26
Mar

AIDS ရဲ့ ဂယက် (၅)

အခုအခြေအနေမှာတော့ တိုင်းပြည်အချို့တွေမှာ AIDS နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှု ဥပဒေတွေ ရှိပါတယ်။ ဥပမာတွေ ပြရရင် သြစတြေးလျ၊ ဂွာတီမာလာ၊ အစ္စရေး၊ တောင်ကိုရီးယားမှာ ပြည့်တန်ဆာတွေဟာ AIDS ပိုး ရှိ၊ မရှိ မစစ်မနေရလို့ ပြဌာန်း ထားတယ်။ သြစတြေးလျမှာဆိုရင် ၆ ပတ်တစ်ခါ စစ်ကြည့်တယ်။ ရှိတာတွေ့ရင် လိုင်စင်သိမ်းပစ်တယ်။ ဒါပေမယ့် ဒီလိုလိုင်စင် သိမ်းသူတွေက အစိုးရဆီက ပင်စင်လျှောက်လို့ ရတယ်။ ဂျာမဏီမှာ သေးစစ်လို့ ပိုးရှိကြောင်းတွေ့သူကို ခွဲထားလို့ ရတယ်ဆိုတဲ့ ဥပဒေ ရှိတယ်။

အီရတ်မှာ နိုင်ငံခြားက ပြန်လာသူ အားလုံးကို စစ်တယ်လို့ ဆိုတယ်။ တောင်အာဖရိကကတော့ နိုင်ငံခြားသားတွေထဲမှာ လိုအပ်မယ်ထင်တဲ့ လူတွေကို စစ်မယ်တဲ့။ တွေ့ရင် ပြည်နှင်ဒဏ် ပေးနိုင်တယ်။ ဆီးရီးယား ကတော့ နိုင်ငံခြားက ပြန်လာတဲ့ ကျောင်သားအားလုံးကို စစ်တယ်။ ဒီလိုပဲ နိုင်ငံအမျိုးမျိုးမှာ အမျိုးမျိုးရှိ ကြတယ်။ “ခွဲထားတယ်” ဆိုတာ quarantine (ကွာရန်တိုင်း) လို့ ခေါ်တယ်။ ဒီစကားကို ကြားဖူးကြမှာပေါ့။ လူတွေတွင် မကဘူး သစ်ပင် တိရစ္ဆာန်တွေကိုလည်း လုပ်လေ့ လုပ်ထ ရှိတယ်။

ရောဂါကို ပြည်ထဲ မဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ လူတွေမှာ ဒီကွာရန်တိုင်း လုပ်ရတဲ့ အကြောင်းကတော့ အထူးကူးစက်မြန် ရောဂါတွေဟာ သိပ်ပြီး လွယ်လွယ်ကူးနိုင်တယ်။ လူနာက ချောင်းဆိုး နှာချေလိုက်ရင် လူနာကို ထိမိရင်၊ သူသုံးနေတဲ့ ပစ္စည်း အဝတ်အစားတွေကို ကိုင်မိရင် ကူးစက်နိုင်တယ်။ ဒါကြောင့် ဒီလိုရောဂါရှင်တွေကို ပြင်ပလောကနဲ့ မဆက်သွယ်ဘဲ ခွဲထားရမယ်ဆိုတဲ့ ဥပဒေတွေ သတ်သတ် ထုတ်ကြတယ်။ ဒီလိုခွဲထားရမယ့် အချိန်ကာလအပိုင်းအခြား ဘယ်လောက်ရှိရမယ် ဆိုတာကတော့ ရောဂါ မကူးစက်နိုင်တဲ့ အချိန်အထိ ဖြစ်တယ်။ ဒါကို ကွာရန်တိုင်းလို့ ခေါ်တာ။

AIDS ရောဂါဟာ အထူးကူးစက်မြန် ရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ လူနာကို ထိရုံ သူ့ပစ္စည်းကိုင်ရုံနဲ့လည်း မကူးစက်နိုင်ဘူး။ လူလူချင်း ဆက်သွယ်ရေးမှာ ဆိုရင်လည်း လိင်စပ်ယှက်ခြင်း ကြောင့်သာလျှင် AIDS ကူးစက်နိုင်တာ။ ဒါပေမယ့် အထက်က တင်ပြခဲ့တဲ့ အတိုင်း ကွာရန်တိုင်းကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေ ရှိနေသေးပါတယ်။ ကျူးဘူးမှာဆိုရင် ဗိုင်ရပ်စ်စစ်လို့ ပိုးတွေ့နေသူတိုင်းကို “ကွာရန်တိုင်း” လုပ်ထားတယ်လို့ ဆိုတယ်။ အိန္ဒိယပြည် “တာမဲ(လ)နာဒူး” (Tamil Nadu) ပြည်နယ်မှာ ပြည့်တန်ဆာတစ်စုကို အကျယ်ချုပ် ချုပ်ထားခဲ့တယ်။

သူတို့ရဲ့ ဖြစ်အင်ကို မရှုသာတဲ့ လူမှုအခွင့်အရေး အုပ်စုတစ်စုကနေ ပြည်နယ်အစိုးရကို ဖွဲ့စည်းပုံဥပဒေအရ ဒီလိုလုပ်နိုင်ခွင့် မရှိဘူးဆိုပြီး ရုံးတင် တရားစွဲတယ်။ တရားရုံးက ပြည်နယ်အစိုးရဟာ ဒီအမျိုးသမီးတွေကို ခွဲထားတာဟာ တရားမဝင်ဘူလို့ အဆုံးအဖြတ် ပေးလိုက်မှ သူတို့ လွတ်သွားတယ်။ သမိုင်းက ကွာရန်တိုင်း အတွေ့အကြုံ တစ်ခုကတော့ ပထမ ကမ္ဘာစစ်ကြီးတုန်းက အမေရိကန်မှာ ဆစ်ဖလစ် မပွားဖို့အတွက် ရည်သန်ပြီး ဒီရောဂါပွားသူ ဒီရောဂါကိုယ်စလှယ်တွေ ဖြစ်တဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေကို ကွာရန်တိုင်း လုပ်ခဲ့တယ်။

