23
Dec

AIDS ဆိုတာဘာလဲ (၈)

ဒီထဲ ယောက်ျား ပီသလိုက်တာလို့ ယူဆရတဲ့ မင်းသားကြီးက အဲဒီတုန်းက “ဂေးရောဂါ” လို့ လူတိုင်းက ယူဆထားတဲ့ AIDS ရောဂါ ဖြစ်နေပြီးဆိုတော့ ပိုပြီး အံ့သြကြတာပေါ့။ နောက်ပြီး အဲဒီအချိန်မှာက AIDS ဟာ နာမည်ပျက်၊ အသရေပျက် ရောဂါ ဖြစ်နေတော့ အုတ်အော်သောင်းတင်း ဖြစ်စရာ အကြောင်းတစ်ခု ပိုပြန်တာပေါ့။ သူတက်နေတဲ့ ပဲရစ်မြို့ရှိ “အမေရိကန် ဆေးရုံ” က အာဏာပိုင်တွေက RocK Hudson ကို သူတို့ ဆေးရုံမှာ မထားချင်တော့ဘူး။ သူနာပြုတွေကလည်း ရှောင်နေချင်ကြတယ်။

သူ့ကိုလာကြည့်နေရတဲ့ သူ့ရဲ့ ဆရာဝန် AIDS အထူးကု ပြင်သစ် သမားတော်ကြီးတောင် သူ့တို့ ဆေးရုံထဲ ဝင်ဖို့အရေး မနဲတောင်းပန် ယူရတယ်။ AIDS ရောဂါနဲ့ သူတို့ ဆေးရုံနဲ့ မပတ်သက်ချင်တဲ့ သဘောပဲ။ နောက်ဆုံး မတတ်သာတဲ့ အခါကျတော့ Rock Hudson က သူ့မှာ AIDS ရောဂါ ရှိနေကြောင်း ဝန်ခံတဲ့ အကြောင်း သတင်းစာတွေကို ကြေညာလိုက်တယ်။ အမေရိက သတင်းစာတွေ အားလုံးနဲ့ Time (တိုင်း)၊ Newsweek (နယူး(စ)ဝိ) စတဲ့ နောက် ရောဂါရဲ့ သဘာဝအစစ်နဲ့ ကြောင်းအင်အမှန်ကို တိကျစွာ ဖော်ထုတ်နိုင်တော့မှ “ရောဂါ” ဆိုပြီး အမည်တပ်လိုက်တယ်။

အခု အချိန်မှာ ဆိုရင်တော့ ဒီ အေ့စ်ရောဂါ အကြောင်း အတော်စုံစုံ သိလာပြီမို့ “လက္ခဏာစု” ဆိုတဲ့ စကားကို သုံးစရာ မလိုတော့ဘဲ “ရောဂါ” လို့ အတိအလင်း ခေါ်မယ်ဆိုရင် ခေါ်နိုင်လောက်ပါပြီ။ ဒါပေမယ့် AIDS ဆိုတဲ့ ဝေါဟာရဟာ လူသိများနေပြီ ဖြစ်တာက တစ်ကြောင်း၊ နောက် ထပ် ရောဂါနဲ့ သတ်သက်ပြီး သိစရာတွေ ပေါ်လာချင် ပေါ်လာမှာ ဖြစ်တာက တစ်ကြောင်း၊ နောက်ပြီးတော့လည်း ရောဂါရဲ့ အခုထိ မကြာသေးလှတဲ့ သက်တမ်းမှာတောင် “အမည်/ဝေါဟာရ” တွေက ခဏခဏဆိုသလို ပြောင်းနေတော့ လူတွေ မျက်စိလည်ချင်စရာ ဖြစ်နေတာကြောင့် AIDS ကိုပဲ ဆက်ပြီး သုံးနေရင် ကောင်းပါတယ်ဆိုပြီး သုံးနေကြတာ ဖြစ်တယ်။ ဒီစာအုပ် တစ်လျောက်လုံးလည်း ဒီ AIDS ဆိုတဲ့ ဝေါဟာရကိုပဲ သုံးမှာ ဖြစ်တယ်။

