HIV, AIDS ပညာပေးဟော ပြောပွဲများကို ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ အခြေခံပညာကျောင်း များ၌ ဟောပြောခွင့်ပြုလာကြောင်း သာကေတမြို့နယ်ရှိ အကြင်နာလက်များ လူငယ်စင်တာမှ လူငယ်များမှ ပြောသည်။”အရင်က HIV, AIDS ပညာ ပေးဟောပြောပွဲတွေကို အခြားသော နေရာများတွင်သာ ပြုလုပ်လေ့ရှိပေမယ့် အထကကျောင်းများမှာ ဟော ပြောမှုမရှိသလောက် နည်းပါးခဲ့ပါတယ်။ အခုနောက်ပိုင်း HIV, AIDS နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကျန်းမာ ရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ၊ INGO နှင့်NGO စသော အဖွဲ့များရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ကျန်းမာရေး အသိပညာများ ပိုမို သိရှိလာခဲ့ကြပါတယ်။
ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသလို၊ ပညာပေးရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော အဖွဲ့အစည်းများစွာထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အကြင်နာလက် များ လူငယ်စင်တာကို၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှစတင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ တစ်နိုင်ငံလုံးတွင် အဖွဲ့ပေါင်း ၇ ဖွဲ့ရှိပြီး ရန်ကုန်မြို့တွင် သာကေတမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်များမှာရှိပါတယ်။ အကြင်နာလက်များ လူငယ်စင်တာများမှာ လူငယ်တွေမှာ ကျရောက်ကြုံတွေ့ နိုင်တဲ့ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာ ရေးဆိုင်ရာ အန္တရာယ်တွေကို နားလည်ပြီး ကြိုတင်ကာကွယ်တတ်ဖို့ လိုအပ်တဲ့ ကုသမှုတွေခံယူဖို့ အစရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး တာဝန်ယူတတ်တဲ့ အလေ့အထတွေ လူငယ်တွေကြားထဲမှာ ဖြစ်တည် ပွားများလာအောင် ဆောင်ရွက်ပေးနေကြပါတယ်”ဟု အကြင် နာလက်များလူငယ်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သာကေတမြို့နယ်ရှိ အထက ကျောင်းများအတွင်းပါ ပညာပေး ဟောပြောပွဲများပြုလုပ်နေကြောင်းနဲ့ ပတ်သက်ပြီး ”ကျွန်တော်တို့ ကျောင်းတွေမှာ ဟောပြောလို့ရတာ သိပ်တော့ မကြာသေးပါဘူး။ ကျွန်တော်တို့ ဟောပြောခွင့်ရဖို့က တာဝန်ရှိသူတွေဆီမှာ သွားပြီး ဆွေးနွေးခွင့်တောင်းတယ်။ ဟောပြောတာချည်း မဟုတ်ဘဲ ဥာဏ်စမ်း မေးခွန်းပြိုင်ပွဲတွေ လုပ်ပေးတယ်။ World AIDS Day မှာဆို စာစီစာကုံးပြိုင်ပွဲလုပ် ပေးတာမျိုးတွေ၊ သူတို့ကို လက်ဆောင်တွေ ပြန်ပေးတာမျိုးတွေနဲ့ ဆုပေးတာမျိုးတွေ လုပ်ဆောင်လေ့ ရှိပါတယ်။ အမြဲတမ်းတော့ ပြုလုပ်ခွင့်မရပါ ဘူး။ အထိမ်းအမှတ်နေ့တွေမှာပဲ ဝင်ရောက်ပြီး လုပ်လို့ရတာပါ” ဟု ကိုသန်းဇော်ထွန်းက ပြောသည်။
ကျောင်းသားလူငယ်များရဲ့ တုန့်ပြန်မှု အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း မေးခွန်းတွေ မေးကြတယ်။ စော စောပိုင်းတော့ ကလေးတွေက ရှက် ကြတယ်။ နောက်တော့ သူတို့ မရှက်အောင် စကားတွေပြောရတယ်ဟု ထပ်လောင်းပြောပြသည်။အကြင်နာလက်များ လူငယ်စင်တာသည် သာကေတမြို့နယ်ရှိ အထက်တန်းကျောင်း ၄ ကျောင်းတွင် ဟောပြော ပြသခဲ့ပြီးဖြစ်၍ အလယ်တန်းကျောင်းများတွင်လည်း ပညာပေးဟောပြောနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းစင်တာမှ မောင်သန်းဇော်ထွန်းနှင့်မစန္ဒာဝင်း တို့ကပြောသည်။ ကျောင်းသားမိဘ များဖြစ်သည့် ဦးစိုးပိုင်နှင့် မသီတာ တို့က ”ကျွန်တော်တို့မှာ ၁၃ နှစ် နဲ့ ၉ နှစ် အရွယ် သားသမီးရှိပါတယ်။ သူတို့က ကျွန်တော်တို့တုန်းကနဲ့ မတူတော့ဘူး။ ကျန်းမာရေးနဲ့ပတ် သက်ပြီး ဗဟုသုတရှိကြပါတယ်။
HIV,AIDS နဲ့ပတ်သက်ပြီး သမီးကကျောင်းမှာ လူမှုရေးဘာသာ ရပ်ထဲက ဘဝအတွက်တာဆိုတဲ့ သင်ခန်းစာမှာ သင်ရတယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာသူတို့ သိနေကြတယ်။ နောက် လူငယ်တွေ အနေနဲ့ နောက်လာမယ့် မျိုးဆက် သစ်တွေကို ဒီရောဂါဆိုးကြီးအကြောင်း သိမြင်၊ ကာကွယ်လို့ရအောင် ဟောပြောပညာပေးကြ တာဟာလည်းကောင်းပါတယ်။ ကလေးတွေမို့ မသိသင့်ဘူးဆိုပြီး တားထားရင်သူတို့မသိတော့ ပိုပြီး အန္တရာယ်ကြီးပါတယ်။ ဗဟုသုတ၊ အသိအမြင်ကြွယ်ဝမှ အကောင်း အဆိုးကို ခွဲခြား ဆောင်ရွက်တတ် မှာပါ။ ကျွန်တော်တို့က ကိုယ့်သား သမီးတွေကို အဖက်ဖက်ကရှိနေတဲ့ စိန်ခေါ်မှုကို အကောင်းဆုံး ရင် ဆိုင်နိုင်စေချင်ပါတယ်” ဟု သူတို့အမြင် ကိုပြောသည်။
အေးနွယ်လှိုင်
Popular News - AIDS ပညာပေး ဟောပြောပွဲ အခြေခံပညာကျောင်းများ၌ ဟောပြော




