စာနယ်ဇင်း၊ တီဗွီ၊ ရုပ်ရှင်လောကနဲ့ အနုပညာနယ်ပယ်က လူသိများသူတွေဟာ တစ်ဦးပြီး တစ်ဦး AIDS ဖြစ်လို့ သေကုန်တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့တယ်။ အကဆရာ၊ ဖက်ရှင် ဒီဇိုင်းနား၊ စန္ဒယား ဆရာတွေလည်း ပါတယ်။ နာမည်ကြီး ရှေ့နေနဲ့ အားကစား သမားတောင် ဒီစာရင်းထဲ ပါသေးတယ်။ AIDS ဟာ ဒီလို နာမည်ကျော် အဓိက ပုဂ္ဂိုလ်ကြီးတွေကို ဖမ်းစားခဲ့သလို ရှေးခေတ်တုန်းက ဆစ်ဖလစ်ဟာလည်း ဒီစံချိန်မျိုး ရှိခဲ့ပါတယ်။ ပြင်သစ် ဘုရင် ၈ (ရှစ်) ကြိမ်မြောက် ချားလ်(စ) ၁၄၉၈ ခုနှစ်၊ အသက် ၂၈ နှစ်မှာ ဆစ်ဖလစ်နဲ့ ဆုံးခဲ့တယ်။
အခြား အဓိက ပုဂ္ဂိုလ်တွေကတော့ အင်္ဂလန်က ၈ ကြိမ်မြောက် ဟင်နရီဘုရင် ပုပ်ရဟန်း မင်းကြီးတစ်ဦးနဲ့ ကာဒီနယ် (ဂိုဏ်းအုပ် ဆရာကြီး) တွေ ဖြစ်တယ်။ AIDS ဟာလည်း ဒီလောက် အခြေအနေ ဖြစ်လာပြီဆိုတော့ ဆက်ပြီး တွေးတတ်တဲ့ လူတွေ စိတ်ထဲမှာတော့ ဒီရောဂါရဲ့ လူတွေ အပေါ် လွှမ်းမိုးချက်ဟာ သေးမှာ မဟုတ်ဘူး။ ဒီကမ္ဘာလောကမှာ တော်တော်ကြာတဲ့ အထိနေပြီး လူတော်တော်များများတို့ရဲ့ ဘဝလမ်းကြောင်းကို တစ်နည်းမဟုတ် တစ်နည်း ထိပါးလာလိမ့်မှာပဲလို့ စပြီး တွေးကုန်ကြတယ်။
အခု တင်ပြထားတာတွေကတော့ AIDS ဟာ ကမ္ဘာ့ရဲ့ လူသားတွေ အတွင်း ဘယ်လိုချင်းနင်း ဝင်ရောက်လာခဲ့ပုံ အကြောင်းပါပဲ။ AIDS ဆိုတာ ဒါပါပဲလို့ ယေဘုယျအားဖြင့် ဆိုလို့ရပြီ ထင်ပါတယ်။ A-I-D-S ဆိုတဲ့ စကားလုံးတွေကတော့ ဘာကို ကိုယ်စားပြုနေတာလဲ။ ဒါတွေကတော့ -
A = Acquired - တစ်ဆင့်ခံ နဂိုမူလ မဟုတ်သော၊ မွေးရာပါ မဟုတ်သော။
I = Immune - လူကိုယ်တွင်း ရောဂါ တိုက်ဖျက်မှု။
D = Deficiency - ချို့တဲ့ ချို့ယွင်းမှု၊ ကောင်းစွာ အလုပ်မလုပ်မှု။
S = Syndrome - “လက္ခဏာစု” (AIDS ကို ရောဂါလို့ အတိအလင်း မခေါ်သေးတာကတော့၊ ရောဂါရဲ့ အကြောင်းကို အစက မသိသေးလို့) (အခု ရောဂါပိုးကို သိပေမယ့်လည်း Syndrome လက္ခဏာစုလို့ပဲ ဆက်ခေါ် နေသေးတယ်)။
