17
Mar

AIDS ရဲ့ ဂယက် (၃)

တကယ့်တကယ် ပြန်စစ်ကြည့်လို့ တွေ့ရတာကတော့ AIDS လို့ နောင်တွင်မယ့် ရောဂါဟာ အမေရိကန် (ယူအက်စ်အေ) အာဖရိက ဥရောပနဲ့ ဟေတီနိုင်ငံတို့မှာ မရှေးမနှောင်း တစ်ပြိုင်တည်းလောက် နီးနီး ပေါ်ပေါက်ခဲ့တာပါ။ မှတ်တမ်းဟောင်းတွေကို စေ့စေ့စပ်စပ် ပြန်ကြည့်ပြီး နောက်ကြောင်းပြန် ခြေရာခံလိုက်ကြည့်လို့ တွေ့ရတာတွေကို စီပြရမယ် ဆိုရင်တော့ -

၁၉၇၉ - မှာ ၄၄ နှစ်အရွယ်ရှိ “ဂေး” တစ်ယောက် နယူးယောက်မြို့မှာ ကာပိုစီဆာကိုးမား (KS) နဲ့ သေခဲ့တယ်။ (KS ဟာ AIDS မှာ ဖြစ်လေ့ရှိတတ်တဲ့ အရေပြားကင်ဆာ အရင်က အင်မတိ အင်မတန် ရှားလှတဲ့ ရောဂါ)။

၁၉၇၇ - ၂၇ နှစ်ရှိ အာဖရိကတိုက် ရာဝန်ဒါ နိုင်ငံသူ ကလေးမိခင်တစ်ဦးဟာ ကိုယ်တွင်းခုခံအင်အား ကျဆင်းမှု လက္ခဏာတွေနဲ့ ဆုံးခဲ့တယ်။ ဒါဟာလည်း အရင်က သိပ်မတွေ့ကြုံတတ်တဲ့ ရှားပါးလှတဲ့ လက္ခဏာဆန်းဖြစ်တယ်။

၁၉၇၇ - ၃၄ နှစ်ရွယ် ဇိုင်ယာအမျိုးသမီး တစ်ယောက်ဟာလည်း ထူးဆန်းစွာ အဆုတ်ရောင်နဲ့ အူရောင်ရောဂါတွေ ဆင့်ကဲဆင့်ကဲ ရတာကြောင့် ဘယ်(လ)ဂျီယန်ပြည်မှာ စုံစမ်းစစ်ဆေးမှု ခံခဲ့တာ ၁၉၇၈ မှာတော့ ဇိုင်ယာမှာ ဆုံးတယ်။

၁၉၇၇ - ၄၇ နှစ်အရွယ် ဒိန်းမတ်သူ ခွဲစိတ်ဆရာဝန် တစ်ဦးဟာလည်း ကြောင်းအင်မသိဘဲ နာမကျန်း တော်တော်ကြာကြာ ဖြစ်ပြီး နောက်ဆုံး ရှားပါးတဲ့ အဆုတ်ရောင် ရောဂါတစ်ခုနဲ့ ဒိန်းမတ်မှာ ဆုံးခဲ့တယ်။ သူဟာ ဇိုင်ယာနိုင်ငံ တောနယ်မှာ နှစ်ရှည်လများ အလုပ်လုပ်စဉ် ရောဂါ ဖြစ်ခဲ့တာပါ။

၁၉၇၆ - အသက် ၃၀ ရှိ နော်ဝေးဂျင်လူမျိုး အသက် ၃၃ ရှိ သူ့ဇနီးနဲ့ အသက် ၉ နှစ်ရှိ သူတို့ရဲ့ သမီး ၃ ယောက်စလုံးဟာ တဖြည်းဖြည်း အားအင်ချိနဲ့ပြီး ရောဂါ အမည်မမှည့် တတ်ဘဲနေရာက ၇-၁၀ နှစ်အတွင်း သေသွားကြတယ်။

၁၉၇၅ - အရင်က အကောင်းပကတိ ရှိခဲ့တဲ့ ၇ လသားအရွယ် လူမည်းကလေး တစ်ဦးဟာ ရှားပါး အဆုတ်ရောင် ရောဂါနဲ့ နယူးယောက်မှာ သေဆုံးခဲ့တယ်။

၁၉၆၉ - ၁၅ နှစ်ရွယ် လူမည်းကလေးတစ်ယောက် KS အရေပြား ကင်ဆာနဲ့ ရှားပါး အဆုတ်ရောင် ရောဂါနဲ့ အမေရိကန်ရှိ စိန့်လူစီမြို့မှာ သေဆုံးခဲ့တယ်။

