လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အနက် AIDS ထက် ပိုဆိုးသည့် ရောဂါ တစ်မျိုးကို ဂျပန်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်းထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Gonorrhea ခေါ် ဆေးဝါး ဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ် လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDS ကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန် သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေး ခဲ့သည်။
လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄) သန်း ရန်ပုံငွေ ခွင့်ပြုရေး အတွက် တောင်းဆိုမှုများ ပြုလုပ်နေရသည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDS ထက် ပိုဆိုးလိမ့်မယ်။ ဒီဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်" ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041 ဟု Code သတ်မှတ်ထားသော Gonorrhea ကို (၂၀၀၉) ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။
ထိုစဉ် ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာကြသည်။ (၂၀၁၁) ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြား တစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက် နေကြောင်း တွေ့ရှိ လာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ်ကိုလည်း အမှား အယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။ အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေးနိုင်ငံ တို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDS ရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း (၃၀) မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041 သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။
Source: RT
Planet - AIDS ထက် ပိုဆိုးသည့် ရောဂါ တစ်မျိုး




