22
Mar

AIDS ရဲ့ ဂယက် (၄)

ပွဲဦးထွက်မှာ AIDS ကြောင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ ကသိကအောက် ဖြစ်စရာတွေ၊ အချင်းချင်းယုံကြည် နားလည်မှုတွေ ခေါင်းပါးလာစေတာတွေ ဖြစ်ခဲ့ရတယ်။ ဒါနဲ့ တစ်ချိန်တည်းမှာလိုလိုပဲ တွေ့ရတဲ့ ဂယက်ကတော့ AIDS ရောဂါကို တားချင်တယ်ဆိုတဲ့ သဘောနဲ့ ဥပဒေ၊ စည်းကမ်းတားမြစ်ချက် ချုပ်ချယ်မှုတွေ ပေါ်လာတဲ့ အကြောင်းပဲ။ အခြေအမြစ်မရှိတဲ့ အကြောင်းတွေပေါ်မှာ မူတည်ပြီး လူလူချင်း ခွဲခြားမှု၊ ဖယ်ကြဉ်မှု၊ နောက်ဆုံး ကိုယ်ထိလက်ရောက် ရန်မှုတဲ့ အထိ ဖြစ်လာကြတယ်။

ဒါတွင် မကသေးဘူး အထက်က ဖော်ပြခဲ့သလို သွားရေး လာရေး၊ အလုပ် လုပ်ကိုင်ရေး၊ အိမ်ငှားရေး စတဲ့ နေ့စဉ်နေမှု ထိုင်မှု ကိစ္စတွေမှာတောင် တဘက်စောင်းနင်းကျတဲ့ မူဝါဒတွေ ကျင့်သုံးတာကို တွေ့လာရတယ်။ တစ်နေရာမှာဆိုရင် AIDS ဗိုင်းရပ်စ် မရှိပေးမယ့် “ဂေး” ဆိုတာနဲ့ အလုပ်ဖြုတ်ပစ်တယ်။ ရဲတို့ မီးသတ်သမားတို့က AIDS လူနာကို မကိုင်တွယ်ချင်တာ၊ အလုပ်မလျှောက်ခင် AIDS ပိုး ရှိမရှိ စစ်ရမယ်လို့ ပြောတာ ရှိခဲ့တယ်။ ဘရာဇီးမှာဆိုရင် ဆေးရုံတစ်ခုက AIDS လူနာဆို မကုဘူးလို့ ငြင်းဆန်လို့ လူနာတွေ သေကြရတယ်တဲ့။

ဒီလိုပဲ အခြား ပြည်တွေမှာလည်း ဖြစ်ခဲ့သေးတယ်။တစ်ချို့နေရာတွေမျာတော့ ဆေးရုံအာဏာပိုင်တွေက ဘာမှ မပြောသော်လည်း ဆရာဝန်၊ သူနာပြုတွေက AIDS လူနာကို မကုဘူးလို့ ပြောခဲ့တာလည်း ရှိတယ်။ တချို့ ဆေးရုံတွေကျတော့လည်း AIDS လူနာတစ်ယောက် တင်မိရင် သူ့အတွက် ကုန်ကျစရိတ်ဟာ အတောမသတ်ကြီးလွန်းလို့ မတင်ချင်ကြဘူး။ တစ်ခါက လူနာတစ်ယောက်ကို အမေရိကန်၊ ဖလော်ရီဒါပြည်နယ်ကနေ ဆန်ဖရန်စစ္စကိုကို လေယာဉ်နဲ့ ပို့ပစ်လိုက်တယ်။ ဖလော်ရီဒါ ပြည်နယ်က ဒီလူနာစရိတ်ကို သူတို့ မခံနိုင်ဘူးတဲ့။

ဆေးလုပ်သားတချို့က အကြောက် လွန်ပြီး၊ ဆေးလုပ်သားတို့ ထားသင့်ထားအပ်တဲ့ တာဝန်တွေကို မေ့လျော့လိုက်ကြပေမယ့် ဆေးပညာလေကက ဆေးဝန်ထမ်း အဖွဲ့အစည်းတွေကတော့ ဒီလို မပြုမူသင့်ဘူးဆိုတာ သိနားလည်ပြီး လမ်းညွှန်မှု ကြေညာစာတမ်းတွေ ထုတ်ခဲ့တယ်။ AIDS ပိုးတွေ့လို့ ဖြစ်စေ၊ AIDS ရောဂါ ဖြစ်နေလို့ ဖြစ်စေ ဒါကို အကြောင်းပြပြီး လူနာကို မကုဘဲ မနေထိုက်။ အကယ်၍ ကုဖို့ ငြင်းဆိုမယ်ဆိုရင် ငြင်းဆိုသူတွေဟာ ဆရာဝန်တွေ ထားအပ်တဲ့ ကတိသစ္စာ ထုံးတမ်းကို ကျူးလွန်လို့ အပြစ်ရှိတယ်လို့ ယူဆရမယ်လို့ ဆေးလုပ်သား အသင်းအဖွဲ့ကြီးတွေဖြစ်တဲ့ ဗြိတိသျှ ဆေးပညာအသင်း (British Medical Association) အမေရိကန် ဆေးပညာအသင်း (American Mdedical Association) နဲ့ ဗြိတိသျှတော်ဝင် သူနာပြုကောလိပ် (British Royal College of Nursing) တို့က ကြေညာစာတမ်း ထုတ်ခဲ့တယ်။

