29
Mar

AIDS ရဲ့ ဂယက် (၆)

ရောဂါရှိနေသူတွေအပေါ် ရောဂါမရှိတဲ့သူ (မရှိသေးတဲ့သူ) တွေက ဘယ်လို တုံ့ပြန်ခဲ့တယ် ဆိုတာတော့ သိကြရပြီ။ ရောဂါရှင်တွေ အပေါ်မှာတော့ AIDS ရောဂါရဲ့ ဂယက်က ဘယ်လိုရှိသလဲ။ ဒီမှာ စဉ်းစားပြီး နားလည်ထားဖို့ လိုတာကတော့ ဘယ်သူမဆို အင်မတန်မှ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီး တစ်ခုနဲ့ ဖြုန်းခနဲ ရင်ဆိုင်ရတဲ့ အခါမှာ သူရဲ့ စိတ်ဓာတ်တွေဟာ ဘယ်လို ထိခိုက်ပြီး ပုံမှန်အနေနဲ့ ဘယ်လို တုံ့ပြန်မှုမျိုးတွေ လုပ်တတ်သလဲ ဆိုတာ စိတ္တဗေဒ အခြေခံရှု့ထောင့်ကနေ လေ့လာပြီး သိထားထိုက်တယ် ဆိုတာပဲ ဖြစ်တယ်။

ဒီလို အရင်ခံကျတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင်ပေါ်မူတည်တဲ့ အတွေးအခေါ်မျိုးမရှိရင် ဒီလူတွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို သဘောပေါက် နားလည်မှာ မဟုတ်ဘူး။ သဘောမပေါက်ရင် လက်တွေ့မှာ တကယ်အစွမ်းထက်တဲ့ ထိရောက်မှု အဖြေကို ရှာရမှာ မဟုတ်ဘူး။ ဒီရန်ကို ဖြိုရာမှာ အဖြေကောင်း အဖြေမှန်ရဖို့က အရေးကြီးတာ မဟုတ်လား။ ဒါဟာ လူမှုပြဿနာ တစ်ခုဖြစ်တယ်။ လူမှုပြဿနာဆိုတာက နက်ရှိုင်းတဲ့ ပြဿနာမျိုးပါ။ လွယ်လွယ် အပေါ်ယံ ကြောကြည့်ပြီး ဆုံးဖြတ်ချက်ပေးလို့ ရတာမျိုး မဟုတ်ပါဘူး။

"AIDS ဖြစ်နေပြီတဲ့" လို့ သိလိုက်တာနဲ့ ဘဝနဲ့ အသက်ပါ ဆုံးရှုံးရတောမယ့် အရေးအခင်းကြီးနဲ့ ပက်ပင်းတွေ့ကြရတော့တာပဲ။ ဘယ်လောက်ပူဆွေး ဒုက္ခရောက်ပြီး ကြောက်လိုက်မလဲ။ စိတ်ဝင်စားပြီး မျှော်လင့်ချက် ကုန်ခမ်း ရပြီမို့ ရပ်တည်ရာမရ ဖြစ်လိုက်မလဲ။ ဒီတော့ သူရဲ့အတွင်းစိတ်ဓာတ်က ပထမဆုံး တုံ့ပြန်လိုက်တာက ဒါကို ငါလက်မခံနိုင်ဘူး၊ လက်မခံဘူး။ ဘယ်လက်ခံ ချင်ပါ့မလဲ၊ သူရဲ့ ဆုံးရှုံးမှုကြီးကိုလည်း ကြည့်ပါအုံး။ ငါ့ကိုမှ ဘာလို့ လာဖြစ်ရတာလဲ၊ တစ်ခြားသူတွေတော့ ဘာလို့မဖြစ်သလဲ၊ ဒါမတရားဘူး။ လောကကြီးဟာ မတရားဘူး ဆိုပြီး သောက စိတ်ကနေ ဒေါသစိတ်၊ မခံချင်စိတ်၊ အာဃာတတွေအထိ ဖြစ်သွားတယ်။

