20
Dec

AIDS ဆိုတာဘာလဲ (၇)

AIDS ရောဂါသည်တို့ ဇာတ်သိမ်းခါးနီးမျာ ဖြစ်လာနိုင်တဲ့ အခြေရောက်နေပါပြီ။ ခုခံကာကွယ်အား မရှိတဲ့ ကိုယ်ခန္ဓာထဲကို ဘေးပတ်ဝန်းကျင်က ရောဂါပိုး အမျိုးမျိုးဟာ လွယ်လင့် တကူဝင်ပြီး ကိုယ်နေရာ အနှံ့အပြားမှာ ဒုက္ခပေးနေကြလို့ ဖြစ်လာရတဲ့ စုပေါင်း ဒုက္ခတွေရဲ့ မြင်ကွင်းတစ်ခုပါ။ ဂျိမ်း(စ်)ဟာ မိကောင်းဖခင် သားတစ်ယောက်ပါ။ အောင်မြင်မှု အတော်အတန်ရနေတဲ့ ရှေ့နေကလေး တစ်ဦးလည်း ဟုတ်ပါတယ်။ အစ်ကိုက အိမ်ထောင်သည် ကလေးနှစ်ယောက်နဲ့။ ညီမငယ်က ဘွဲ့ရပြီးစ အမျိုးသမီးလေး။ ဂျိမ်း(စ်)ကလည်း ကျောင်းနေတုန်းက အားကစားသမား တစ်ယောက်။ တစ်ခုတော့ ရှိတယ် ဂျိမ်း(စ်)ဟာ “ဂေး” ဖြစ်နေတယ်။

ဒါကို မိသားစုက သိဟန်မတူဘူး။ အမေကတော့ နည်းနည်းရိပ်မိတယ် ထင်ပါရဲ့။ ဂျိမ်း(စ်) ရက်သတ္တတစ်ပတ်လုံး အလုပ်လုပ်တယ်။ စနေ တနင်္ဂနွေကျရင်တော့ သူတို့နေတဲ့ Connecticult (ကွန်နက်တီကပ်) နယ်ရှိ မြို့ကလေးကနေ နယူးယောက်မြို့တော်ကြီးကို တက်သွားလေ့ ရှိတယ်။ အဲဒီမှာ ပျော်တော်စခန်း အကြီးအကျယ် ဖွင့်တော့တာပဲ။ နယူးယောက်မှာလည်း အဲဒီအချိန်က “ဂေး” တွေ အထူးစပါယ်ရှယ် ပျော်ပါးနိုင်အောင် ဖန်တီး တီထွင်ထားတဲ့ နေရာတွေ ရှိတယ်။

“ဂေး”တွေ ဆုံတဲ့ နေရာပေါ့။ လူအမျိုးမျိုးနဲ့ တွဲပြီး သူတို့ရဲ့ တဏှာတပ်မက်မှု လိုအင်ကို မဖွယ်မရာတဲ့နည်းများ အပါအဝင် နည်းမျိုးစုံနဲ့ ဖြည့်စွမ်းပေးတတ်တယ်။ အဲဒီနည်းထဲမှာ ဆေးတွေသုံးတာလည်း ပါတယ်။ အဲဒီလို အားရပါးရ လက်လွတ်စပယ် ပျော်ပြီးမှ ညနေမှာ သူ့မြို့ကလေးကို ပြန်တယ်။ အဲဒီ အရသာတွေကို သူက နှစ်ခြိုက်လွန်းလို့ သူနဲ့ ၄ နှစ်တိုင် အတူနေလာတဲ့ သူ့အတွဲ ရောဘတ်ကိုတောင် ဆယ်သေးတယ်။ နယူးယောက်မှာ အလွန်ဆန်းကြယ်ပြီး ထူးခြားတဲ့ အတွေ့အကြုံတွေ ရနိုင်ကြောင်း။ လူမျိုးစုံနဲ့လည်း တွဲနိုင်ကြောင်းပေါ့။ ဒါပေမယ့် ရောဘတ်က စိတ်မဝင်စားပါဘူး။

