8
Jan

AIDS ဆိုတာဘာလဲ (၁၁)

တကယ့်တကယ်တော့ Dr. Robert Gallo ဟာ AIDS ဗိုင်းရပ်စ် ရှာဖွေတွေ့ရှိရေးကိစ္စမှာ ဗဟိုကြတဲ့ အပိုင်းက ပါခဲ့တဲ့ အဓိက ဇာတ်ကောင်ပါဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ငြင်းလည်း မငြင်းကြပါဘူး။ သူက ဗိုင်းရပ်စ်တွေကို ဓာတ်ခွဲခန်းထဲမှာ များများ စားစား မွေးလို့ရအောင် လုပ်ခဲ့တဲ့ သူပါ။ ဒါဟာလည်း အင်မတန်းမှ အရေးပါ အရာရောက်တဲ့ အောင်မြင်ချက်ပါ။ ဒီလို ဗိုင်းရပ်စ်ကို များများစားစား မွေးလို့ မရရင် ဗိုင်းရပ်စ်သူတေသန လုပ်ရာမှာ အင်မတန်မှ နှောင့်နှေးပြီး လိုရာကို မြန်ဆန်စွာ လွယ်ကူစွာ မရောက်နိုင်ပါဘူး။ နောက် AIDS ဗိုင်းရပ်စ်ပါတဲ့ ဗိုင်းရပ်စ် အုပ်စုဖြစ်တဲ့ reto virus နဲ့ Lenti virus အကြောင်း ဘာသာရပ်မှာ သူသာလျှင် ကမ္ဘာမှာ ဦးဆောင် ပညာရှင် ဖြစ်ပါတယ်။

သူက တီထွင်ဖော်ထုတ်ထားတဲ့ နည်းတွေ မရှိရင် AIDS ဗိုင်းရပ်စ်ကို ဒီလောက် မြန်မြန်ဆန်ဆန် စောစောစီစီးနဲ့ ခပ်လွယ်လွယ် မတွေ့နိုင်ပါဘူး။ အထူးသဖြင့်ကတော့ အရင်က ဗိုင်းရပ်စ် များများကြီး မျိုးပွားမွေးမထားနိုင်လို့ သူတေသန လုပ်ရာမှာ ထစ်နေပြီး ရှေ့ကို တိုးသင့်သလောက် မတိုးနိုင်တာကို ကျော်လွန်အောင် လုပ်နိုင်ခဲ့တက သူရဲ့ လုပ်ဆောင်ချက်ကြောင့်ပါ။ ဒါကြောင့် ဒီ AIDS ဗိုင်းရပ်စ် ဖော်ထုတ်နိုင်ရေး ဆိုတဲ့ အောင်မြင်မှုမှာ Robert Gallo ဟာလည်း ကမ္ဘာသူ ကမ္ဘာသားနဲ့ ဆေးပညာ လောကရဲ့ ကျေးဇူးကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။

ဒီ တွေ့လာတဲ့ AIDS ဗိုင်းရပ်စ်ကိုတော့ "International Commttee on taxonomy of viruses" ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ဗိုင်းရပ်စ် အမျိုးအစားခွဲဝေ အမည်ဖော်ထုတ်ပေးသော ကော်မတီက ၁၉၈၆ ခုနှစ်မှာ (H. I. V - Human Immune Deficiency Virus) လို့ တရားဝင် သတ်မှတ်ပေးလိုက်တယ်။ ရောဂါ တစ်ခုကို တိုက်ဖျက်တဲ့ နေရာမှာ ပထမ အဆင့်ကတော့ ဒီရောဂါဟာ ဘာကြောင့် ဖြစ်တာလဲ ဆိုတာသိဖို့ပဲ။ ရောဂါရဲ့ ဘယ်တာဝန်ခံ ကိုယ်စားလှယ်က ရောဂါကို ပေးတာလဲ၊ တစ်နည်းဆိုရင်တော့ ရောဂါရဲ့ကြောင်းအင်ကို သိရမယ်လို့ ဆိုချင်တာပေါ့။

နောက်တစ်ဆင့်ကတော့ ဒီရောဂါ ဖြစ်စေတဲ့ ပိုးစတဲ့ တာဝန်ခံ ကိုယ်စားလှယ်ဟာ ဘယ်ပုံဘယ်နည်းနဲ့ ခန္ဓာကိုယ်နဲ့ ဖွဲ့စည်းပုံကို ဒုက္ခပေးပြီး ပျက်စီးစေသလဲ ဆိုတာကို လေ့လာရပါတယ်။ ဒါကိုသိမှသာ ရောဂါကို ဘယ်နေရာမှာ ဘယ်လိုတိုက်ဖျက်ရမယ် ဆိုတာကို အစီအစဉ် ဆွဲလို့ရမှာ ဖြစ်ပါတယ်။ ပျောက်အောင် ကုသဖို့ဆေး၊ ကာကွယ်ရန်ဆေး စသည်နဲ့ အခြား သက်ဆိုင်ရာတို့ကို တီထွင် ကြံဆရတာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ရောဂါ တကယ် ဖြစ်နေပြီဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ။

