13
Dec

AIDS ဆိုတာဘာလဲ (၄)

ပီတာနဲ့ ဂျို လင်မယား နှစ်ယောက်စလုံးဟာ မူးယစ်ဆေး စွဲသူတွေ ဖြစ်တယ်။ ဆေးစွဲသူဆိုလို့ ကလေကချေ၊ လူဆိုးလူသွမ်း လူငယ်ကလေးတွေ မဟုတ်ကြပါဘူး။ ပီတာက သတင်းစာ တစ်စောင်ရဲ့ ပင်တိုင်ဆောင်းပါးရှင်၊ ဂျိုက စိတ်ရောဂါကု ဆေးရုံတစ်ရုံမှာ သူနာပြု ဆရာမ လုပ်တယ်။ ဂျိုက ကောလိပ်မှာ နေစဉ်ကတည်းက ဆေးစွဲခဲ့တာပါ။ ကောလိပ်ရောက်စက “ဆေးစွဲလောက” ကို ကြောက်လို့ ခွာခွာနေခဲ့ ပါတယ်။ နောက် ဆုံး နှစ်မှာတော့ ရည်းစားရလာပြီး၊ ရည်းစားရဲ့ ဆွဲဆောင်မှုကြောင့် “ဟီရိုးအင်း” ဆေးကို စပြီး ထိုးဖြစ်သွားတယ်။ ထုံးစံအတိုင်းပဲ စလိုက်တယ် ဆိုတော့ စွဲသွားတော့တာပေါ့။ ဒီရည်းစားနဲ့ နောက်တော့ ပြတ်သွားပါတယ်။ ဒါပေမယ့် ဆေး စွဲတာကတော့ ပြတ်မသွားဘူး။ မပြတ်တဲ့ အပြင် သူ့ရဲ့ နောက်ရည်းစား၊ နောက်အခါ သူရဲ့ယောက်ျားသည် ဖြစ်လာမယ့် ပီတာကိုလည်း သူကပဲ “ဟီးရိုးအင်း” နဲ့ မိတ်ဆက်ပေးလိုက်လို့ ပီတာလည်း စွဲလာခဲ့တယ်။

ကြာတော့ ဒီဟီရိုးအင်းရဲ့ စရိတ်ကို မတတ်နိုင်တော့ဘူး။ ဒါကြောင့် သူတို့စိတ်ကို ချုပ်ထိန်းထားပြီး ရက်သတ္တတစ်ပတ်လုံးမှာ “မက်သဒုံး” (Methadone) ခေါ်တဲ့ မူးယစ်ဆေး တစ်မျိုး (ဟီရိုးအင်းလောက် မဆိုးဘူး) ကို အစားထိုး စားနေပြီး အသာလေး “မျှော” နေလိုက်တယ်။ “ဂျို” က သူနာပြု ဆရာမ ဆိုတော့ ဆေးရုံက “မက်သဒုံး” ကို ယူယူလာတယ်။ ဒါပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ တစ်ပတ်တာလုံး အောင့်အည်း ချုပ်တည်း ထားတာတွေကို ဖြေလွှတ်လိုက်မယ် ဆိုပြီး (လင်မယား နှစ်ယောက်စလုံး) ဟီရိုးအင်း ထိုးကြတယ်။

ဒါအတွက် သူတို့နေတဲ့မြို့ ဆင်ခြေဖုန်း ရပ်ကွက်ကနေ နယူးယောက်မြို့လယ် ဖြစ်တဲ့ (Brooklyn) ဘရုကလင်း ခေါ်တဲ့ ဆင်းရဲတဲ့ ရပ်ကွက် ခပ်ရှုပ်ရှုပ်နေရာကို ဟီရိုးအင်း သွားဝယ်ပြီး ထိုးကြရတယ်။ “ဂျို” က ဆရာမ ဆိုတော့ မသန့်တဲ့ ဆေးထိုးအပ်ကို သုံးရင် ရောဂါပိုး ဝင်နိုင်တယ်ဆိုတာ ကောင်းကောင်းသိတယ်။ သူ့ရှေ့မှာပဲ မူးယစ်ဆေးဝါး ထိုးတဲ့လူတွေဟာ သုံးပြီးသား အပ်တွေကို ပိုးစင်အောင် မလုပ်ဘဲ ပြန်သုံးလို့ အသားဝါ အသည်းရောင် ရောဂါ ရပြီး ဒုက္ခရောက်ကြတာကို အများကြီး တွေ့ထားပြီးသားပဲ။ ဒီတော့ “ဂျို” နဲ့ “ပီတာ” က ကြိုတင် ကာကွယ်မှု လုပ်ထားတယ်။

