James ဂျိမ်း(စ်)ဟာ အသက် ၃၂ နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူ့ကို အခုကြည့်ရင်တော့ အသက် ၅၀ ကျော် လူအိုတစ်ယောက်လို့ ထင်ရမယ်။ လူဟာ ပိန်ချုံး၊ ဖြူဖျော့နေပြီး အိပ်ရာထဲမှာ လဲနေပြီ။ မျက်စိလည်း မမြင်ရှာဘူး။ မျက်စိမှာ ဗိုင်းရပ်ပိုး ရောဂါတစ်မျိုး မကြာခင်က ဖြစ်ခဲ့လို့ မျက်စိကွယ်သွားတာ။ အသက်ရှူရတာလည်း ခက်နေလို့ စကားပြောနေရင်း လေကို ပင့်ပင့်ပြီး ရှူနေရတယ်။ ဒါတောင် သူ့ကို အောင်စီဂျင်ကို ပိုက်နဲ့ သွင်းပြီး ရှူစေနေတာ။ သူ့အဆုတ်ထဲ အခြား ပိုးတစ်မျိုးဝင်ပြီး ဖျက်ဆီးနေတယ်။ တိုတောင်းတဲ့ အချိန်အတွင်း ပေါင် ၃၀ ကျော်လောက် လျော့သွားလို့ အရိုးပေါ် အရေကပ်နေပြီ၊ အသားကလည်း မွဲခြောက်ခြောက် ဖြူရော်ရော်နဲ့ ဒီလို မစိုပြေတော့တဲ့ အရေးပြားပေါ်မှာတော့ ခရမ်းရောင် အဝိုင်းသဏ္ဍန်ရှိတဲ့ အဖုတွေ တော်တော်များများ တွေ့ရတယ်။
စကားပြောပြန်တော့လည်း ဖြောင့်ဖြောင့် တန်းတန်း ပီပီသသ မဟုတ်ဘူး။ ရောက်တတ်ရာရာ လျှောက်ပြောနေလို့ ဘေးကလူတွေက နားမလည်နိုင်ဘူး။ ဒါကတော့ သူ့ဦးနှောက်ထဲ ပိုးဝင်နေလို့ ဖြစ်နေတာပါ။ အဲဒီအချိန်မှာ ဂျိမ်း(စ်)ရဲ့ အခြေဟာ ကမ္ဘာအနှံ့ ဖြန့်ချီတဲ့ မဂ္ဂဇင်းတွေမှာ ဒီအကြောင်း ပါလာတယ်။ နေ့ချင်းညချင်း AIDS သတင်းဟာ ထပ်တန်းသတင်းကြီး ဖြစ်လာပြီး အမေရိကမှာ ဆိုရင် လူတိုင်း မိုးကြိုးပစ် ခံရသလို တုန်လှုပ်သွားပြီး ထိတ်လန့်တကြား အသဲအမဲ ပြောနေကြတယ်လို့ ဆိုကြတယ်။
Rock Hudson က AIDS ရောဂါကို တကယ်ပဲ လူသိများအောင် ကြော်ငြာ ပေးလိုက်သလို ဖြစ်သွားတယ်။ သူ့အနေနဲ့ကတော့ အခြေမလှလို့ လေယာဉ် စင်းလုံးကို ဒေါ်လာ ၂၅၀၀၀၀ ပေးပြီး ငှားပြီး ပြုစုဖို့ လူ ၆ ယောက်နဲ့ အမေရိကကို ပြန်ခဲ့တယ်။ “ဒီငွေ ပမာဏဟာ ကျွန်တော်ရဲ့ သုတေသန လုပ်ငန်းရဲ့ ၄ နှစ်စာ ဘတ်ဂျက်ထက် များတယ်” လို့ သူကုတဲ့ ဆရာဝန်ကြီး Dominique Dormant (ဒိုမီနစ် ဒေါမင့်) က ဆိုတယ်။ လေယာဉ် Los Angeles (လော့စ်အင်ဂျလီး) လေယာဉ်ကွင်းကို ဆင်းတဲ့ အချိန်မှာတော့ ရာပေါင်းများစွာ ရှိတဲ့ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ၊ တီဗွီအဖွဲ့သမားတွေဟာ မီးမောင်းကြီးတွေ အဆင်သင့်နဲ့ စောင့်နေကြတယ်။