ဒါပေမယ့်လည်း အချို့ဆေးလုပ်သားနဲ့ ကျန်းမာရေး လုပ်သားတွေက AIDS ကို ကြောက်ကြပြီး ဒီလူနာတေါနဲ့ ဆက်ဆံရမှာကို မလိုလား ဖြစ်နေကြသေးတယ်။ AIDS လူနာတွေကို ဆရာဝန်တွေတင် မကသေးဘူး မိသားစုတွေ ဆေးမျိုးတေါကလည်း ပယ်ကြတာပဲ။ အရှေ့အိန္ဒိယကျွန်းစု (East Indies) တစ်ခုမှာဆိုရင် အိမ်က မစောင့်ရှောက်ချင်တော့တဲ့ AIDS လူနာတွေကို ကမ္ဘာကျော် ကာသိုလစ် မယ်သီလရင်ကြီး မားသားထရီဇာ (Mother Teresa) ကြီးမှူးတဲ့ ဂိုဏ်းကထောင်ထားတဲ့  ခိုးကိုးရာမဲ့လူတွေ ကြည့်ပေးနေတဲ့ ရုံအဝမှာ လာလာပြီး ချသွားထားခဲ့တာ တွေ့ရှိတယ်။ ၁၉၉၀ ခု အလယ်ပိုင်းလောက်တုန်းကလည်း အိန္ဒိယ ဂိုးအားမြို့ရှိ AIDS လူနာတစ်ယောက်ဟာ ဘယ်သူ ဘယ်ဆွေးမျိုးကမှ လက်မခံတော့လို့ မြို့ထဲက လမင်းပေါ် ရောက်သွားတယ်လို့ အိန္ဒိယ သတင်းစာထဲမှာ ပါလာတယ်။

AIDS ပြဿနာ ကျယ်ဝန်းလာပြီဆိုတော့ ကမ္ဘာရှိ အပြည်ပြည်တို့ရဲ့ နိုင်ငံရှိ အစိုးရအာဏာပိုင်တွေနဲ့ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာတွေက အရေးယူ ကိုင်တွယ်လာကြတာ တွေ့ရတယ်။ ဒီမှာလည်း တိုင်းပြည်အမျိုးမျိုးဆိုတော့ ဖြေရှင်းပုံ ကိုယ်တွယ်ပုံ အမျိုးမျိုးရှိမယ်ဆိုတာတော့ ခန့်မှန်းလို့ ရမှာပါ။ ယေဘုယျအားဖြင့် တွက်ကြပုံကတော့ ဒီရောဂါရဲ့ ပိုးပြန့်ပွားပုံနည်းပုံစံက လူထုတွေထဲမှာ တချို့သောအုပ်စုတွေမှာ ရောဂါအရင်စပြီး ဖြစ်ကြတယ်။

ဒီတော့ ဒီအစပျိုးတတ်တဲ့  အုပ်စုတွေကို ကြပ်မတ်ထိန်းထားဖို့အတွက် သူတို့ကို ချုပ်ချယ်ထားမယ့် ဥပဒေ စသည်တို့ ထုတ်ပြီး ရောဂါကို တန့်စေမယ်။ ကျန်တဲ့ လူတွေကိုလည်း ဒီအုပ်စုတွေနဲ့ ဒီလူတွေနဲ့ မဆက်ဆံနိုင်အောင် လုပ်ထားမယ်။ ဒါကြောင့် “ဂေး”၊ ပြင်ပနိုင်ငံသား စသည့်ဖြင့် စိုးရိမ်ဖွယ်ရာ အုပ်စုလို့ သတ်မှတ်တဲ့ အုပ်စုတွေကို ပစ်မှတ်အဖြစ် ထားပြီး အရေးယူကြတယ်။

အခြား အမြင်တခုကတော့ AIDS မှာ “စိုးရိမ်ဖွယ်” အုပ်စုနဲ့ ကျန်တဲ့လူတွေလို့ သတ်မှတ်ပြီး ၂ အုပ်စုလို့ အပြတ်ခွဲလို့ မရတော့ပါဘူး။ တချို့အုပ်စုမှာ အစဖြစ်ခဲ့သော ကပ်ရောဂါတို့ သဘောအရ နောက်မှာတော့ ဒီရောဂါကတော့ လူသားတစ်ရပ်လုံးကို ထိတဲ့ရောဂါ ပြဿနာပါ။ အစမှာဖြစ်တဲ့ အုပ်စုဆိုတာက ဒီရောဂါရဲ့ တစ်စိတ်တစ်ဒေသ တပိုင်းတစပါ။ ဒီရောဂါရဲ့ နောက်ဆုံး ပတ်မှတ်ကတော့ လူသားအားလုံးပါပဲ။ ဒီလိုဆိုတော့ ရန်သူအစစ်ဟာ ဒီ စဖြစ်တဲ့အုပ်စု မဟုတ်ပါဘူး။ ရန်သူ အစစ်ဟာ ဗိုင်းရပ်စ်ပိုးပါ။ ဒါကြောင့် လူတိုင်းလူတိုင်းရဲ့ တာဝန်ကတော့ ကျန်ရှိတဲ့  လူသားအားလုံးကို ဒီရန်သူ ဗိုင်းရပ်စ်ရဲ့ ဘေးက ကာကွယ်ဖို့ပဲ။ AIDS ရောဂါ ရှိသူက တစ်ဘက် ကျန်တဲ့ လူတွေက တစ်ဘက် ဆိုပြီး ၂ ခြမ်းခွဲနေစရာ မလိုဘူး။ ဒီလို လုပ်ရင်တော့ ဗိုင်းရပ်စ်က လူသားတေါကို အနိုင်ယူမှာ ဖြစ်တယ်။ အစမှာတော့ ဒီလို စဉ်းစားတဲ့ နိုင်ငံတွေက ပြေပလောက်အောင် မရှိခဲ့ဘူး။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top