ခပ်ရိုးရိုးနဲ့ ခပ်အေးအေးနေပြီး အတွဲဆိုလည်း တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲနဲ့ ဆက်ဆံချင်တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဂျိမ်း(စ်)လည်း ဆုံးသွားတယ်။ ရောဘတ်ခမျာလည်း ဂျိမ်း(စ်)ကနေ AIDS  ရောဂါ ဗိုင်းရပ်စ်ကို ပေးခဲ့လို့ သေပွဲဝင်ရှာတယ်။

ဂျိန်းနဲ့ ဘာဘရာ အမျိုးသမီးကလေး ၂ ဦးရဲ့ ဇာတ်လမ်းကတော့ သနားစရာလည်းကောင်းတယ်။ တချို့ကတော့ ကြံကြံဖန်ဖန် တောက်တီးတောက်တဲ့ ဇာတ်လမ်းပါလားလို့ ယူဆကြမှာ အမှန်ပဲ။ မျက်မှောက်ခေတ်လောက သိပ္ပံပညာ တိုးတက်မှုကြောင့် ရလာတဲ့ ရလဒ်ရဲ့ ကွင်းဆက်ဖြစ်တဲ့ ကြမ္မာငင်မှု တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထူးဆန်းပြီး ကြေကွဲစရာကောင်းတာတော့ အမှန်ပဲ။ ဂျိန်းနဲ့ ဘာဘရာကတော့ မိန်းမအတွဲဖြစ်တယ်။ သူတို့ဘ၀ဟာ သာယာတယ်လို့ သူတို့က ခံယူတယ်။ တစ်ခုပဲ လိုနေတယ်။ ကလေးတစ်ယောက်ရရင်တော့ ဘ၀ဟာ ပြည့်စုံသွားမှာပဲလို့ ထင်နေကြတယ်။ ဒါနဲ့ artificial insemination (သဘာဝမဟုတ်ဘဲ၊ မျိုးပွားပေးမှု) လုပ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘာဘရာက အမေ(ဂျိန်းကတော့ အဖေလုပ်မှာပေါ့) သူတို့ ဖိုမျိုး (spern) ကိုပေးလှူမယ့်သူကို ရှာကြတယ်။ သူတိုနှစ်ယောက်စလုံးဟာ “ဂေး” အမျိုးသားတွေ အများကြီးကို သိကြသူတွေဖြစ်တယ်။ အဲဒီအထဲက သူတို့ စိတ်ကြိုက်၊ မျက်လုံးပြာ၊ ဆံပင်ရွှေရောင်ရှိသူ တွန်(မ) ကိုရွေးလိုက်တယ်။ တွန် (မ) ပေးလှူတဲ့ ဖိုမျိုး ပါတဲ့သုတ်ရည်ကို ဆေးထိုးပြွန်ထဲထည့်ပြီး ဘာဘရာထဲကို ၆ ခါ တိုင်တိုင်ဂျိန်းက ထည့်ပေးတယ်။ တွန်(မ) ကို ဖိုမျိုးပေးတဲ့အတွက် အခ ဒေါ်လာ ၃၀ ပေးလိုက်ရတယ်တဲ့။ ဒီဒုက္ခအတွက် ဘာဘရာခမြာ ကိုယ်ဝန်တော့ ရှိမလာဘူး။ AIDS ရောဂါပဲ ရသွားတယ်။ သုတ်ရည်မှာ AIDS ရောဂါပိုးဖြစ်နေတဲ့ HIV ဗိုင်းရပ်စ် ပါနိုင်တာကိုး။

