Pneumocystis Carinii (နူမိုစစ်စတစ် ကာရီနိအိုင်) ဆိုတဲ့ ပိုးကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ဟာ အလွန်တရာမှ တွေ့ခဲလှတဲ့ ရှားပါးတဲ့ ရောဂါပါ။ သိပ်အသည်း အသန်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ပင်ကိုယ် ခုခံအား အင်မတန်မှ ကျဆုံးနေတဲ့ အခါမျိုးမှာ တစ်ခါတစ်လေ တွေ့ရတဲ့ ရောဂါပါ။ ဥပမာ ကင်ဆာအတွက် ဆေးပြင်းတွေပေးထား (သို့) နှလုံးကျောက်ကပ် စသည့် အင်္ဂါအစိတ်အပိုင်း အစားထိုး ကုထားသူတွေမှာ ခန္ဓာကိုယ်တွင်း ခုခံအင်အား မရှိသလောက် ဖြစ်သွားတဲ့ အခါတွေမှာ တွေ့တတ်ကြတယ်။
အခုတော့ အရင်က ကျန်းမာသန်စွမ်းတဲ့ လူရွယ်တွေမှာ ဖြစ်လာတာတွေ များလာတော့ ဆန်းတော့ဆန်းတယ်။ မျက်ခြည်မပြတ် ကြည့်ထိုက်တယ် ဆိုပြီး မျက်စီဖွင့် နားစွင့်နေခဲ့ ကြတယ်။ ဒီလူနာတွေဟာ ဘယ်မှာစုနေ သလဲဆိုတော့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကို မြို့တော်ကြီးတွေမှာ စုနေကြတယ်။ ဒါကို ခြေရာခံပြီး သူတေသီတွေနဲ့ “ရောဂါစုံထောက်” လို့ ခေါ်ရမယ့် epidemiologist တွေ လိုက်ကြတယ်။ အဲဒီ အထဲမှာ အမေရိကမှာ နာမည်ကြီးဌာန National Institute of Cancer (N.I.C) အမျိုးသား ကင်ဆာဌာနနဲ့ Centre For Disease Control (C.D.C) ရောဂါ ထိန်းချုပ်မှု ဗဟိုဌာနတို့က ဦးဆောင်တဲ့ အပိုင်းမှာ ပါခဲ့တယ်။
AIDS သုတေသနမှာ တက်ကြွတဲ့ အပိုင်းက ပါခဲ့တဲ့ ဌာနတစ်ခုကတော့ ပြင်သစ်ပြည် ပဲရစ်မြို့မှာ ရှိတဲ့ Pasteur Institute ဖြစ်တယ်။ AIDS ဟာ Hepatitis B. လို့ ခေါ်တဲ့ အသည်းရောင် ရောဂါတစ်မျိုးနဲ့ တူတဲ့ အချက်တွေ ရှိတယ်။ သွေးထဲမှာ ပိုးပါလာပြီး ဒီသွေးမျိုး သွင်းခံရတဲ့ သူတွေမှာ ရောဂါဖြစ်တယ်။ ဒီတော့ AIDS ရောဂါပိုးဟာ ဗိုင်းရပ်စ် တခုခုဖြစ်မှာပဲလို့ ယူဆလာကြတယ်။ ကမ္ဘာရှိ ဗိုင်းရပ်စ် သုတေသနကို နက်နက်နဲနဲ လုပ်နေကြတဲ့ သုတေသန ဌာနတွေအားလုံးဟာ AIDS ကို ဖြစ်စေတဲ့ အကြောင်းအင် ရောဂါပိုးကို ဘယ်သူအရင်တွေ့မလဲ ဆိုပြီး ပြိုင်ပွဲကြီး ဝင်ဖို့ရာ အပြင်အထန် စိုင်းပြင်း ကြိုးစား ကြတော့တယ်။
လူလူချင်းတွင် မကပဲ ဌာနချင်း (ဥပမာ N.I.C နဲ့ C.D.C)၊ တိုင်းပြည်ချင်း (ဥပမာ အမေရိကန်နဲ့ ပြင်သစ်) ပြိုင်ဆိုင်မှု ဒီဂရီ အရှိန်တွေ တက်လာလို့ လုပ်ရကိုင်ရတဲ့ နေရာမှာ မပြေပြစ်တာကလေးတွေ၊ တစ်ဦးကို တစ်ဦး စိတ်ကွက် စိတ်ခုစရာ ကလေးတွေ ဖြစ်လာကြတယ်။ နောက်မှာ သဘောထားတွေ ပြင်းထန်လာလို့ တရားရုံးရောက်တဲ့ အထိ ဖြစ်ခဲ့တယ်။ ဒီလို အဖြစ်အပျက်တွေမှာ ပါဝင်ဆင်နွဲခဲ့တဲ့ အဓိက ဇာတ်ဆောင်တွေကတော့ အမေရိကန်ရှိ N.I.C က Dr. Robert Gallo နဲ့ ပြင်သစ်ပြည် Pasteur Institute က Dr. Luc Montagnier တို့လို့ ဆိုရမှာပဲ။