ပေါင်း ၂၀၀၀၀ ကျော်ကို စခန်းတွေဖွဲ့ပြီး ခွဲထားခဲ့တယ်။ နောက်တွေ့ရတာကတော့ ဒီလို လုပ်တဲ့အတွက် ရောဂါပွားနှုန်းမှာတော့ မထူးခြားပါဘူးတဲ့။ ဒီလို ဥပဒေတွေနဲ့ အတင်းအကြပ်လုပ်ပေမယ့် လုပ်တိုင်းလည်း မအောင်မြင်ပါဘူးဆိုတာ သက်သေထူစရာ သမိုင်းတစ်လျှောက်မှာ အများကြီး ရှိခဲ့ပါတယ်။ ပြင်သစ်ပြည် ဆစ်ဖလစ်ရောဂါ စပေါ်တဲ့ အချိန်မှာ ပြင်သစ်ပါလီမန်ကနေ ၁၄၉၇ ခုနှစ်မှာ ထုတ်လိုက်တဲ့ ဥပဒေကတော့ ဆစ်ဖလစ် ရှိသူအားလုံးဟာ ပြင်ပကမ္ဘာနဲ့ ဆက်ဆံမှု အလုံးစုံကို ဖြတ်တောက်ပစ်ရမယ်၊ ဒီဥပဒေကို ချိုးဖောက်ရင် သေဒဏ်လို့ ဆိုတယ်။

ဒီသူတွေကို စိန့်ဂျာမိန်ဆိုတဲ့ နေရာမှာ ခွဲထားတာ မကြာခင် ပြည့်လျှံသွားလို့ ထားစရာမရှိတော့ဘူး။ နောက် ဥပဒေတစ်ခုက ဒီရောဂါရှိပြီး သိရက်နဲ့ ထိန်ချန် ဖုံးကွယ်ထားသူတွေကို ပဲရစ်မြို့ရှိ “စိန်ါ်” မြစ်ထဲမှာ ရေနစ်ပြီး သေစေမယ်တဲ့။ ဒီလောက် ကြပ်တည်းလှတဲ့ ဥပဒေကတော့ ဘယ်အကောင်အထည်ဖော်လို့ ရမှာလဲ။ စာရွက်ပေါ်က ဥပဒေအဖြစ်ပဲ တည်ရှိနေခဲ့တယ်။ ဥပဒေဆိုတာဟာ လူတစ်ဦး တစ်ယောက်ရဲ့ အခွင့်အရေးကို အလွန်တရာ ဆုံးရှုံးစေတဲ့ မတရားမှုမျိုး မဖြစ်ထိုက်ပါဘူး။

ဒါပြင်လည်း ဘယ်ဥပဒေဖြစ်ဖြစ် ဘာပညတ်ပဲ ဖြစ်ဖြစ် လိုက်နာဖို့ လွယ်လေလေ ပီပြင်စွာ လိုက်နာလေပဲ။ လိုက်နာဖို့ ခက်လေလေ ချိုးဖောက်သူ ဦးရေများလေ ဖြစ်မှာပဲ။ ဒါကတော့ ဆန့်ကျင်လို့ မရတဲ့ သဘာဝပါ။ ဥပဒေတစ်ခု ထုတ်ရင် ဘယ်လို ဒီဥပဒေကို လိုက်နာအောင် လုပ်ရမလဲ ဆိုတာကိုလည်း ထည့်စဉ်းစားရမှာပါ။ ဥပဒေထုတ်လိုက်ရတဲ့ ပထမဆုံး ဦးတည်ချက် ရည်မှန်းချက်ကို မေ့မပစ်ထိုက်ဘူး။ ဥပဒေနည်း ဖြစ်ဖြစ် အခြားနည်းဖြစ်ဖြစ် ဘယ်နည်းကိုပဲ ကျင့်သုံးပါစေ ထိရောက်ဖို့က အဓိက အကျဆုံးပါ။

ဒီလို ဥပဒေတွေထုတ်ရုံနဲ့ ပြီးရောတဲ့လား၊ ထိရောက်မှာလား၊ လိုက်နာနိုင်မှာလား၊ လိုက်ကောက် လိုက်နာကြပါ့မလား။ ဒီလောက် လူ့အနာဂတ် တစ်ခုလုံးကို ထိခိုက်မယ့် ကပ်ကြီးနဲ့ ကြုံနေတဲ့အခါမှာ ကာကွယ်မှု အလုပ်လုပ်ဖြစ်ဖို့က နံပါတ်တစ် အရေးကြီးဆုံးပဲ။ ဒါကြောင့် ဥပဒေတွေ လုပ်ရင်လည်း သေသေချာချာ စဉ်းစားပြီး ပြဿနာကို အရင်းအမြစ်ကျကျ ဖြေရှင်းတဲ့ ဥပဒေမျိုးသာ ဖြစ်ထိုက်တယ်။ အမြင်ကျယ်ရမယ်။ ရေရှည်ကို ကြည့်ထိုက်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top