ငါအပြစ်နဲ့ ငါပဲ၊ ခံရမှာပေါ့၊ ကျန်တဲ့သူတွေက ဒဏ်ခတ်မယ်ဆိုလည်း ခံထိုက်ပါတယ်။ သူတို့အဆိုး မဟုတ်ပါဘူး။ ငါ့အဆိုးပါ ဆိုပြီး ညင်သာနူးညံ့တဲ့ စိတ်တွေနဲ့ တရားနဲ့ ဖြေတာမျိုးဟာ တကယ်လက်တွေ့လောကမှာ မရှိသလောက် ရှားလှပါတယ်။ ဝတ္ထု၊ ရုပ်ရှင်ဇာတ်လမ်း စသည်တို့ထဲက စိတ်ကူးမှုက ဖန်တီးထားတဲ့ ဇာတ်ကောင်တွေမှာသာ ရှိချင်ရှိမှာ။ ဒါကြောင့်မို့ တင်းစာတွေထဲမှာ ပါလာကြတာ ရှိတယ် မဟုတ်လား။

အင်္ဂလန်မှာ လူတစ်ယောက်ဟာ သူ့မှာ AIDS ရှိနေမှန်း သိရက်နဲ့ မျိုးသမီး ၁၀ယောက်ကျော်နဲ့ စပ်ယှက်ပြီး AIDS ရောဂါကို ပေးခဲ့တယ်။ အဲဒီထဲမှာ ၁၀ ယောက်ဟာ ဆက်ကျော်သက် အရွယ်ငယ်ငယ်ကလေးတွေပဲ ရှိသေးတယ်။ အကြောင်းသိရက်သားနဲ့ ဘာလို့ ဒီိလိုလုပ်တာလဲလို့ မေးတော ကျုပ်ကိုလည်း AIDS ရောဂါကို တစ်ပါးသူတစ်ယောက်က ပေးလိုက်တာပဲ မဟုတ်လားလို့ ပြောတယ်။ ကလဲ့စားချေချင်တဲ့ သဘောပေါ့။ သူ့ကို သွားပြီး အပြစ်တင်ဝေဖန် စိတ်ဆိုးနေလို့လည်း အလကားပဲ။

ကိုယ့်စိတ် ထိခိုက်ရုံမှအပ ဘာမှအရာမရောက်ဘူး၊ ကိုယ်က ဘယ်လိုထင်ထင်၊ ကိုယ်က အမှန်တရားဘက်က ရပ်တည်နေတယ်လို့ ယူဆပေမယ့် အခြားသူတွေကလည်း သူ့အယူသူ့ခံစားချက်နဲ့ ရှိကြဦးမှာပဲ။ မှားတာ မှန်တာမှ အပ ဒီလိုဖြစ်နေတဲ့ လူ့သဘာဝကိုတော့ လက်ခံရလိမ့်မယ်။ ဘယ်သူက ဘယ်လိုထင်ထင် သူ့ဖာသာသူ သူလုပ်ချင်တာတွေ ဆက်ပြီးလုပ်မယ့်သူတွေ ဒီကမ္ဘာမှာ ရှိကြတယ်ဆိုတာ အကြိမ်ကြိမ် တွေ့ခဲ့ပြီးသား မဟုတ်လား။

ဆိုကြပါစို့ AIDS ရောဂါလူနာတွေဟာ သူတို့ကိုယ်သူတို့ တို့တတွေဟာ ဘဝဆုံးပြီးသားပါ။ တစ်ပါးသူတို့တတွေကလည်း ဖယ်ကြဉ်ထားကြတယ်။ အပယ်ခံဘဝမှာတော့ သူတို့က ဖိနှိပ်ရင် ဖိနှိပ်ပါစေ။ တို့ကလည်း လုပ်ချင်တာ လုပ်မှာပဲလို့ ယူဆရင် ဘယ်လို ရှိမလဲ။ အခြေအနေ ပိုဆိုးနိုင်တာပေါ့။ AIDS ရောဂါသည် ဦးရေ များလာတော့ ဒီလိုကတ်ဖဲ့လုပ်တဲ့လူတွေ များလာခဲ့ရင် ထိန်းသိမ်လို့ မခက်ပေဘူးလား။ အပြစ်ပေး ဒဏ်ပေးလို့ ဆိုချင်ဆိုမယ် အားလုံးစုံစေ့အောင် ဖမ်းမိပါ့မလား။