ဆေးထိုးဖို့ မြို့ထဲသွားရင် ပိုးသန့်စင်ပြီး ဖြစ်တဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နဲ့ “ဟီရိုးအင်း” ဆေးမှုန့်ကို ဖျော်ဖို့ ပိုးသန့်စင်ပြီး ဖြစ်တဲ့ “မိုရေ” ပုလင်းကိုပါ ယူသွားတယ်။ ဒီကိရိယာ ပစ္စည်းတွေ ယူသွားဖို့ရာကတော့ ဂျိုရဲ့ တာဝန်။ တစ်နေ့ ကျတော့ မြို့ထဲထွက်ခါနီး ဒီကိရိယာ ပစ္စည်းတွေကို ကားထဲထည့်လိုက်တယ်လို့ မှတ်တာပဲ။ ဒါပေမယ့် တကယ်တော့ ထမင်းစား စားပွဲခုံပေါ်မှာ ကျန်ခဲ့တယ်။ ဒါကို ဆေးဝယ်ပြီး ဆေးထိုးခါနီးကမှ သိတော့ မတတ်သာတော့ဘူး။ မထိုးပဲလည်း နေလို့ မရတော့ဘူး။ နေမထိ ထိုင်မသာ ဖြစ်နေပြီ။ ဒီတော့ အနားက ဆေးစွဲ သမား တစ်ယောက်ဆီက ဆေးထိုးဖို့ ပစ္စည်းတွေ ငှားရတော့တယ်။

အဲဒီလူကလည်း ဖော်ရွေပျူငှါစွာပဲ ငှါးလိုက်ပါတယ်။ ဂျိုနဲ့ ပီတာက ဒိနေရာကို လာနေကျလူတွေ ဖြစ်နေတော့ အဲဒီသူကို သိတော့ သိနေတယ်။ ရင်းနှီးတာတော့ မဟုတ်ဘူး၊ မေးထူးခေါ်ပြောလောက် ပဲ။ နောက်ပြန်တွေးတော့မှ ဂျိုက သတိ ထားမိတာက ဒီလူဟာ နည်းနည်းပိန်ပြီး သိပ်ပြီး နေကောင်းပုံ မပေါ်ဘူး။ နှစ်ပတ်လောက် ကြာတဲ့အခါမှာတော့ လင်မယားနှစ်ယောက်စလုံး ချွေးတွေထွက်ပြီး ဖျားကြတယ်။ ဆရာဝန်ပြကြည့်တော့ အခုတလော ဖြစ်နေကြတဲ့ တုတ်ကွေးပါလို့ ဆိုလိုက်တယ်။ ဒါကိုလည်း နောက်တော့ သူတို့ မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားတယ်။ တစ်နှစ်အတွင်းမှာ သူတို့ ဘာမှ မဖြစ်ကြဘူး။

တစ်နှစ်ကျော်ကျော် ရှိလာတဲ့ အခါကျတော့ ဂလင်း အကျိတ်တွေ ရောင်လာတယ်။ ကိုယ်အလေးချိန် သိသိသာသာကြီး လျော့သွားတယ်။ ညကျရင် ချွေးတွေ ထွက်တယ်။ နံနက် အပ်ရာထရင် ခြေချောင်း လက်ချောင်းတွေဟာ တောင့်တင်းပြီး နေတတ်တယ်။ ရင်ဘတ်နဲ့ ကျောပြင်က အရေပြားပေါ်မှာလည်း အပျဉ် အပိမ့်တွေ ထွက်လာတယ်။ ဒါနဲ့ ဆရာဝန် သွားပြကြတော့တယ်။ နောက်ဆုံးတော့ သူတို့ နှစ်ယောက်စလုံး AIDS ဖြစ်နေပြီ ဆိုတာ သိကြရတယ်။ ဒီလို တပ်အပ်မသိခင် ကတည်းက ဂျိုကတော့ သဲလွန်စတစ်ခု ရထားပြီး ဖြစ်တယ်။ ဒါကတော့ သူတို့ကို ဆေးထိုး ကရိယာ ငှါးလိုက်တဲ့ မိတ်ဆွေကြီးဟာ အဲဒီ ကြမ္မာငင်တဲ့နေ့ အပြီး နောက် တစ်နှစ်ခွဲလောက်မှာ AIDS ရောဂါနဲ့ အသည်းအသန်ဖြစ်ပြီး ဆေးရုံတက်နေရပြီ ဆိုတဲ့ သတင်းပဲ။ ဒီတော့ AIDS ရောဂါလို့ ဖော်ထုတ်လိုက်တဲ့ ဆရာဝန်ရဲ့ သွေးစစ်မှု အဖြေ မလာခင်ကတည်းက ဘာရောဂါလဲ၊ ဘယ်က ရလာတာလဲ ဆိုတာတော့ ဂျိုတို့ လင်မယား သိနှင့် နေကြပါပြီ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top