12
Nov

AIDS ဆိုတာဘာလဲ (၂)

၁၉၇၀ ခုနှစ် နောက်ပိုင်း နှစ်တွေဟာ အမေရိက (USA) မှာ "ဂေး" (Gay ယေက်ျား/ ယောက်ျားချင်းကိုမှ ကြိုက်နှစ်သက်ပြီး လိင်ဆက်ဆံသူ) လှုပ်ရှားမှု အကြီးအကျယ် စတယ်လို့ ဆိုရမယ့် အချိန် ဖြစ်တယ်။ "ဂေး" ဆိုတဲ့ ဖြစ်စဉ် ဖြစ်ရပ်မျိုးကတော့ ဘယ်လူ့အဖွဲ့အစည်းမှာ မဆို ဘယ်မှာဖြစ်ဖြစ် ရှိကြတာ ချည်းပါပဲ။ ဒါကတော့ ငြင်းလို့ မရတဲ့ ကိစ္စပါ။ ပြဿနာ ဘယ်လောက် ကြီးထွားမှု ရှိ၊ မရှိ ဆိုတာသာ ကွာချင် ကွာမှာပါ။

"Permissive Society" လို့ ခေါ်တွင်လာတဲ့ ဒီလို ကိစ္စတွေမှာ လိုက်လျောမှုတွေ ပါလာပြီး လျော့ရဲလာတဲ့ ခေတ်အခါမှာတော့ ပိုမိုထင်ရှားလာတာပေါ့၊ ထင်ရှားလာရုံတင် မကဘူး၊ ဒီလူအုပ်စုတွေကပါ ပိုမို တက်ကြွ လှုပ်ရှားလာကြပြီး သူတို့ရဲ့ အခွင့်အရေး အတွက် အရေးဆိုမှုတွေ ကိုပါ လုပ်လာကြတယ်။ ဒီလူတွေက သူတို့ဟာလည်း "လူ့အဖွဲ့အစည်းထဲက လူတွေပါပဲ၊ သူတို့လည်း အခြား အဖိနှိပ်ခံ လူနည်းစုများ နည်းတူ ချုပ်ချယ်ခြင်း၊ လူလူချင်း ခွဲခြားခြင်း၊ အများစုက နှိမ်ခြင်း ခံနေရတယ်။ ဒါကို သည်းမခံနိုင်တော့ဘူး" ဆိုပြီး အမေရိကန်ရှိ၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမှာ လူထောင်သောင်းပါတဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးတွေ အကြီးအကျယ် ဆင်နွဲခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကြိုက်နှစ်သက်လို့ ရွေးချယ်ထားတဲ့ လူနေမှု ဓလေ့ကို ခပ်ပြောင်ပြောင် ကျင့်သုံးလာကြတယ်။

အရင်တုန်းကလို ပုန်းလျှိုး မဟုတ်ကြတော့ဘူး၊ ထုံးစံအတိုင်း ဘယ်ကိစ္စမျိုးမှာမဆို သတိနဲ့ မထိန်းရင် တစ်ဘက်စွန်းဆိုတာ ရောက်တက်စမြဲပဲ။ အဲဒီ အချိန်လောက်မှာ "ဂေး" တွေဟာ တော်တော်ပဲ ပရမ်းပတာ ထကြွခဲ့ကြတယ်။ အမေရိကန်မှာ ဆိုရင် ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့ဟာ ဒီ "ဂေး" ဦးရေများပြီး သူတို့ ကျက်စားရာ ထင်ရှားတဲ့မြို့တော်ကြီး ၂ မြို့ ဖြစ်တယ်။ အဲဒီအချိန်မှာ အဲဒီ လူတွေထဲက သာမန် "ဂေး" လို့ ခေါ်ရမည့် လူတစ်ယောက်ကတော့ နယူးယောက်မြို့ Brooklyn (ဘရုကလင်း) ရပ်ကွက်ရှိ မူလတန်းပြ ကျောင်းဆရာကလေး Rick (ရစ်ခ်) ပဲ ဖြစ်ပါတယ်။

တစ်နေ့ကျတော့ ရစ်ခ်ရဲ့ ကိုယ်ပေါ်မှာ အဖုတွေ ပေါ်လာလို့ သူ့ရဲ့အတွဲဖြစ်တဲ့ Paul (ပေါ်လ်) က သူ့ရဲ့ ဆရာဝန်ဆီမှာပြဖို့ တိုက်တွန်းလိုက်တယ်။ ရစ်ခ် အဲဒီ ဆရာဝန်ဆီမှာ သွေးသွား စစ်တယ်။ ဆရာဝန်မ  Dr Linda L - New York University Medical Centre (လင်ဒါ) က အပိမ့်တွေဟာ တစ်ကိုယ်လုံး အနှံ့ ဖြစ်နေပြီး "အကျိတ်" (ဂလင်း) တွေဟာလည်း ကြီးနေတယ်ဆိုတာ သတိပြုမိ လိုက်တယ်။ ဒါကြောင့် ဆရာဝန်မ (လင်ဒါ) က သွေးကင်ဆာ ဖြစ်နိုင်တယ်လို့ သံသယ ဖြစ်မိလိုက်တယ်။