ဒဏ်ပေးတာလဲ မကြောက်ဘူး၊ တို့ဟာ အဝအစွန်ဆုံး ရောက်နေပြီပဲလို့ သူတို့ကလည်း ထင်ကြမှာပေါ့။ ရလဒ်ကတော့ ရောဂါပွားနိုင်မယ့် အလားအလာပဲ။ စဉ်းစားစရာပါ။ ဒါလည်း ဖြစ်တတ်တဲ့ ကိစ္စ။ အရင်က အနာကြီးရောဂါသည်တွေကို ပုံစံပြလို့ ရပါတယ်။ သူတို့လည်း ဒီလိုပဲ ခံယူပြီး ပြင်ပလောကကို စိတ်ဆိုးစိတ်နာပြီး သူတို့ကို ဖယ်ကြဉ်သူတွေကို ကလဲ့စားချေ ရန်မှုလိုတဲ့ စိတ်တွေ ရှိခဲ့ကြတယ်။ ဒီလိုစိတ်မျိုးဟာ အထက်ဆိုခဲ့သလိုပဲ တရားသလား သဘာဝကျသလားလို့တော့ မမေးနေနဲ့ ဖြစ်တာဟာ ဖြစ်တာပဲ။

အနားကြီးရောဂါသည်တွေဟာ ဒုစရိုက်တွေ လုပ်ကြတယ်။ အရက်ချက်ရောင်းစား စသည်ပေါ့။ သူတို့ကိုလည်း အုပ်စုအဖြစ် ခွဲထားတော့ သူတို့အုပ်စုထဲရောက်သွားတဲ့ အနာကြီးရောဂါသည် မဟုတ်သူတွေကို ရန်ရှာတယ်။ ရိုက်မောင်း၊ ပုတ်မောင်းတောင် လုပ်တာမျိုးတွေ ရှိတယ်။ AIDS မှာလည်း ဒီလိုဖြစ်မလာဘူးလို့ မပြောနိုင်ဘူး။ အခုတောင် အနောက်နိုင်ငံမှာ ရောဂါရှင် ဂေး အုပ်စုတချို့မှာ ဒီလိုပဲ အကြမ်းဖက်ချင်တဲ့ လူတွေ ရှိလာကြပြီ။ တစ်ခုတော့ရှိတယ် သူတို့က ရိုးရိုးတန်းတန်း ဆန္ဒပြရင်လည်း ရဲစသည့် စည်းကမ်းထိန်းသိမ်းမှု အရာရှိတွေက သူတို့အပေါ် လူလူချင်း ခွဲခြားမှု အပြုအမူ အသုံးအနှုန်းတွေ ရှိခဲ့တယ်။

ဥပမာဆိုရင် တစ်ခါက ဒီဆန္ဒပြသူတွေကို လူစုခွဲရာမှာ ပုလိပ်တွေက ဒီဂေးတွေ AIDS ရောဂါရှိသူတွေ ဆိုပြီး လက်အိတ်ကြီးတွေစွပ်ပြီး ကိုင်ကြတယ်။ PWA (Persons with AIDS) (AIDS ရှိသူများ) ဆိုတဲ့ အုပ်စုတွေကလည်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ လုပ်ပြီဆိုရင် ဆန္ဒပြကြတယ်။ AIDS သုတေသနလုပ်ဖို့အတွက် ဘဏ္ဍငွေများများ ထုတ်ပေးဖို့၊ သူတို့ လူမှုအခွင့်အရေး မဆုံးစေဖို့ စတဲ့ တောင်းဆိုမှုတွေ တောင်းကြတယ်။ အမေရိကန်မှာဆိုရင် သူတို့ဦးရေ များလာတာနဲ့ အမျှ စည်းရုံးရေးတွေလုပ်ပြီး နိုင်ငံရေး ဆွဲဆောင်မှု အာဏာကို စသုံးလာကြတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top