၁၉၅၉ -ဗြိတိန်မှ သင်္ဘောသား တစ်ယောက် KS အရေပြား ကင်ဆာနဲ့ ရှားပါး အဆုတ်ရောင် ရောဂါနဲ့ မန်ချက်စတာမြို့မှာ ဆုံးတယ်။

၁၉၅၉ - ၄၅ နှစ်အရွယ် ဟေတီကျွန်းမှာ မွေးခဲ့တဲ့ အမေရိကန်နိုင်ငံသား တစ်ယောက်လည်း အလားတူ ဆုံးခဲ့တယ်။

ဒီရောဂါ ရှင်တွေကို AIDS လို့ ပြောဖို့ အထောက်အထားတွေကတော့ AIDS ရဲ့ ဝိသေသလက္ခဏာများလို့ နောင်အခါ သိလာကြရတဲ့ လက္ခဏာတွေနဲ့ နောက်ကြောင်းပြန်ပြီး ပြောရတာ ဖြစ်တယ်။ အဲဒီအထဲက အချို့ကျတော့လည်း သွေးနမူနာတွေ ရှိထားလို့ AIDS ဗိုင်းရပ်စ်ပိုး စစ်ကြည့်တော့ တွေ့တာတွေလည်း ပါတယ်။ ဒီတော့ AIDS ရောဂါလို့ ထင်ထင်ပေါ်ပေါ် မသိခင် အနှစ်အနည်းဆုံး ၂၅ လောက် ကတည်းက AIDS ရှိနေတယ်လို့ ခန့်မှန်းနိုင်တယ်။

ဒီ AIDS ကို ခြေရာခံလိုက်တာဟာ ၁၉၅၉ ခုနှစ်မှာပဲ ဆုံးသွားတယ်။ ဒီထက် ဆက်ပြီး လိုက်လို့မရတော့ဘူး။ ကြာလေ ဒီခြေရာခံ အလုပ်ဟာ ခက်လေဖြစ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ စောစောပိုင်းမှာ တင်ပြပြီးတဲ့ အတိုင်း လူတွေသေတာဟာ AIDS ကြောင့် သက်သက် မဟုတ်ဘူး။ AIDS ကြောင့် ဖြစ်လာတဲ့ ကိုယ်တွင်း ခုခံအား ကျဆင်းလာလို့ အရင်က မဝင်နိုင်မထိနိုင်တဲ့ ရှားပါးပြီး ကုဆေး မရှိသေးတဲ့ ရောဂါတွေ ဝင်ပြီး အဲဒီ ရောဂါတွေကြောင့် သေကြရတာ။

ဒီတော ဒီရောဂါတွေကြောင့် သေသွားသူတိုင်းကို AIDS လို့ ပြောရမှာလည်း ပိုင်ပိုင်နိုင်နိုင်တော့ မရှိဘူး။ ဒီတော့ ဆေးပညာရှင်တွေပဲ ဖြစ်ဖြစ်၊ အမှုပေါ်တဲ့အထိ လိုက်ချင်ကြတဲ့ စာနယ်ဇင်း “စုံထောက်” တွေပဲ ဖြစ်ဖြစ် ဘယ်လို ကြိုးစားကြပေမယ့် ၁၉၅၉ မှာ အစပျောက်ခဲ့တယ်။ အခုအချိန်မှာ ပြောလို့ဖြစ်တာကတော့ ဒီဗိုင်းရပ်စ် ကမ္ဘာပေါ် စရောက်လာတဲ့ သက်တမ်းကတော့ အတော်ကြာရှည် နေပါပြီ ဆိုတာပဲ။ ဒီလိုရှိနေတာ ကြာရက်နဲ့ ဘာကြောင့် ရုတ်တရက်နဲ့ ကမ္ဘာရဲ့ ၅ ပုံ ၄ ပုံနေရာမှာ တစ်ပြိုင်တည်းလိုလို ပေါ်ထွက်လာရသလဲဆိုတာတော့ အဖြေရှာမတွေ့နိုင်သေးတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုပဲ။

ဒီဗိုင်းရပ်စ်ပိုး ဘယ်လိုစတယ် ဆိုတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ ယူဆချက်ကိုတော့ အဖွဲ့ကြီးရဲ့နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အစည်းအဝေးကြီး (၁၉၈၇ ခုနှစ်) မှာ တင်ပြခဲ့တယ်။ ဒါကတော့ AIDS ရောဂါပိုး ဖြစ်တဲ့ (HIV) အိပ်ခ်ျအိုင်ဗွီဟာ “သဘာဝအလျောက် ပေါ်ထွန်းလာတဲ့ retro-virus (ရီတြိုဗိုင်းရပ်စ်) ဖြစ်ပြီး ပထဝီဒေသအရတော့ အဆုံးအဖြတ် မပေးနိုင်တဲ့ ဒေသက စတယ်” လို့ ဆိုတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top