15
Nov

AIDS ဆိုတာဘာလဲ (၃)

ရစ်(ခ်) အသက်ရှူနေတာဟာ တဖြည်းဖြည်း တိမ်လာပြီး ညင်းညင်း ကလေးပဲ ရှိတော့တယ်။ နောက် အသက်ထွက် သွားတာပဲ။ အဲဒီတုန်းကတော့ ရစ်(ခ်) ရဲ့ ရောဂါဟာ ဘာလဲဆိုတာ ဘယ်သူမှ မသိကြသေးဘူး။ နောက်မှသာ AIDS ရောဂါပဲရယ်လို့ သိလာရတာ။ ရစ်(ခ်)ဟာ အမေရိကာမှာ နောင် AIDS လို့ ခေါ်တွင်တဲ့ ရောဂါ ရဲ့ ရောဂါရှင်တွေထဲက အစောဆုံး ၂ ယောက်ထဲမှာ တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ပြာကို သူမှာခဲ့တဲ့ အတိုင်း သူရဲ့ အတွဲဖြစ်သူ ပေါ်(လ်)က New York Fire Island ခေါ်တဲ့ ကျွန်းကနေပြီး လင်လယ်ထဲကို မျှောခဲ့တယ်။ အဲဒီတုန်းက ပေါ်(လ်) သိမထားတာ တစ်ခုကတော့ နောက် တစ်နှစ်အကြာမှာ ပေါ်(လ်)ရဲ့ နောက် မိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ဂျက်ရဲ့ ပြာကိုလည်း ဒီလိုပဲ မျှောရအုံးမယ်ဆိုတဲ့ အချက်ပဲ။

မေရီးရစ်ချပ်၊ ဂျွန်စတန် ဆိုတဲ့ အမျိုးသမီးကြီးဟာ ကြေးရေတတ်တွေနေတဲ့ ဗယ်(လ်)ဗီးဒီးယားခေါ်တဲ့ ရပ်ကွက်က ဂုဏ်သရေရှိ အမျိုးသမီးကြီး တစ်ဦးပါ။ ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နှလုံးခွဲစိတ်ပြီး ကုရတယ်။ ဒီလိုခွဲစဉ်မှာ သွေးပေါင်း ၂၂ ပုလင်း သွင်းခဲ့ရတယ်။ ခွဲပြီး ၈ ရက်လောက်မှာ ဗိုင်းရပ်စ် အဆုတ်ရောင် အကြီး အကျယ်ဖြစ်လို့ သေလုနီးပါး ခံလိုက်ရသေးတယ်။ နောက်ကျတော့လည်း ကောင်းကောင်း နာလန်မထူဘူး။ ဖျားဖျားနေလို့ အမြဲမောပြီး အားနည်းနေတယ်။ ပါးစပ်မှာလည်း မက်ခရု (Thrush) တွေ ပေါက်လာတယ်။ တဖြည်းဖြည်းနဲ့ ဆိုးသထက်သာ ဆိုးပြီး နောက်ဆုံး ရေတိမ်မှာ နစ်ရရှာတော့တာပဲ။ သူကတော့ အမေရိကမှာ သွေးသွင်းလို့ AIDS ရလာတဲ့ ဦးဆုံး လူနာတစ်ဦး ဖြစ်တယ်။ နောက် တစ်ယောက်ကတော့ အသက် ၃၈ နှစ် ရှိတဲ့ သူနာပြု ဆရာမတစ်ဦး ဖြစ်တယ်။ သားအိမ် ခွဲထုတ်ပြီး ကုသစဉ် သွေးသွင်းခဲ့လို့ AIDS ရခဲ့တယ်။

ရုပ်ရည် ချောမောလှပပြီး ကချေသည် ကိုယ်လုံးကိုယ်ထည်ရှိတဲ့ “စူဇီ” ဟာ ရုပ်ရည် ချောသလောက် သဘောကောင်းပြီး ဖော်ရွေတဲ့ နယူးယောက်မြို့က ကချေသည်ကလေး တစ်ဦးပါ။ ငယ်ရွယ်တဲ့ မြို့ကြီးသူ ပီပီ သွက်လက်ချက်ချာပြီး၊ နယူယောက်မြို့လို ခေတ်ဆန်ရာမှာ ထိပ်တန်းဖြစ်တဲ့ မြို့ကြီးရဲ့ လူနေမှု စရိုက်နဲ့ အညီ လူငယ်ဘာဝ ပျော်ရွှင်မှုကို တောင်းတပြီး ပျော်ပျော်ကြီး နေတတ်သူ တစ်ယောက်ပါ။ စူဇီထက် အသက်ကြီးတဲ့ ၾသစေၾတးလ် လူမ်ိဳးတစ္ဦးဟာ ၾသစေၾတးလ် တီးဝိုင်းတစ်ခုရဲ့ မန်နေဂျာ အဖြစ်နဲ့ တစ်နေ့ နယူးယောက်ကို ရောက်လာခဲ့တယ်။ သူတို့ နှစ်ယောက် တွေ့ကြတယ်။ သဘောကျကြတယ်။ အတူနေကြတယ်။ နောက်ဆုံး လက်ထပ်လိုက်ကြပြီး သြစတြေးလျမှာ ပြန်နေတယ်။ သားကလေးရတော့ ပျော်လိုက်ကြတာ၊ ဒါပေမယ့် မကြာပါဘူး၊ စူဇီ နေမကောင်း ဖြစ်တော့တာပဲ။ ဘာပဲ လုပ်လုပ် သိပ်ပြီး သက်သာတယ်လို့ မရှိဘူး။ မောတယ်၊ ဖျားဖျားနေတယ်၊ သွေးစစ်ကြည့်တော့ ရောဂါသိသွားပြီ။ စူဇီတို့ လင်မယား တကယ့်ကို ကြောက်လန့် တုန်လှုပ်ပြီး လက်မှိုင်ချရစေတဲ့ သတင်းပဲ။ စူဇီ AIDS ဖြစ်နေပြီတဲ့။ စူဇီကတော့ သတ္တိ ရှိပါတယ်။ သူ့ယောက်ျား ကလည်း ကြင်နာမှု၊ နားလည်မှု အပြည့်နဲ့ ထောက်ပံ့မှု အမျိုးစုံကို လိုလေသေး မရှိ အတတ်နိုင်ဆုံး လုပ်ပေးရှာတယ်၊ အားပေးတယ်။

