15
Jul

AIDS ရဲ့ ဂယက် (၅)

AIDS နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ ထင်ရှားလာတဲ့ အချက်တစ်ခုကတော့ AIDS ဟာ စီးပွားရေး ကြပ်တည်းပြီး အခွင့်အရေး အပေးမခံရတဲ့ လူတန်းစား၊ တစ်နည်းဆိုရင် ဘဝ အာမခံချက် မရှိတဲ့ လူလောကရဲ့ အောက်တန်းလွှာတွေကို ပိုပြီး ထိနေတယ် ဆိုတာပဲ ဖြစ်တယ်။ ဒါကို အမေရိကန်က AIDS ရောဂါအကြောင်း ကိန်းဂဏန်းတွေကို စစ်ဆေးလေ့လာကြည့်ရင် ထင်ရှားစွာ ပေါ်နေပါတယ်။ အမေရိကန်မှာ AIDS လုနာစာရင်းကို လုမျိုးအုပ်စု အလိုက်နဲ့ ပထဝီဒေသအလိုက် ခွဲခြားပြီး ကိန်းဂဏန်း ကောက်ယူလိုက်တော့ တွေ့ရတာက ၁၉၈၃ ခုနှစ်အထိမှာ နယူးယောက်မှာဆိုရင် AIDS ဖြစ်သူတွေဟာ “ဂေး” သို့မဟုတ် bisexual လို့ခေါ်တဲ့ လိင် ၂ မျိုးစလုံး (ယောက်ျားရော မိန်းမပါ) နဲ့ ဆက်ဆံသူတွေ ဖြစ်တယ်။

၁၉၈၈ ခုမှာတော့ မူးယစ်ဆေးဝါး ထိုးသူဟာ AIDS လူနာတွေထဲမှာ အထက်က “ဂေး”၊ လိင် ၂ မျိုး ဆက်ဆံသူတွေထက် ပိုများလာတယ်။ ဒီတော့ ကြည့်ရတာ ဒုတိယ တစ်ကျော့ ဖြစ်တဲ့ AIDS ရောဂါလှိုင်းဟာ ဆင်းရဲသားပိုင်းကို ပိုထိပုံ ရနေတယ်။ အလုပ်လက်မဲ့ပြီး ဆင်းရဲတယ်။ ဆေးတွေ သုံးတယ်။ ရာဇဝတ်မှုတွေ ထူပြောတယ်။ လူမှုခွဲခားခြင်း ခံရတယ်။ နဂိုကတည်းက ကျန်းမာရေး ချို့တဲ့နေတဲ့ အုပ်စုမှာ AIDS ရောဂါဗိုင်းရပ်စ် ကျက်စားနေပြီ ဖြစ်တယ်။

ဒီလို လူဆင်းရဲ အုပ်စုမှာ ပါဝင်နေသူ အများစုကတော့ အမည်းတွေနဲ့ လက်တီနို လို့ ခေါ်တဲ့ စပိန်စကားပြောတဲ့ အနီးပတ်ဝန်းကျင် တိုင်းပြည်တွေကနေပြီး အမေရိကန်မှာ လာနေကြသူတွေပဲ။ အမေရိကန် အဖြေူတွေ (လူကြီးတွေ၊ ကလေးတွေမပါ) ထဲမှာဆိုရင် AIDS ရောဂါ ဖြစ်နှုန်းဟာ လူဦးရေ တစ်သန်းမှာ ၁၈၉ ယောက်ရှိတယ်။ အမည်းတွေမှာဆိုရင် ၅၇၈ ယောက်ဖြစတယ်။ “လက်တီနို” တွေထဲမှာ ၅၆၄ ယောက် ရှိတယ်။ ဒီတော့ အကြမ်းအားဖြင့် ဆိုရင် အမည်းတွေနဲ့ လက်တီနိုတွေမှာ AIDS ဖြစ်နှုန်းဟာ အဖြေူတွေထက် ၃ ဆလောက် ရှိတယ်။ မိန်းမတွေမှာ ပိုပြီး အဖြစ်ဆိုးသေးတယ်။

AIDS ရှိသူ အားလုံးသော အမျိုးသမီးတွေရဲ့ ၇၁% ဟာ အမည်းနြ့ လက်တီနို အမျိုးသမီးတွေ ဖြစ်တယ်။ ဒီတော့ အမည်းအမျိုးသမီးဟာ အဖြူအမျိုးသမီးထက် ၁၃ ဆ ပိုလို့ AIDS ဖြစ်နိုင်တယ်။ လက်တီနို အမျိုးသမီးအတွက် အလားတူ ကိန်းကတော့ ၉ ဆဖြစ်တယ်။ နယူးယောက်တွင် မကသေးဘူး အခြားမြို့ကြီးများနဲ့ အမေရိကန်က နယ်ဒေသတွေ တစ်ဝန်းလုံးမှာလည်း ဒီလိုပုံးစံမျိုး ဖြစ်နေတယ်။ ဥပမာ လော့စ်အင်ဂျလီး(စ)၊ အတ္တလန်တာ ဘော်လတီမိုးမှာ သွေးလှူရှင်ကို AIDS ဗိုင်းရပ်စ် စစ်ကြည့်တော့ အမည်းတွေဟာ အဖြူတွေထက် ၁၅ ဆ ပိုရှိပြီး လက်တီနိုတွေကတော့ ၄ ဆလောက် ပိုတယ်။ ဒီလို အချမ်းသာဆုံး တိုင်းပြည်တစ်ပြည်က လူနည်းစု အုပ်စုတွေထဲမှာ ဒီရောဂါဟာ ကူးစက်မြန်နှုန်းနဲ့ ကူးစက်အောင် အခြေအနေပေးခဲ့တယ်။

