AIDS ဆိုတာဘာလဲ
၁၉၆၉-ခုနှစ်လောက်ကဖြစ်တယ်။ အာဖရိကရှိ ယူဂမ်ဒါပြည်၊ ပြည်နယ်တစ်ခုမှာ ၁၀ နှစ်အရွယ် အာဖရိက လူမျိုးကလေး တစ်ဦးကို သူ့ရွာအနီးမှာ တွေ့လိုက်ရတယ်။ သူ့ကို ကြည့်လိုက်ရုံနဲ့ နာမကျန်း ဖြစ်နေတယ်ဆိုတာ တစ်ခါတည်း ပြောနိုင်တယ်။ ပိန်ခြောက်နေတဲ့ ကိုယ်၊ နဲ့နဲ့ စူထွက်နေတဲ့ ဝမ်းဗိုက်နဲ့ အင်အား ချိနဲ့နေပုံရတယ်။ ကိုယ်ပေါ်မှာလည်း အကြိတ်အဖုကြီးတွေ တွေ့ရတယ်။ လမ်းလျှောက်တော့လည်း ထော့နဲ့၊ ထော့နဲ့ နဲ့။ဘယ်ဘက်ခြေဖမိုးပေါ်မှာတော့ နီညိုညို အဖုတစ်ခုဟာ အနာဖြစ်နေပြီး သွေးယို စီးနေတယ်။ ဒီလိုအဖုမျိုးတွေ ကိုယ်ပေါ်မျာလည်း ရှိနေတာကို ဂရုစိုက်ပြီး ကြည့်လိုက်ရင် တွေ့ရတယ်။
သူ့အမေကပြောတာတော့ ရွာရှိဆေးဆရာကို သူ့သား သွားပြတော့ ဆရာက ပြုစားထားတာ၊ သူမတတ်နိုင်ဘူးဆိုတဲ့ သဘော ပြောတယ်။ ဒီကလေးဟာ တစ်နှစ်ခွဲလောက်တုန်းက ငှက်ဖျားမိပြီး အကြီးအကျယ် ဖျားတယ်။ နောက် ဖြူဖတ်ဖြူရော်ဖြစ်ပြီး မောဟိုက်နေလို့ ဆေးရုံမှာသွားပြတော့ သွေးသွင်းပေးလိုက်တယ်တဲ့။ ဒါတစ်ခုပဲ သူ့ရဲ့ရောဂါ မှတ်တမ်းမှာ ထူးခြားတာ ရှိတယ်။ အဲဒီတုန်းက မသိလိုက်ကြတာကတော့ အဲဒီ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး တစ်မျိုး ပါသွားတယ် ဆိုတာပဲ။
ဒီဗိုင်းရပ်စ်ဟာ ကလေးရဲ့ ရောဂါ တိုက်ဖျက်မှု အဖွဲ့အစည်းကို ဖြိုခွဲပျက်စီးစေခဲ့လို့ ဒီကလေးမှာ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည် မရှိတော့ဘူး။ ကင်ဆာရောဂါကိုလည်း မခုခံနိုင်တော့ဘူး။ ဒါကြောင့် သူ့ကိုယ်ပေါ်မှာ Kaposi Sarcoma( KS=ကာပိုစီ - ဆာကိုးမား) ဆိုတဲ့ အရေပြား ကင်ဆာတစ်မျိုး ဖြစ်လာတာ။ အဲဒီတုန်းကတော့ ကလေးရဲ့ ရောဂါကို အမည် မမှည့်နိုင်ခဲ့ဘူး။ နောက်ကြောင်းပြန်ကောက်ပြီး ကြည့်တော့မှသာ ဒီကလေးရဲ့ ရောဂါဟာ နောင် AIDS လို့ အမည်တွင်လာတဲ့ ရောဂါဖြစ်နေတယ်ဆိုတာ သိရတာ။