ဒါပေမယ့် အရေပြား ပေါ်မှာ အဖုအပိမ့်တွေ ရှိနေလို့ အရေပြား အထူးကု (Dermatologist) ဆီ ပို့လိုက်တယ်။ နောက် ဒီအရေပြား ဆရာဝန်က ဆရာမကြီး ဒေါက်တာ လင်ဒါဆီ ဖုန်းဆက်ပြောတာကတော့ "ခင်ဗျား လူနာမှာ ကာပိုစီဆာ ကိုးမား (KS = ကေအက်စ်) အရေပြားကင်ဆာ ဖြစ်နေပြီ" တဲ့၊ "ဘာတဲ့" လို့ ဒေါက်တာလင်ဒါက ချက်ချင်း ပြန်ပြီး အာမေဍိတ်နဲ့ မေးလိုက်မိတယ်။ ဒီလို မေးလည်း မေးလောက်စရာပါပဲ။ KS ဆိုတာက အင်မတန်မှ ရှားတဲ့ ကင်ဆာ ဖြစ်နေတာကိုး။ မှတ်တောင် မကောင်းကောင်း မမှတ်မိတော့လို့ စာအုပ်ပြန်ပြီး ကြည့်တော့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ KS ပေါင်း ၅၀၀ ကနေ ၈၀၀ လောက်ပဲ မှတ်တမ်း တင်ထားတာ ရှိတာတဲ့။

"ဒီလောက် ရှားတဲ့ ကင်ဆာ ဒီလူမှာ ဘာကြောင့် ဖြစ်တာပါလိမ့်" လို့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေစဉ်မှာ၊ နောက် ၂ ပတ်လောက် အကြာမှာ ပိုပြီး အံ့သြစရာ တစ်ခု ကြားရပြန်တယ်။ အရေးပြား ဆရာဝန်က ဖုန်းဆက်ပြန်တယ်။ "ခင်ဗျားတော့ ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမှာ KS နောက် တစ်ယောက် တွေ့နေပြန်ပြီ" တဲ့။

ဆရာဝန်မ ဒေါက်တာ လင်ဒါက စိတ်ဝင်စားလွန်းလို့ သူကိုယ်တိုင် သွားကြည့်တယ်။ "သူ့လူနာနဲ့ တူသားပဲ" ထင်လိုက်မိတယ်။ အခုလူနာက အသက် ၃၇ နှစ်ရှိပြီး "ဂေး" ဖြစ်တယ်။ ရုပ်ရည် ချောမောပြီး ကြော်ငြာတွေမှာ "ကိုယ်ဟန်ပြ" သူအဖြစ် အသက်မွေးဝမ်း ကျောင်းသူ ဖြစ်တယ်။ နောက် တိုင်ဆိုင်မှု တစ်ခုကတော့ သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိပေမယ့် နှစ်ယောက်စလုံး သိတဲ့ မိတ်ဆွေတူတွေတော့ ရှိနေသတဲ့။ "စဉ်းစားစရာပဲ" လို့ ဆရာဝန်မက တွေးလိုက်မိတယ်။

ရစ်ခ် ရဲ့ ရောဂါကတော့ သက်သာ မလာဘူး။ KS အပြင် သူ့အဆုတ် ထဲမှာလည်း တစ်ခုခု ဖြစ်လာတယ်။ အခြေအနေက အမြန်အဆန် ပြောင်းလဲပြီး ဆိုးဝါးလာတယ်။ သူ့ရင်ဘက်ကို ဖောက်ပြီး ပိုက်တပ်ပြီး ရေတွေ ထုတ်နေ ရတယ်။ ဆရာဝန်တွေကလည်း သူတို့ မတတ်နိုင်ဘူးလို့ ဝန်ခံပြီးတဲ့ နောက်မှာတော့ ရစ်ခ်က ဒီလို အသက်ဆက်ပေးနေလို့သာ ရှင်ရုံသာ ရှင်နေရတဲ့ အဖြစ်မျိုးကိုတော့ သူ မနှစ်မြို့ နိုင်တော့ဘူး။ သူ့ အိမ်သူ ပြန်ပြီးသာ သေချင်ပါတယ်လို့ ဆုံးဖြတ်လိုက်ပြီး ခရစ်စမတ်ပွဲတော် ၂ ရက်အလိုမှာ ဆေးရုံးက ဆင်းသွားတယ်။ အဲဒီညမှာတော့ သူ့ရဲ့ အတွဲဖြစ်တဲ့ ပေါ်လ်က သူ့ဘေးနားမှာ နေပြီး စောင့်ရှောက်နေတယ်။

ဒေါက်တာမြင့်မြင့်ခင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top