ဘာကြောင့်လဲ။ ပါဝါအာဏာ မရှိဆုံးဖြစ်တဲ့ ဆင်းရဲသား အုပ်စုဟာ ကူညီပံ့ပိုးမှုကို မရဆုံးဖြစ်လို့ဘဲ။ ဒီတော့ ကမ္ဘာရဲ့ အခြားဒေသတွေမှာလည်း ဒီလိုပဲ အထိနာမယ့် ဆင်းရဲတဲ့ အတန်းအလွှာမှာ အမေရိကန်မှာလိုပဲ AIDS ဟာ ကူးစက်မြန်စွာနဲ့ ပွားဦးမှာပဲ။ ဒီအချက်ဟာ ရောဂါကာကွယ်ရေးမှာ အလေးပေးဖို့ ကိစ္စတစ်ခုပဲ။ ဒါကြောင့် ဒီအုပ်စုမှာ ပညာပေးမှုကို ကြပ်ကြပ် ပိုလုပ်ပေးဖို့ လိုတယ်။

AIDS ဖြစ်နှုန်းကို နောက်တစ်နည်း ကြည့်ရင်လည်း ဒီအဖြေပဲ ထွက်တယ်။ အဖြေဆိုတာက AIDS ဟာ အခု စီးပွားရေးနဲ့ လူမှုအခွင့်အရေး ဆုံးနေသူတွေမှာ၊ ဒါမှ မဟုတ်လည်း ဖွံ့ဖြိုးမှု မရှိတဲ့ နေရာတွေမှာ ပိုဖြစ်တယ်ဆိုတာပဲ ဖြစ်တယ်။ အမေရိကန်မှာ ရောဂါဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကမ္ဘာရှိ အခြားတိုင်းပြည်တွေပါ ထည့်ပြီး ဦးစား အစီအစဉ် လိုက်စီကြည့်ရင် အံ့သြသွားစရာပဲ။ အမေရိကန်က ထိပ်က မဟုတ်ဘူး။

၁၉၈၈ ခုနှစ်အထိ ရရှိတဲ့ ကိန်းဂဏန်းများမှ -
တိုင်းပြည်                                                  လူဦးရေ တစ်သန်းတွင် ဖြစ်သော AIDS ရောဂါ လူနာဦးရေ
ဘာမျူးဒါး (အနောက်အိန္ဒိယ ကျွန်းစု)        ၁၃၃၉
ပြင်သစ်ဂီယာနာ (တောင်အမေရိက)       ၁၁၃၄
ဘဟားမား(စ) (အနောက်အိန္ဒိယကွန်းစု) ၆၉၄
ကျွန်ဂို (အာဖရိက)                                      ၅၉၅
အမေရိကန် (မြောက်အမေရိက)              ၂၃၄
ဂွါဒါလုပ်(ပ) (ကရိဘီယံကျွန်းစု)                ၂၀၃
ဘူဂွန်ဒီ (အာဖရိက)                                  ၁၉၂
ဟေတီ (အနောက်အိန္ဒိယကျွန်းစု)            ၁၈၆
ဘာတေဒိုး(စ) (.........)                               ၁၇၃
တြိနိဒက် (တောင်အမေရိက)                   ၁၅၈

ဒီကိန်းဂဏန်းတွေဟာ ၁၉၉၀ လောက်က ဖြစ်တယ်။ အခုဆိုရင် အာဖရိကပြီး အာရှက လိုက်နေပြီ။ ဒါကြောင့်မို့ တတိယ ကမ္ဘာလို့ ဆိုကြတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ အချို့မှာ AIDS ဟာ ပိုပြီးဆိုးတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုရမှာပါ။

ကမ္ဘာပေါ်ရှိ AIDS ပိုးဝင်ပြီးဖြစ်သူ အားလုံးထဲက ၆၇% ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမျာ ရှိနေတယ်။ “ဖွံ့ဖြိုးဆဲ” ဆိုတဲ့ နာမဝိသေသနကလည်း ကြားကောင်းအောင် ခေါ်ထားတာပါ။ တစ်နည်းဆိုရင်တော့ ဆင်းရဲတဲ့ နိုင်ငံ၊ အောက်တန်းမှာ ရှိနေတဲ့ နိုင်ငံ၊ အခွင့်အရေးကို အပြည့်အဝ မခံစားရသေးတဲ့ နိုင်ငံလို့ ဘာသာပြန်လို့ ရပါတယ်။ လူတို့ရဲ့ ကျန်းမာရေး အဆင့်ကို ခြုံငုံပြီး ပြောရရင် စီးပွားရေး နိမ့်ကျလို့ အခွင့်အရေးမဲ့သူ၊ အခွင့်အရေးနည်းသူများ ကျန်းမာရေး ချို့တဲ့တယ်။ ရောဂါပို ဖြစ်တယ်ဆိုတာ သိပ်မှန်ပါတယ်။ ဆင်းရဲနွမ်းပါးမှုဟာ ရောဂါတွေရဲ့ ကြောင်းအင် အစစ်ပါ။

ဒီအချက်ဟာ AIDS မှာ ပိုလိုပ သိသာနေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွင်းမှာလည်း အဆင့်ဆင့် ရှိပြန်တယ်။ စီးပွားရေး အခြေအနေ ပိုကောင်းတဲ့ နိုင်ငံနဲ့ မကောင်းတဲ့ နိုင်ငံတွေပါ။ Least Developing Country (LDC) ဖွံ့ဖြိုးမှု အနည်းဆုံး ဆိုင်းပြည်တွေမှာ ပိုဆိုးပါတယ်။ LDC ထဲမှာ မြန်မာ ပါပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top