18
Jul

AIDS ရဲ့ ဂယက် (၆)

တကယ့်လောကက အဖြစ်ကလေးတစ်ခုနဲ့ ဥပမာ ပြရမယ်ဆိုရင် လီဆာဆိုတဲ့ လူမည်းအမျိုးသမီးငယ် ကလေးတစ်ဦးဟာ မူးယစ်ဆေး စွဲနေတဲ့ နယူးယောက်မြို့သူမလေး ဖြစ်တယ်။ သူ့မှာ AIDS ရှိနေတယ်၊ သူ့ယောက်ျားနဲ့ နို့စို့ အရွယ်သာရှိသေးတဲ့ သားကလေးကတော့ AIDS ရောဂါနဲ့ ဆုံးသွားပြီး ကျန်နေတဲ့ သမီးငယ်ကလေးမှာတော့ AIDS ရောဂါ မပေါ်သေးပေမယ့် ရောဂါပိုးကတော့ တွေ့နေပြီ။

ဒီကလေး AIDS ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်လို့ သူကပြောတယ်။ သူ့ရဲ့အဖေတူ မအေကွဲ မောင်တစ်ယောက်မှာလည်း AIDS ရော၊ ကာလသား ရောဂါရော ရှိတယ်။ ဒါကတော့ ကမ္ဘာ့ထိပ်တန်းမြို့ကြီးက ဆင်းရဲသား အလွှာမှာ တကယ်ဖြစ်နေတဲ့ ဝမ်းနည်းစိတ်ပျက်ဖွယ် ဇာတ်လမ်းကလေး တစ်ခုပဲ။ ဒီဇာတ်လမ်မျိုးတွေ အခြားအပြည်ပြည် အရပ်ရပ်မှာလည်း ရှိလို့ နေသေးမှာ သေချာတယ်။ ၁၉၉၈ ခုမှာ AIDS ရော၈ါ ဖြစ်နေပြီလို့ သတင်းပို့ထားတဲ့ နိုင်ငံတွေကတော့ -
အာဖရကမှာ - ၂၆ နိုင်ငံ
ကရိဘီယန်ကျွန်းစုတွေမှာ - ၁၁ နိုင်ငံ
လက်တင်အမေရိက (တောင်မမေရိက) မှာ - ၁၇ နိုင်ငံ
မြောက်အမေရိကတိုက်မှာ - ၂ နိုင်ငံ
အာရှမှာ - ၆ နိုင်ငံ (အဲဒီတုန်းက မြန်မာ တရားဝင် မပါသေးဘူး)
ဥရောပမှာ - ၁၈ နိုင်ငံ
အိုရှန်နီးယား (နယူဇီလန်၊ သြစတြေးလျနဲ့ ပစိဖိတ်သမုဒ္ဒရာမှာ ကျွန်းငယ်ကလေးများ) - ၂ နိုင်ငံ

ဒီလိုဆိုတော့ AIDS ရောဂါ အဖြစ်များဆုံးဟာ အာဖရိက၊ ကရိဘီယန်၊ ဥရောပနဲ့ မြောက်အမေရိက တို့ဖြစ်တယ်။

AIDS ပေါ်စက AIDS ကို “ဂေး” ရောဂါလို့ မြင်ကြတဲ့ အချိန်မှာ AIDS ဖြစ်တာဟာ ယောက်ျားတွေ များတယ်။ နောက်ကျတော့ အထက်တစ်နေရာမှာ ဖော်ပြပြီးဖြစ်တဲ့အတိုင်း မူးယစ်ဆေးထိုးလို့ ကူးစစက်မှု၊ လိင်မတူ ဆက်ဆံမှုကြောင့် ကူးစက်မှုတွေ ဖြစ်လာတော့ မိန်းမ ယောက်ျား ရောဂါဖြစ်နှုန်းဟာ သိသိသာသာ ပြောင်းလာခဲ့တယ်။ အခုအချိန်မှာဆိုရင် မိန်းမတွေဟာ AIDS ရောဂါကြောင့် အထိနာနေတဲ့ အုပ်စု ဖြစ်မှန်းမသိ ဖြစ်လာပြီ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ခန့်မှန်းခြေကတော့ AIDS ပိုင်းရပ်စ်ပိုး ကိုယ်တွင်း ရှိနေပြီးသူ ဦးရေဟာ ၆ သန်း ရှိတယ်။ အဲဒီ အထဲမှ သုံးပုံ တစ်ပုံဟာ မိန်းမတွေ ဖြစ်တယ် (နှစ်သန်း)။

အမေရိက၊ အနောက်ဥရောပ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ လက်တင်အမေရိက (တောင်အမေရိက) မှာ ယောက်ျား မိန်းမ ဖြစ်နှုန်းအချိုးဟာ ၉း၁ ဖြစ်တယ်။ တကယ်ဖြစ်နေသူ အရေအတွက်မှာတော့ မိန်းမပေါင်း သုံးသိန်း AIDS ရှိတယ်။ (ဒီအချိုးဟာလည်း နောက်ပြောင်းမယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေမှာ ပထမပိုင်းမှာ ယောက်ျားချင်း ဆက်ဆံခြင်းမှ ရောဂါရတာများပြီး နောက်မှာတော့ လိင်မတူ ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးကြောင့်ရခြင်း၊ ပုံစံကိုပြောင်းမှာမို့ ဖြစ်တယ်)။ ဒီနိုင်ငံတွေမှာ ကူးစက်ပုံစံအရ ကူးစက်တဲ့ နိုင်ငံဖြစ်တယ်။