ဒီ acronym လို့ ခေါ်တဲ့ စာလုံး အတိုကောက်ကို ဝေါဟာရ အဖြစ် သုံးတာဟာ အင်္ဂလိပ် ဘာသာစကားနဲ့ (မြန်မာအပါအဝင်) အခြား ဘာသာများမှာ တော်တော်ပဲ သုံးကြတယ်ဆိုတာ သိကြမှာပါ။ ၁၉၈၂ ခုနှစ် အမေရိကန်ပြည် ဝါရှင်တန်မြို့မှာ လုပ်တဲ့ အစည်းအဝေး တစ်ခုမှာ ဒီအတိုကောက်ကို စတင် သုံးခဲ့တယ်လို့ သိရပါတယ်။ AIDS လို့ နားလည်ထားတဲ့ “ရောဂါ” ကို ၁၉၈၁ ခုနှစ်လောက်က ပထမဦးဆုံး စတင်ကြုံခဲ့ရပေမယ့် အဲဒီတုန်းကတော့ ရောဂါတစ်ခုရယ်လို့ သတ်သတ်မှတ်မှတ် ရုပ်လုံးဖော်လို့ရအောင် မသိကြရသေးဘူး။
နာမည် အမျိုးမျိုးခေါ်ခဲ့တယ်။ ခန္ဓာကိုယ်ထဲမှာ ခုခံအင်အား ကျဆင်းတယ် ဆိုတာတော့ သိထားတယ်။ “ဂေး” အုပ်စုမှာ စတွေ့တော့ ဒီအုပ်စုတွေမှာပဲ ဖြစ်တယ်လို့ ထင်မိခဲ့လို့ တစ်ခါက GRID (Gay Related Immune Deficiency) “ဂေးများနှင့် ဆက်စပ်ဖြစ်တဲ့ ကိုယ်တွင်း ခုခံကာကွယ်မှု အဖွဲ့ အစည်းချို့တဲ့ ရောဂါ” လို့ ခေါ်ကြသေးတယ်။ ACIDS (Acquired Community Immune Deficiency Syndrome) စသည်ဖြင့်လည်း ခေါ်ကြတယ်။
ဒါပေမယ့် ဒီရောဂါဟာ လုအုပ်စု တစ်အုပ်စုထဲမှာသာ သတ်သတ်မှတ်မှတ် ဖြစ်တာမဟုတ်ဘူး။ အခြား သူတွေမှာလဲ ဖြစ်တာပဲ ဆိုတာ သိလာတော့ ပိုမိုကျယ်ပြန့်ပြီး၊ ဖြစ်တဲ့ လူနာအားလုံးကို အကျုံးဝင် သက်ရောက်တဲ့ ဝေါဟာရလိုတယ် ဆိုပြီး ဒီအစည်းအဝေးမှာ ဆွေးနွေးကြတော့ တက်ရောက်လာတဲ့ တစ်ယောက်သောသူက အကြံပြုတဲ့ AIDS ဆိုတဲ့ ဝေါဟာရကို လက်ခံလိုက်တာ ဖြစ်တယ်။
AIDS ဆိုတဲ့ ဝေါဟာရမှာ S = Syndrome “လက္ခဏာစု” လို့ ပါနေတယ်။ ဒါကတော့ အဲဒီ အချိန်က ရောဂါရဲ့ ဇစ်မြစ်ကြောင်းအင်ကို မသိကို မသိသေးလို့ ခေါ်တာဖြစ်တယ်။ ဆေးပညာ လောကမှာ ဒီလိုပဲ တွဲတွဲပြီး တွေ့တတ်တဲ့ လက္ခဏာ အဖွဲ့ကို တွေ့ထားရင် 'Disease" ရောဂါလို့ ခေါ်မယ့် အစား "Syndrome" လက္ခဏာစု လို့ခေါ်တဲ့ အစဉ်အလာ ရှိလာတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင်




