29
Oct

AIDS ကာကွယ်ဆေးသစ် တစ်မျိုးစမ်းသပ်အောင်မြင်

စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။

ရေယုန်ရောဂါ အပါအ၀င် ရောဂါအချို့ ဖြစ်ပွားစေသော Herpes ဗိုင်းရပ်စ်မျိုးနွယ်စုဝင် Cytomegalovirus ခေါ် CMV ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇ ပါဝင်သော အဆိုပါ ဆေးဝါးသည် မျောက်များ၏ ကိုယ်ထဲသို့ HIV ဗိုင်းရပ်စ် ပထမဆုံး အကြိမ် ကူးစက်ဝင်ရောက် လာပါက လျင်မြန်စွာ တိုက်ထုတ် ချေမှုန်းနိုင်ရေး ပြင်ဆင်ထားရန် ခုခံအားစနစ်အား အချက်ပေးနိုင်စွမ်း ရှိကြောင်း တွေ့ရသည်။ အဆိုပါ ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ် အသုံးပြုနိုင်ရန် သုံးနှစ်အတွင်း အဆင်သင့်ဖြစ်မည်ဟု သူထင်ကြောင်း ဤလေ့လာမှုကို ဦးဆောင်ခဲ့သူ အိုရေဂွန်ပြည်နယ် အမျိုးသား ဥာဏ်ရည်မြင့် နို့တိုက်သတ္တ၀ါများ သုတေသနစင်တာ (Oregon National Primate Research Centre)မှ ဒေါက်တာ လူးဝစ်ပစ်ကာက ပြောကြားသည်။

CMV ဗိုင်းရပ်စ်သည် HIV ပိုးနှင့် ပတ်သက်၍ ဆက်တိုက် တစ်သမတ် နိုးကြားနေမှုကို ကိုယ်တွင်း၌ ဖြစ်ပေါ် နေစေကြောင်း၊ လူသားများတွင် ကူးစက်နိုင်သော HIV ပိုးနှင့် တစ်မျိုးစိတ်တည်း ဖြစ်သည့် မျောက်များတွင် ကူးစက်သော ခုခံအားကျဆင်းမှု ဗိုင်းရပ်စ် (Simian Immunodeficiency Virus, SIV) နှင့် စမ်းသပ်ရာတွင် အထူးကျေနပ်ဖွယ်ရာ ရလဒ်ကို ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ကမ္ဘာတစ်ဝန်း၌ လက်ရှိ အသုံးပြုနေဆဲ သာမန် HIV ပိုးသတ်ကုထုံးများ (Conventional Antiretroviral Therapies) သည် HIV ပိုး ပျံ့ပွားခြင်းကို ထိန်းချုပ်နိုင်ရုံသာ တတ်နိုင်ပြီး သွေးဖြူဥဆဲလ်များ အတွင်း၌ တွယ်ကပ်ပုန်းအောင်းနေသော ပိုးများကို အပြီးသတ် ရှင်းထုတ်သုတ်သင်နိုင်စွမ်း မရှိသေးပေ။

သို့သော် အဆိုပါ စမ်းသပ်ဆဲ ဆေးဝါးဖြင့် ကုသအပြီး၌ အစမ်းသပ်ခံ မျောက်များ၏ တစ်ဝက်ကျော်သည် အနည်းဆုံး ပိုးပမာဏအထိ အာရုံအခံနိုင်ဆုံး စမ်းသပ်မှုများ ဖြင့်ပင် SIV ဗိုင်းရပ်စ် ကိုယ်ထဲ၌ လုံးဝ မတွေ့ရတော့ကြောင်း သိရသည်။ ထို့အပြင် ထိုမျောက်များ၏ အများစုသည် အဆိုပါ ခုခံအားကျ ရောဂါပိုးကို တစ်နှစ်ကျော် အထိ ခံနိုင်ရည် ရှိပြီး တဖြည်းဖြည်းနှင့် ၄င်းတို့သည် ဗိုင်းရပ်စ်ကုစက်ခံရမှု ခံရဖူးသော လက္ခဏာများပင် ပျောက်ကွယ်သွားသည်ကို တွေ့ရသလို လုံးဝ ကာကွယ်ဆေး ထိုးမထားသော မျောက်များ သည် ကိုယ်ခံအားစနစ် ပျက်ယွင်းကာ AIDS ရောဂါ ဆက်လက် ခံစားရကြောင်း တွေ့ရသဖြင့် ဆေး၏ အာနိသင်ကို လက်တွေ့ အတည်ပြုနိုင်ပြီ ဖြစ်ကြောင်း၊ ဤအစွမ်းသည် လူသားခန္ဓာအတွင်းမှ HIV ပိုးကို ဖယ်ရှားပစ်နိုင်ရန် လုံလောက်သော အတိုင်းအတာ ဖြစ်သောကြောင့် ကာကွယ်ဆေး အဖြစ်သာ မက ကုသဆေးအဖြစ်ပါ သုံးနိုင်မည်ဟု သုတေသန စာတမ်း၌ ဖော်ပြပါရှိသည်။