ကရိဘီယန် အလယ်ပိုင်း အမေရကနဲ့ တောင်အမေရိက ယောက်ျားနဲ့ မိန်းမဟာ အတူတူ အချိုးလောက်ရှိမယ်။ ဒီနိုင်ငံတွေက ပုံစံ I/II ရောရာ နိုင်ငံတွေ ဖြစ်တယ်။

အာဖရိကရှိ ဆဟာရသဲကန္တာရရဲ့ တောင်ပိုင်းရှိ နိုင်ငံတွေမှာတော့ အချိုးဟာ ဆတူရှိတယ်။ (ပုံစံ II) မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပနဲ့ အာရှနဲ့ ပစိဖတ် သမုဒ္ဒရာဒေသမှာတော့ ယောက်ျားမိန်းမ အချိုးဟာ ၁.၅း၁ ဖြစ်တယ်။ (ပုံစံ III) ဒီတိုင်းပြည်တွေမှာ ကမ္ဘာနဲ့ ယှဉ်ဖြစ်သူဦးရေဟာ နည်းသေးသော်လည်း ဒီနေရာတွေမှာ ပွားမှုဟာ မြန်နေတာကြောင့် မကြာခင် တက်လာမှာ ဖြစ်တယ်။

HIV (အိပ်ခ်ျအိုင်ဗွီ) (AIDS ရောဂါ ဗိုင်းရပ်စ်ပိုး) ဝင်ပြီးသူများ ၁၉၈၈ နှင့် ၁၉၉၀ နှိုင်းယှဉ်ပြဇယား (၁၉၉၀ အတွက် ခန့်မှန်းကိန်းဂဏန်း)

ပုံစံ ပိုးဝင်ပြီးသူ ဦးရေ ယောက်ျား/မိန်းမ အချိုး ပိုးဝင်ပြီးသူ အမျိုးသီး အရေအတွက်
၁၉၈၈ ၁၉၉၀ ၁၉၈၈ ၁၉၉၀ ၁၉၈၈ ၁၉၉၀
I ၂၅ သိန်း ၁၅ သိန်း ၉း၁ -၉း၁ .၅ သိန်း .၅ သိန်း
I/II - ၁၀ သိန်း - -၅း၁ - ၂ သိန်း
II ၂၅ သိန်း ၅၀ သိန်း ၁း၁ ၁း၁ ၁၂.၅ သိန်း ၂၅ သိန်း
III ၁ သိန်း ၅ သိန်း ၁း၁ .၅း၁ ၁ သိန်း ၂ သိန်း
ပေါင်း ၅၁ သိန်း ၈၀ သိန်း     ၁၆ သိန်း ၃၀.၅ သိန်း

ဒီတော့ ၁၉၉၈ ခုနဲ့ ယှဉ်လိုက်ရင် ၁၉၉၀ မှာ AIDS ပိုးဝင်ပြီးသူ အမျိုးသမီး ဦးရေဟာ ၁.၅၅ သန်းကနေ ၃.၀၅ သန်းအထိ တက်သွားမယ် (နှစ်ဆ)။ အဲဒီစုစုပေါင်း ဦးရေထဲမှာလည်း ၅၀% ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ ဖြစ်နေတယ်။ ဒီအမျိုးသမီးတွေထဲက ၈၀% ဟာ လူငယ်လူရွယ် သားသမီးရှိနိုင်တဲ့ သက်ပိုင်းမျာ ဖြစ်ကြတယ်။ ဒီတော့ ဆက်ပြီး ဘာတွေဖြစ်သွားနိုင်သလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဒါပြင်လည်း AIDS ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို အဘက်ဘက်က ထိနိုင်တဲ့ ရောဂါပါ။ (နာတာရှည် ကူးစက်ရောဂါလည်း ဖြစ်ပြီး လူမှုရေးကိုလည်း ထိခိုင်တယ်။) လူအဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ဘယ်လိုဘက်စုံ ပါနေရသလဲဆိုတာ တွေးကြည့်ရင် သိသာမှာပါ။ မိသားစုအတွက် ငွေကြေး မရှာရသည့်တိုင် (အခုခေတ်မှာတော့ အများစုဟာ ရှာကြရပါတယ်) အိမ်မှာ ယောက်ျားကအစ သားသမီး မိဘ အတူနေဆွေမျိုး စသည်တို့ကို ပြုစုစောင့်ရှောက်မှု ပေးခြင်း၊ အိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊ နှစ်သိမ့်မှု ပညာပေးမှုကို ပြုရခြင်း စသည်တို့ကို မအားအလပ် လုပ်နေရတဲ့ စောင့်ရှောက်မှု မျိုးစုံကို ပေးသူပါ။

ဒီတော့ သူတစ်ယောက် နာကောင်တုံးလုံး ဖြစ်သွားပြီဆိုရင် တစ်အိမ်ထောင်လုံး ဘယ်လောက် ဒုက္ခရောက်ကြမလဲ။ အမျိုးသမီးတွေ အများအပြား ဒီလို ဖြစ်ကြရတယ်။ တိုင်းပြည်တစ်ပြည်လုံးနဲ့ ကမ္ဘာဆိုရင် လူ့အဖွဲ့အစည်း အတွက် ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်နည်းတစ်ဖုံ ဆိုးစေလာမှာပါ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top