ပြန်သုံးသပ်မယ်ဆိုရင် ၁၉၇၉ ခုနှစ် အထက်ကဆိုရင် ဒီကမ္ဘာကြီးမှာ AIDS ဆိုတဲ့ ရောဂါသစ်၊ ရောဂါဆိုး၊ ရောဂါ ဆန်းကြီး ပေါ်လာမယ် ဆိုတာ့ ဆေးလောကနဲ့ ကမ္ဘာ့ လူအဖွဲ့အစည်းက နည်းနည်းမှ မထင်မှတ်ခဲ့ဘူး။ ကူးစက်ရောဂါ တစ်ခုပြီး တစ်ခုကို အောင်နိုင်မှု ယူလာတဲ့ ဆေးသိပ္ပံ လောကအနေနဲ့ လောလောဆယ် ရင်ဆိုင်နေရတဲ့ ပြဿနာဟာ degenerative deseases လို့ ခေါ်တဲ့ “ပျက်စီးယိုယွင်းလာမှု ရောဂါ” (ဥပမာ နှလုံးရောဂါ) စသည်တို့ပဲ အဓိကလို့ တွက်ထားကြတာ။

ဆေးသိပ္ပံလောကကို တကယ် အကြပ်ရိုက်စေနိုင်တဲ့ ကြီးမားတဲ့ ကူးစက်ရောဂါ ပြဿနာပေါ်မယ်လို့ လုံးလုံးထည့်ပြီး မတွက်ခဲ့ကြဘူး။ ၁၉၇၉ ခုနှစ်မှာတော့ အထက်က တင်ပြခဲ့တဲ့ Rick Wellikof နဲ့ နောက် တစ်ဦးမှာ စပြီး အရင်က အလွန်ရှားပါးလှတဲ့ အရေပြား ကင်ဆာ (K.S) ဟာ လူငယ် လူရွယ်နှစ်ဦးမှာ မကြုံစဖူး ထူးဆန်းစွာ ဖြစ်လာတာ တွေ့ရတော့ “ဒါဟာတော့ တစ်ခုခုရဲ့ အစဖြစ်နိုင်တယ်” လို့ အကင်းပါး သတိရှိတဲ့ ဆရာဝန်တွေက မှတ်ယူလိုက်ကြတယ်။

ဆေးပညာ သမိုင်းမှာ ရောဂါ အသစ်တွေကို ဖော်ထုတ်နိုင်တာဟာ ဒီလို ပုံစံအတိုင်း ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ပုံမှန် မူမှန်နဲ့ ကွဲလွဲတဲ့ သစ်ဆန်းတဲ့ အသွင်ရှိတဲ့ ဆေးလက်တွေ့ အခြေအနေကို တွေ့ရင် မျက်စိရှင် နားပါးပြီး ပြဿနာတစ်ခုကို ထိုးထွင်းပြီး ကြည့်တတ်သူတွေက သဲလွန်စကို အစဖော်ပေးပြီး ဆက်လိုက်လို့ နောက်ရောဂါရဲ့ အရင်းအမြစ်ကို တွေ့ခဲ့ကြတာ။ ဒီလူနာ ၂ ဦးမှာ သိသာထင်ရှားတဲ့ တူညီချက်တွေ ကတော့ ၂ ဦးစလုံး ငယ်ရွယ်တဲ့ “ဂေး” တွေ ဖြစ်နေတယ်။

အရင် အလွန်ရှားပြီး ငယ်ရွယ်သူမှာ ဖြစ်ရိုး ထုံးစံ မရှိတဲ့ K.S အရေပြားကင်ဆာ ဖြစ်နေတဲ့ အချက်တွေပဲ။ နောက်ဆက်တွေ့ ရတာကတော့ "K.S" အရေပြား ကင်ဆာတွေ များများလာတယ်။ ဒီတော့ တော်တော် လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီး ဒီလူနာ အားလုံးဟာလည်း “ဂေး” တွေ ဖြစ်နေကြတော့ K.S ကို ဂေး ကင်ဆာလို့ ခေါ်စမှတ် ပြုလာကြတယ်။ နောက် ဖြစ်ရပ်တူ တစ်ခုကတော့ အရင်က ရှားလှတဲ့ အဆုတ်ရောဂါ တစ်မျိုးဟာ ပိုပြီး တွေ့လာတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top