ဒါပေမယ့် တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို နောက်ထပ် ကြားရတဲ့ သတင်းကတော့ သူတို့ သားကလေးကို သွေးစစ်ကြည့်တော့ ကလေးမှာလည်း AIDS ရောဂါ (ဗိုင်းရပ်စ်ပိုး) တွေ့နေရပြီတဲ့။ (ရောဂါ လက္ခာဏာတွေတော့ မပေါ်သေးပါ) ဒီတော့ သူတို့ လင်မယား နှစ်ယောက် ကမ္ဘာပျက်သလို ခံစားလိုက်ရတယ်။ အထူးသဖြင့်တော့ ခင်ပွန်းသည်မှာ တာဝန်ပိုလာတာပေါ့။ သူ့မှာ ရပ်တည်ရာ မရနိုင်တဲ့ အခြေအနေမျိုးနဲ့ တွေ့နေရပြီ။ ဒါပေမယ့် အရှုံးပေးလို့တော့ မဖြစ်သေးဘူး မဟုတ်လား။ အတတ်နိုင်ဆုံး လုပ်ရမှာပဲ။ မျှော်လင့်ချက်တော့ ထားမှာပဲဆိုပြီး၊ ဇွဲလုံ့လနဲ့ လုပ်ရှာပါတယ်။ AIDS အတွက် အသစ်ပေါ်တဲ့ ဆေးတစ်မျိုးကို စမ်းကြည့်ဖို့အတွက် “ဆေးအစမ်းပြု သုတေသန” မှာ စူဇီ ဆေးစားနေခဲ့တယ်။

စူဇီ အသက်သာတဲ့အပြင် ဦးနှောက်ကို ထိနေပြီဆိုတဲ့ လက္ခဏာတွေ ပေါ်လာတယ်။ လမ်းကို ဖြောင့်ဖြောင့် မလျောက်နိုင်တော့ဘူး။ ဟိုထိုး ဒီထိုးနဲ့ စကားပြောရင်လည်း ထစ်နေတယ်။ စကားလုံးတွေ ဝါးလုံးနေလို့ သူ့ယောက်ျားတောင် ခက်ခက်ခဲခဲနဲ့ နားလည်အောင် လုပ်နေရတယ်။ မျက်စိတွေ စွေလာတယ်။ လက်တွေ ဆတ်ဆတ်တုန်နေလို့ ရေကိုတောင် ဖာသာ ကောင်းကောင်း မသောက်နိုင်ဘူး။ သူ့ကိုယ်သူ သေရတော့မယ် ဆိုတာ သိပါတယ်။ စိတ်ကတော့ ကြည်စမြဲပဲ။ သူ့အတွက် အပျော်ဆုံး ကာလတွေကတော့ သားကလေးနဲ့ အိပ်ယာပေါ်မှာ စော့ရတဲ့ အချိန်ပဲ။ ကုလို့ မရတဲ့ ရောဂါနဲ့ သေရမယ့်ဆဲဆဲ ရှိသူကို ခင်မင်ကြင်နာသူ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေက ဘာလုပ်ပေးနိုင်သလဲ၊ သူတို့ရဲ့ ကြင်နာတွယ်တာမှုကို ကိုယ်ထိလက်ရောက် ယုယုယယပြုစုပြီး အားပေး နှစ်သိမ့်မှုကို ပေးခြင်းဖြင့် စူဇီရဲ့ စိတ်ချမ်းသာမှုကို ဖြင့်တင်း ရမှာပဲလို့ ယူဆကြလို့ သူ့ရဲ့ အမေနဲ့ သူ့ရဲ့ အမက အမေရိက ကလာပြီး စောင့်ရှောက်ပြုစု နှစ်သိမ့် အားပေးကြတယ်။

သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကလည်း အလည်လာပြီး အတူနေပေးတယ်။ စူဇီအတွက်တော့ တစ်ခါက သာယာခဲ့တဲ့ သူ့ဘဝကို ပြန်လည်ကြည်နူးပြီး သူ့အသက်ရဲ့ နောက်ဆုံးရက်တွေကို ကုန်ဆုံးစေခဲ့တယ်။ စူဇီ ဒီရောဂါကို ဘယ်လိုရခဲ့သလဲ။ စူဇီ အိမ်ထောင် မကျခင်က ရည်းစားရှိခဲ့တယ်။ သူ အဲဒီလူဆီက AIDS ရခဲ့တာပဲ။

ဒေါက်တာ မြင့်မြင့်ခင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top