Dr. Robert Gallo ကတော့ ကမ္ဘာကျော် နာမည်ကျော် ဗိုင်းရပ်စ် ပညာရှင်ကြီး ဖြစ်တယ်။ ၁၉၇၈ ခုနှစ်မှာ retro-virus (ပြောင်းပြန် - ဗိုင်းရပ်စ်) လို့ ခေါ်တဲ့ ဗိုင်းရပ်စ်အုပ်စုထဲက မျိုးသစ် ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ ကြေညာလိုက်လို့ Albert Lasker ဆိုကို ချီးမြှင့်ခြင်း ခံခဲ့ရတယ်။ သူတွေ့ခဲ့တဲ့ ဗိုင်းရပ်စ်ကို HTLV (Human T cell Leukaemia Virus) လို့ ခေါ်တွင်စေခဲ့တယ်။ ဒီဗိုင်းရပ်စ်ဟာ လူတွေမှာ Leukaemia သွေးကင်ဆာ တစ်မျိုး ဖြစ်စေတယ်။ ဒါဟာ အရင်တစ်ခါမှ မတွေ့သိခဲ့ဘူးတာမို့ ဒီအချက်ဟာ ဆေးပညာ သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တခုပါ။
အရင်က လူတွေမှာ ဗိုင်းရပ်စ်ကြောင့် လူကီးမီးယား ဖြစ်တယ်ဆိုတာ အတိအလင်း မပြောနိုင်ခဲ့ကြဘူး။ Robert Gallo ကြောင့်သာ အသေအချာ သိရတော့တာ။ ၁၉၈၁-၈၂ နောက်ပိုင်းမှာတော့ AIDS ရောဂါရဲ့ အသွင်သဏ္ဍန်ဟာ ပိုပြီး ပီပြင်လာပြီ ဖြစ်တယ်။ AIDS ရောဂါပိုးဟာ ဗိုင်းရပ်စ်ပဲ ဖြစ်မယ်၊ ဗိုင်းရပ်စ်ဆိုရင်လည်း ဖြစ်လောက်တာက Robert Gallo တွေ့ထားတဲ့ reto-virus အမျိုးအစားပဲလို့ ယူဆပြီး ၁၉၈၃ ခုနှစ်မှာတော့ Dr. Robert Gallo ရဲ့ N.I.C ဌာနက သုတေသန လုပ်ပြီး စေ့စေ့ပေါက်ပေါက် ရှာဖွေစမ်းသပ်ကြ တော့တာပဲ။
၁၉၈၃ ခုနှစ်မှ စရတာကတော့ အဲဒီကျမှ သုတေသန အတွက် လိုအပ်တဲ့ ငွေကြေး ထောက်ပံ့မှုကို ရလာတာကိုး။ Dr. Gallo ကတော့ AIDS ဟာ HTLV အမျိုးထဲကပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချပြီး ဒီအတွေး လမ်းစဉ်ကိုပဲ လိုက်ပြီး ဆက်လုပ်နေတယ်။ ၁၉၈၃ ခုနှစ်ထဲမှာပဲ အခြားသုတေသီ တစ်ဦးက HTLV အသစ်တစ်မျိုး (HTLV ii) ကို ထပ်တွေ့ထားပြန်တော့ HTLV နောက် အသစ်တွေ့ဖို့ရာကလည်း အလားအလာ ရှိနေတယ်လို့ ဆိုနိုင်တာပေါ့။
ဒီအသစ်မျိုး တခုခုဟာ AIDS ရောဂါပိုး ဖြစ်မလား ဆိုတဲ့ စိတ်ကူးက ရှိနေတယ်။ အဲဒီအချိန် (၁၉၈၃ ခု) လောက်မှာပဲ ပဲရစ်မြို့ Pasteur Institute မှာ Dr. Luc Montagnier ကလည်း AIDS ဖြစ်ကောင်းစရာရှိတဲ့ ဗိုင်းရပ်စ်တွေကို စုံးစပ်လျက် ရှိနေတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင်




