အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ကလေးမွေးနိုင်တဲ့ လူရွယ်တွေမှာ ဖြစ်ကြတာကို ဆက်ပြီးလေ့လာကြည့်တော့ အမေရိကမှာဆိုရင် နယူးဂျာဆီမှာ ကိုယ်ဝန်ဆောင်သူ အားလုံးရဲ့ ၄.၃ %၊ မိုင်ယာမီမှာ ၃.၆%၊ နယူးယောက်မှာ ၃.၁%နဲ့ ဘောစတန်မှာ ၁.၇% တို့မှာ AIDS ပိုးဝင်ပြီး ဖြစ်နေတာကို တွေ့ရတယ်။ တချို့သော သားဖွားဆေးရုံမှာ စစ်တော့လဲ ၁% နီးနီးမှာ ပိုးတွေ့နေပြန်တယ်။ အမေရိကမှာ မူးယစ်ဆေးဝါး သုံးသူ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင် AIS ရောဂါသည်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။
လိင်မတူ စပ်ယှက်မှုကြောင့် အကူးအစက်များတဲ့ နေရာတွေ (ဥပမာ အာဖရိက) မှာဆိုရင် အမျိုးသမီး အရွယ်ငယ်၊ အရွယ်လတ်တွေ ခပ်များများ ဗိုင်းရပ်စ်ရှိနေကြမှာ ဖြစ်တယ်။ ခန့်မှန်းအရတော့ အာဖရိက အလယ်ပိုင်းနဲ့ အရှေ့အာဖရိကမှာ ၂ - ၁၅ % အထိသော ကိုယ်ဝန်ဆောင်သူတွေမှာ ပိုးရှိနေတယ်။ အနောက် အာဖရိကမှာတော့ ၃% အထိ ပိုးရှိနေသူတွေကို အလားတူ ကိုယ်ဝန်ဆောင်တွေမှာ တွေ့ရတယ်။ AIDS ပိုးဝင်ပြီးသူ (သို့မဟုတ် AIDS ရောဂါ ရပြီး) အမျိုးသမီးရဲ့ ဘဝကတော့ တကယ့်ကြေကွဲစရာကောင်းတဲ့ ဒုက္ခပင်လယ်ဝေမယ့် ဘဝပါ။
သူမွေးမယ့် ကလေးနှစ်ယောက်မှာ တစ်ယောက်ဟာ AIDS ဖြစ်နိုင်တယ်။ AIDS ဖြစ်တဲ့ကလေးဟာ အများအားဖြင့် အသက်နှစ်နှစ်မှာ သေခဲ့တာပဲ။ ဒီကိုယ်ဝန်တွေကို သားလျှောအောင် လုပ်ပစ်ဖို့ကလည်း တချို့တိုင်းပြည်တွေမှာ သပဒေ အရသော်လည်းကောင်း၊ ဓလေ့စရိုက်အရသော်လည်းကောင်း မဖြစ်နိုင်ဘူး။ ကလေးမမွေးအောင် လုပ်ဖို့ရာမှာလည်း ဒီလိုပဲ တချို့နေရာမှာ လုပ်ခွင့်ရသည်တိုင်အောင် ငွေက တတ်နိုင်ဦးမှ၊ ဆင်းရဲသူမှ ပိုဖြစ်တဲ့ ရောဂါဆိုတော့ ဒီသူတွေမှာ အခွင့်အရေး ဘယ်ောလက်ရှိမှာလဲ။
တချို့ လူမှုရေးထုံးစံက ကလေး မမွေးနိုင်တဲ့ မိန်းမကို ရှုတ်ချပြီး ဝိုင်းပယ်ချင်တာတွေ ရှိတယ်။ နောက်ဗိုင်းရပ်စ်ပိုး ရှိပြီးဖြစ်တဲ့အကြောင်းကို မိဘဆွေမျိုးနဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေ သိလာရင် သူ့ကို ဘယ်လိုသဘောထားမလဲ၊ တချို့သော