“ဒီဆေးရဲ့ တိုးတက်မှု နောက်ခြေတစ်လှမ်း ကတော့ လူသားတွေမှာ ဆေးသုတေသန စမ်းသပ်ချက် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူမှာ စမ်းမယ် ဆိုရင် CMV ဗိုင်းရပ်စ်ဟာ ရောဂါပေးနိုင်လောက်တဲ့ အထိ အစွမ်းမရှိတာမျိုးပဲ သုံးမှာပါ။ ဒါပေမဲ့ ဆေးရဲ့ HIV ပိုးကို ကာကွယ်တိုက်ခိုက်နိုင်စွမ်း ကတော့ ကျသွားမှာ မဟုတ်ပါဘူး။ ရောဂါပေးနိုင်စွမ်း အရမ်းနိမ့်တဲ့ CMV ပိုးရဲ့ မျိုးရိုးဗီဇ ဒီဇိုင်းကို ပထမဆုံး လုပ်ငန်းစဉ် အနေနဲ့ ကျွန်တော်တို့ ဖန်တီးနေကြပါပြီ” ဟု ဒေါက်တာပစ်ကာက ရှင်းပြသည်။

ထို့အတူ ယခု သုတေသနကို ရံပုံငွေ ထောက်ပံ့ပေးခဲ့သူ နိုင်ငံတကာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ဆေး ဦးဆောင်ရှာဖွေရေး အဖွဲ့ (IAVI) ၏ သိပ္ပံအရာရှိချုပ် ဒေါက်တာဝိန်းကောဖ့် ကလည်း “တိရိစ္ဆာန်တွေမှာ ရှိတဲ့ HIV ပိုးကို တိုက်နိုင်တဲ့ ဒီဆေးသာ လူသားတွေကိုယ်မှာ တူညီတဲ့ အာနိသင် ပထမဆုံး အဖြစ် ပြနိုင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်ဟာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လူသားရဲ့ ကိုယ်ခံအားစနစ်ဟာ HIV ပိုးကို ပြီးသွားတဲ့ အနေအထားမျိုး ရောက်လာဖို့ ဖြစ်နိုင်ချေတွေ အများကြီး တွေ့နေရပါပြီ။ ဒီစမ်းသပ်ချက်တွေကနေ AIDS ရောဂါ ကာကွယ်ကုသဆေးကို ဘယ်လို ဖော်စပ်ရမလဲ ဆိုတဲ့ အချက်တွေ သိရတော့မှာ ဖြစ်ပါတယ်” ဟု Daily Mail သတင်းဌာနသို့ ပြောပြခဲ့သည်။

လက်ရှိ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၉၀၀ ခန့်တွင် ၃၃.၃ သန်းသည် HIV ပိုးကူးစက်ခြင်းကြောင့် ဖြစ်ရသော AIDS ခေါ် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရကြောင်း နှင့် ကမ္ဘာတစ်ဝန်း လူပေါင်း ၂၅ သန်း သေဆုံးစေခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရသည်။ အကာအကွယ်မဲ့ လိင် ဆက်ဆံခြင်းမှ အများဆုံး ကူးစက်ပြီး အပ်ဝေမျှ သုံးသော မူးယစ်ဆေးစွဲသူများ၊ ရောဂါရှိသူ မိခင်၏ ရင်သွေးများ၊ သွေးနှင့် ခန္ဓာကိုယ် အရည်များမှ တစ်ဆင့် ကူးစက်နိုင်စွမ်းများ စသဖြင့် ရှိနေပြီး ကာကွယ်ရန် နည်းလမ်းများ ထိရောက်မှု နည်းနေသောကြောင့် ရောဂါပိုး ရှိသူအရေအတွက် တိုးလာနေသော ယနေ့ ကမ္ဘာကြီးတွင် ကာကွယ်ဆေးသည်သာ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်သည်ဟု ပညာရှင်များက ဝေဖန်သုံးသပ်ကြ သည်။

ကမ္ဘာ့ဆေးကုမ္ပဏီကြီးများနှင့် ဆေးသိပ္ပံပညာရှင်များသည် ဤသုတေသန ရလဒ်မှ HIV ကာကွယ်ဆေး ပေါ်ထွန်းလာရေး အတွက် ပူးပေါင်း ကြိုးစားကြမည်ဟု အင်တာနက် သတင်းများ အရ ကြားသိရသည်။

ဒေါက်တာသီဟသစ် - AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါသုံးနိုင်မည့် ဆေးသစ်တစ်မျိုးစမ်းသပ်အောင်မြင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top