ကျန်းမာသူနဲ့ ရောဂါဖြစ်နေသူကို တိကျစွာ ဘယ်လို ခွဲမလဲ။ ဒါကို လူနာမှာ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေနဲ့လည်း လုပ်လို့ရပါတယ်။ Diagnose လုပ်တယ်၊ ရောဂါအမည်တပ်တယ်၊ သတ်မှတ်ပေးတယ်လို့ ဆိုပါတော့။ ဒီ လက္ခဏာတွေကတော့ လုနာခံစားရတဲ့ လက္ခဏာ (နာခြင်း၊ မောခြင်း၊ ခေါင်းကိုက်ခြင်း စသည့်) “ခံစား လက္ခဏာ” လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မြင်လို့၊ စမ်းလို့ရတဲ့ လက္ခဏာ (ဥပမာ ရောင်ခြင်း)၊ စမ်းသပ်သူက လက်နဲ့ ဖြစ်စေ၊ နားကြပ်နဲ့ ဖြစ်စေ စမ်းလို့ရတာ “စမ်းတွေ့ လက္ခဏာ” တွေလည်း ဖြစ်နိုင်တယ်။

ဒီတွေ့ရှိချက်တွေကို အရင်က အသိနဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ဒါဖြင့် နှလုံးရောဂါ၊ ဒါဖြင့် အဆုတ်ရောဂါ စသည်ဖြင့် ပြောလို့ ရတတ်တယ်။ ဒါထက်ပိုပြီး သေချာချင်ရင်တော့ သိပ္ပံနည်းကျတဲ့ စစ်နည်း၊ စမ်းသပ်နည်း အမျိုးမျိုးကို သုံးလို့ရတယ်။ ဥပမာ ဓာတ်မှန် ရိုက်ခြင်း၊ သွေးစစ်ခြင်းပေါ့။ ဒီတော့ AIDS မှာလည်း ဒီအတိုင်းပဲ၊ တိတိကျကျ ရောဂါ သတ်မှတ်ရေး၊ ရောဂါဖြစ်နေတာကို စောစော သိရှိရေးအတွက် စမ်းသပ်နည်း၊ စစ်နည်းတွေ လိုလာတယ်။

ဒါတွေဟာ ဆေးသိပ္ပံ ပညာရှင်တွေအတွက် နောက်တစ်ဆင့် လုပ်ဆောင်ရမယ့် ကိစ္စပဲ။ ဒီနည်းတွေကိုလည်း AIDS ဗိုင်းရပ်စ်ကို တွေ့ပြီးနောက် သိပ်မကြာခင်မှာပဲ တီထွင်လို့ ရလိုက်ပါတယ်။ လက်ရှိ သုံးလျက်ရှိတဲ့ စစ်နည်းတွေ အခြေခံ လုပ်ထားတဲ့ အချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

AIDS ဗိုင်းရပ်စ်ပိုး ဝင်ပြီး သူတွေရဲ့ ကိုယ် (သွေး) ထဲမှာ ဒီ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အတွက် ထုတ်ထားတဲ့ Antibody “ပဋိပစ္စည်း” ရှိတယ်၊ ဒီ ပဋိပစ္စည်းကို တစ်နည်းနည်းနဲ့ မျက်မြင် သက်သေဖြစ်လာအောင် ဖော်ထုတ်ရန် ဖြစ်တယ်။ တစ်နည်း ဆိုရင်တော့ ဒီပဋိပစ္စည်းဟာ ဗိုင်းရပ်စ်ကို ကိုယ်စားပြုတဲ့ သင်္ကေတပဲ ဖြစ်တယ်။ ယခုသုံးနေတာကတော့ နည်း ၂ မျိုး ရှိတယ်။

(၁) ကတော့ ELISA (Enzyme Linked Immunoabsorbent Assay) လို့ ခေါ်တယ်။
(၂) က Western Blot Assay လို့ ခေါ်တယ်။

နှစ်နည်းစလုံးဟာ အထက်ပါ ပဋိပစ္စည်းကို ရှာပြီးတွေ့ရင် အချက်ပြ မှတ်တမ်းတင်လို့ ရအောင် လုပ်ထားတဲ့ နည်းတွေဖြစ်တယ်။ Western Blot နည်းကတော့ လုပ်ရတာ နည်းနည်းကြာတယ်။ နည်းနည်း ပိုချက်တယ်လို့ ဆိုရမယ်ပေါ့။ ဒါပေမယ့် ပိုပြီးတိကျတယ် (sensitive) ဒီနည်းနဲ့ဆိုရင် လွတ်သွားတာ သိပ်မရှိဘူး။ ELISA နည်းကတော့ လုပ်ရတာမြန်ပြီး လွယ်တယ်။ Western Blot လောက် မတိကျဘူး။ ဒီတော့ ELISA နည်းကို ပထမအဆင့် စစ်ချတဲ့နည်းအဖြစ်နဲ့ သုံးပြီး၊ အဲဒီနည်းနဲ့တော့ ဖော်ထုတ်လို့ မရနိုင်သေးဘူး။

ဒါပေမယ့် သံသယတော့ ဖြစ်စရာ ရှိနေသေးတယ်ဆိုတဲ့ အခါမျိုးမှာတော့ နောက်တစ်ဆင့် အနေနဲ့ Western Blot ကို သုံးပြီး ပိုသေချာအောင် လုပ်ကြတယ်။ ဒီနည်း နှစ်ခုစလုံးကလည်း အခုတစ်ကမ္ဘာလုံးမှာ ကွင်းဆင်း ရောဂါ ရှာဖွေ ဖော်ထုတ်ရေး (survey) နဲ့ Diagnose ရောဂါအမည် မှည့်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးလျက်ရှိပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top