Rock Hudson “ရော့(က)ဟပ်(ဒ)ဆင်” ဆိုရင် လူကြီး လူငယ်အများသိကြတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဖြစ်တယ်။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ ယောက်ျားပီသတဲ့အသွင်၊ ဥပဓိရုပ်ကောင်းကောင်း တကယ်ချောတဲ့ မင်းသားမို့ တစ်ခေတ်က အမျိုးသမီးတွေ အရူးအမူး စွဲလမ်းခဲ့ကြတယ်။ တွဲတဲ့ မင်းသမီးတွေ ကလည်း ထိပ်တန်းဆိုတဲ့ နာမည်ကြီးတွေပဲ။ ၁၉၆၀ ထဲမှာဆိုရင် အဆိုကျော် မင်းသမီးကြီး ဒေါ်ရစ်(စ)ဒေးနဲ့ သူတွဲထုတ်ခဲ့တဲ့ ရုပ်ရှင်ကား “Pillow Talk” ဟာအခုထိ ရေပန်းစားတုံးပဲ။ နောက်ဘက်ပိုင်း မှာလည်း နာမည်ကျော် တီဗွီ “စီးရီး” Mc Millan and Wife နဲ့ Dynasty တို့မှာ သရုပ်ဆောင်ခဲ့လို့ ရှေးခေတ်၊ မျက်မှောက်ခေတ်မှာပါ လူသိများပြီး နာမည်ကျော်ကြားလှပါတယ်။ ၁၉၈၅ခု၊ ဇူလိုင်လထဲမှာတော့ သူ့ကို သူရဲ့လုပ်ကိုင်ဘက်လည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်တဲ့ ဒေါ်ရစ်(စ)ဒေးက တီဗွီရိုက်ဖို့အတွက် ချိန်းထားတယ်။ ကတိပေးထားလို့ သူကသွားမှဖြစ်မယ်ဆိုပြီး သွားပေမဲ့၊ သူဟာ လူမမာ တစ်ယောက် ပုံသဏ္ဍန် ဆောင်နေပြီ ဆိုတာတော့ လူတိုင်း သတိပြုမိကြတယ်။ လမ်းလျှောက်ရုံလောက်ပဲ အားရှိတော့တယ်။ အဲဒီအချိန်မှာ သူ့မှာ ကာပိုစီဆာကိုးမား (KS) လို့ ခေါ်တဲ့ အရေးပြားကင်ဆာတစ်မျိုး ဖြစ်နေလို့ ပြင်သစ်ပြည်သွားပြီး ဆေးကုရမယ်လို့ ပြောနေကြတယ်။

တကယ်လည်း နောက်တော့ ပြင်သစ်ကို သွားဖြစ်တယ်။ လူတွေကတော့ ရော့(က)ဟတ်(ဒ)ဆင်ဟာ AIDS ဖြစ်နေပြီလို့ စွပ်စဲကုန်ကြပြီ။ သူ့ရဲ့ (အေးဂျင့်) ကိုယ်စားလှယ်တွေကတော့ ငြင်းနေကြဆဲပဲ။ ပဲရစ်ရောက်ပြီး အခြေအနေကပိုပြီး ဆိုးပုံရတယ်။ သူ့မှာ AIDS ဖြစ်နေပြီဆိုတာကိုလည်း ဖုံးလို့ မရတဲ့အခြေအနေကို ဆိုက်သွားပြီ။ “Rock Hudson, AIDSဖြစ်နေပြီ” ဆိုတဲ့သတင်းက အမေရိက စာနယ်ဇင်းလောက၊ တစ်ကမ္ဘာလုံးရှိ အလားတူ လောကနဲ့ လူပရိသတ်အားလုံးကို ချောက်ချား အံ့သြစေခဲ့တယ်။ ထုံးစံအတိုင်း နာမည်ကျော် ရေပန်းစားနေတဲ့ ရုပ်ရှင်လောကသား တစ်ယောက်ရဲ့ ထင်ပေါ်တဲ့ သတင်းဆိုတော့ ပိုပြီး အာရုံစိုက်ကြတာပေါ့။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top