အမေရိကမှာ ဖြစ်တယ်။ အသက် ၃၀ ကျော် ၄၀ အတွင်း ကလေး ၃ ယောက် ဖခင်တစ်ဦးဟာ “ဒီနေ့ သွေးသွင်းရမယ်” လို့ နံနက်ပိုင်း သူ့ဇနီးကို ပြောလိုက်တယ်။ သူ့သွင်းမှာတော့ သွေးသက်သက် မဟုတ်ဘူး၊ သွေးခဲဖို့ရာ အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တယ်။ ဒီလိုသွေးပစ္စည်းကို သူမှန်မှန်သွင်းလာခဲ့တာ ကြာပါပြီ။ သူ့မှာရှိတဲ့ ရောဂါကတော့ ဒီကမ္ဘာပေါ်မှာ တော်တော်များများ တွေ့ရတဲ့ “သွေးမတိတ်” ရောဂါ တစ်မျိုး (Hemophilia) ဟီမိုဖီလယား ဖြစ်တယ်။ မျိုးရှိုးလိုက် ရောဂါမို့ သူ့ကို ငယ်ငယ်ကတည်းက စစ်ကြည်လို့ သိခဲ့ကြတယ်။ ဒီလိုသွေးပစ္စည်းကို လိုတဲ့ လူတွေက တော်တော်များများရှိတော့ သွေးပစ္စည်းထုတ်တဲ့ ကုမ္ပဏီတွေက အလှူခံလို့ရတဲ့ သွေးတွေကို စုပြီး၊ သွေးထဲကနေ ဒီပစ္စည်းတွေကို ဓာတ်ခွဲ စစ်ယူပြီး ထုတ်ထားရတာပါ။
ဒီတော့ လူတွေရလိုက်တဲ့ သွေးပစ္စည်းဟာ လူပေါင်းတော်တော် များများဆီက ရထားတဲ့သွေးက ထုတ်ထားတာ ဖြစ်တယ်။ ဒီလူဟာ နောက်တော်တော်ကြာတဲ့ တစ်နေ့မှာ ဖျားတယ်။ ရိုးရိုး တုတ်ကွေးဖျားလို့ ထင်ပြီးနေတာ၊ နောက်တော့ သိပ်မသက်သာလာဘူး။ ဝမ်းလည်း လျှောလာတယ်။ ခဏခဏ ဝမ်းလျှောတာ တွေ့ရတယ်။ တဖြည်းဖြည်းတော့ ပိန်ချုံး အားချိပြီး အလုပ်မလုပ်နိုင်တော့လို့ ခွင့်ရက်ရှည် ယူလိုက်ရတယ်။ဆရာဝန်တွေ ကလည်း ဘာရောဂါရယ်လို့ အတည်တကျ မပြောနိုင်ကြဘူး။
ဒီလိုနဲ့ စမ်းသပ်မှုတွေ လုပ်ရင်း လုပ်ရင်းနဲ့ နောက်ထပ် ပေါ်ပေါက်လာတဲ့ လက္ခဏာတွေကို လက္ခဏာအရ သက်သာရာရအောင် အမျိုးမျိုး ကုကြတယ်။ ဒါပေမယ့် မရပါဘူး။ ဆုံးသွားရှာတယ်။ သူဆုံးခါနီးကျမှ အဖြေပေါ်လာတော့တယ်။ သူ့မှာဖြစ်နေတဲ့ ရောဂါဟာ ရောဂါသစ်ဖြစ်တဲ့ AIDS ပဲတဲ့။ သူရောဂါရလာပုံကတော့ သူ့ကို သွင်းပေးလိုက်တဲ့ သွေးပစ္စည်းထဲမှာ ဗိုင်းရပ်စ်ပိုးပါလာလို့ပဲ။ ဒီသွေးပစ္စည်းဟာ လူအများစုဆီက ရထားတာဆိုတော့ ဘယ်တစ်ဦးဆီက ဗိုင်းရပ်စ်ပိုး ရလိုက်တယ် ဆိုတာတော့ မသိရတော့ဘူး။
ဒေါက်တာမြင့်မြင့်ခင်