Rock Hudson ကို လေယာဉ်ကနေ ရဟတ်ယာဉ် အပြောင်း တစ်ချက်လောက် မိလိုမိငြား ဆိုပြီး စောင့်နေကြတာ။ Rock Hudson ဟာ ကျော်စောထင်ရှား ရေပန်းစားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေထဲမှာ AIDS ရဲ့ အစောဆုံး သားကောင်းဖြစ်လို့ ဒီလောက်ဖြစ်နေကြတာ။ အဲဒီ အချိန်ကစပြီး AIDS ဆိုတဲ့ ရောဂါ အမည် စကားလုံးဟာ တစ်ကမ္ဘာလုံး လူထုရဲ့ အသိစိတ်ထဲကနေ ဖျော်ပစ်လို့ မရတော့တဲ့ အခြေကို ရောက်သွားတယ်လို့ ဆိုရမှာပဲ။ AIDS သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်ပဲ။
၁၉၈၅ ခု၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက်မှာ Rock Hudson ဆုံးသွားတယ်။ အဲဒီအခါမှာတော့ AIDS ဆိုတဲ့ ဝေါဟာရဟာ အနောက် ကမ္ဘာတစ်ခုံလုံးနဲ့ အခြားဒေသ တော်တော်များများမှာ အိမ်တိုင်း လိုလို၊ လူတိုင်းလိုလို သိနေတဲ့ ဝေါဟာရ ဖြစ်သွားပြီး Rock Hudson အရင်က AIDS နဲ့ သေခဲ့တဲ့ လူတွေ အများကြီး ရှိခဲ့ပေမယ့် ဘာမှ လှုပ်လှုပ်ရွရွ မဖြစ်ခဲ့ဘူး။ အခုလို ဆက်သွယ်ရေး သိပ္ပံပညာ ထွန်းကားတဲ့ခေတ်၊ ရုပ်ရှင် တီဗွီနဲ့ ကမ္ဘာအနှံ့ အပြားကို အလွယ်တကူ ဆက်သွယ်လို့ ရတဲ့ ခေတ်မှာ ရုပ်ရှင်မင်းသမီး မင်းသားဆိုတာ သူမတူအောင် ကျော်စောထင်ရှားမှု ရသူတွေပါ။
အဲဒီ အထဲက ထိပ်တန်းဆိုသူ တစ်ယောက်က ဒီလို အရင်တခါကမှ မကြုံဘူးတဲ့ ထူးဆန်းလှတဲ့ အဖြေရှာမရသေးတဲ့ ပဟေဠိလို ရောဂါသစ်ဖြစ်ပြီး သေသွားတယ်ဆိုတော့ AIDS ရဲ့ ထင်ရှား ကျော်စောမှုဟာ တမဟုတ်ချင်းမှာ အတိုင်းအတာ မရှိသလောက် ဖြစ်သွားတော့တာပဲ။ လူတွေဟာ AIDS အပေါ် အရုံ စူးစိုက်လာပြီး ပိုပြီး သိချင်နေကြတယ်။ AIDS နဲ့ လူထုကျန်းမာရေး အန္တရာယ်၊ AIDS ရောဂါသည်တွေ ခံစားနေရတဲ့ ကိစ္စနဲ့ ပြဿနာတွေကို ဆက်တိုက်ဆိုသလို တင်ပြ ဖော်ထုတ်လာကြတယ်။ ဒီတော့ AIDS ဟာ “ဂေး” တွေနဲ့ အခြား လူနည်းစုကိုသာ ကွက်ပြီးထိတဲ့ တိတ်တခိုး ရောဂါလို့ လူတွေ အသိစိတ်မှာ ပေါ့ပေါ့ပဲ ထားခဲ့တဲ့ ရောဂါ ဘဝကနေ လူသိများတဲ့ ကျော်စောတဲ့ ရောဂါအသွင် ပြောင်းသွား ခဲ့တယ်။
Rock Hudson ရဲ့ မိတ်ဆွေ အချို့ (အထူးသဖြင့် အဲလစ်ဇဘက်တေလာ) က ကမကထလုပ်ပြီး Rock Hudson ကို ရည်စူးပြီး AIDS သုတေသနနဲ့ AIDS လူနာတွေ အတွက် ရန်ပုံငွေ ရှာတဲ့ ကိစ္စတွေ စလုပ်လာကြတယ်။ ဒီတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ AIDS ဟာ သတင်းတွေမှာ အဆက်မပြတ် ဆိုသလို ပါနေတော့ AIDS အသိတ်စိတ်ဟာ လူတွေဆီမှာ တစဉ်တစိုက်ပဲ ဝင်လာနေဖြစ်တယ်။ နောက် ဆက်တိုက် ဆက်တိုက် ပေါ်လာတဲ့ သတင်းတွေကလည်း AIDS ရောဂါကို ကျော်စောမှု ပေးခဲ့တယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင်




