး
အမျိုးသားဆီကနေ အမျိုးသမီးကို မကူးစက်အောင်ကာကွယ်တာ မဟုတ်ပါ။ နောက်ပြီး
လိင်အင်္ဂါ အရေပြား ဖြတ်ထားတယ်ဆို တိုင်း အဲဒီအမျိုးသား ဟာ
စိတ်ချရတယ်လို့မပြောနိုင်ပါ။ အရေပြား မဖြတ်ခင် ကတည်းက သူ့မှာ
အိပ်ခ်ျအိုင်ဗွီပိုး ရှိနေနိုင်ပါတယ်။
ဆိုတော့ကာ ဥာဏ်နှင့်ယှဉ်၍ စဉ်းစားကြပါကုန်။
စာကိုး။
Johns
Hopkins Bloomberg School of Public Health, Studies Show Adult Male
Circumcision Reduces Transmission of HIV, retrieved on December 13,
2006 from http://www.jhsph.edu/publichealthnews/articles/2006/gray_circumcision.html
NIAID, Adult Male Circumcision Significantly Reduces Risk of Acquiring HIV, retrieved on December 13, 2006 from http://www3.niaid.nih.gov/news/newsreleases/2006/AMC12_06.htm
NIAID,
Questions and Answers on NIAID-sponsored Adult Male Circumcision Trials
in Kenya and Uganda, retrieved on December 13, 2006 from http://www3.niaid.nih.gov/news/QA/AMC12_QA.htm
WHO, Statement on Kenyan and Ugandan trials finding regarding male circumcision and HIV, retrieved on December 13, 2006 from http://www.who.int/mediacentre/news/statements/2006/s18/en/index.html