လူမှုအဖွဲ့အစည်းမှာ ဒါမျိုးကို သိပ်ပြီး ကဲ့ရဲ့ပြစ်တင်ပြီး ရှက်စရာလို့ မြင်တာမို့ ဒီအမျိုးသမီးတွေကို ပစ်ပယ်စွန့်လွှတ်ချင်တာတွေ ရှိနိုင်တယ်။ ယောက်ျားတွေကလည်း ပစ်သွားကြမှာပဲ။ ဒီတော့ ခိုကိုးရာမဲ့ ဘဝ၊ ရောဂါဝေဒနာရဲ့ ဖိစီးခြင်းလည်း ခံနေရဆိုတော့ ဘယ်ဘက်ကို လှဲ့စရာရှိသလဲ၊ ဆင်းရဲတဲ့ တန်းအလွှာကဆိုရင်တော့ ဆက်လက်နေသာရုံ ကလေးနေဖို့အတွက်ကို ဘဝဆုံးဖြစ်တဲ့ ပြည့်တန်ဆာဘဝကို ရှေ့ရှုရမယ့် အလားအလာပဲ ရှိတော့တယ်။
ဒီ AIDS ဗိုင်းရပ်စ်ပိုး ရှိပြီးသူတွေက မွေးတဲ့ကလေးတွေ ဘယ်လိုနေကြသလဲ။ အနည်းငယ် သိထားတာတော့ ဥရောပနဲ့ မြောက်အမေရိကမှာဆိုရင် ဒီအမေတွေက မွေးတဲ့ကလေး ၃၀-၆၅ % ဟာ AIDS ပိုး ပါလာမယ်။ အာဖရိကမှာ ဘယ်လိုရှီမယ်ဆိုတာတော့ အခု လောလောဆယ်မှာ သုတေသန လုပ်တုန်းပဲ ရှိသေးတယ်။ အာဖရိက နိုင်ဂိုဘီမြို့မှာဆိုရင် AIDS ပိုးရှိပြီးသူ အမေတွေက မွေးတဲ့ကလေးတွေကို စစ်ကြည့်တော့ ၅၁% မှာတွေ့တယ်။ ကင်ရှာစာမြို့မှာတော့ ဒီလို အမေတွေကမွေးတဲ့ ကလေး ၆၀၀ ကို စစ်ကြည့်တော့ ၄၆% မှာ တွေ့ပြန်တယ်။ သုတေသီတို ပြောချက်အရတော့ ၁၉၈၈ က အမေရိကန်မှာ AIDS ဗိုင်းရပ်စ်ပါပြီးသူ ကလေးပေါင်း ၄၈၀၀ ရှိမယ်တဲ့။
ဒါတောင် အမေရိကန်မှာက AIDS ပိုးရှိပြီး ကိုယ်ဝန်ဆောင်နိုင်သူ အရွယ်ရှိ အမျိုးသမီးတွေဟာ ၅% ပဲ ရှိတာ။ ဒီတော့ အာဖရိက အလယ်ပိုင်းတို့လို အမျိုးသမီးတွေမှာ ပိုးတွေ့နှုန်းများတဲ့ တိုင်းပြည်တွေမှာဆိုရင် AIDS ပိုးနဲ့ ကလေးတွေဟာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် များမှာပဲ။ “ရာဝမ်းဒါး” မှာဆိုရင် ၁၉၈၇ ခုနှစ်မှာ AIDS ဖြစ်နေသူ အားလုံးပေါင်းရဲ့ ၃၅% ဟာ ကလေးတွေတဲ့။ အဲဒီနှစ်မှာပဲ ဇန်ဘီးယား မှာလည်း AIDS ပိုးရှိသူ ကလေးပေါင်း ထောင်ပေါင်းချီပြီး မွေးမှာလို့ တာဝန်ရှိ ကျန်းမာရေး အရာရှိတွေက ပြောတယ်။
ကမ္ဘာမှာ ကလေးလေးတွေ ဘယ်နှစ်ယောက် AIDS ဖြစ်နေတယ်ဆိုတာတော့ အတိအကျ ကိန်းဂဏန်းနဲ့ မပြောနိုင်ဘူး။ ၁၉၈၈ ခုနှစ်မှာတော့ အမေရိကန်မှာ ကလေးပေါင်း ၂၀၀၀ လောက် မိခင်ဆီက AIDS ပိုး ရခဲ့တယ်။ တစ်ကမ္ဘာလုံးမှာ AIDS ပိုးရှိနေသူ အမျိုးသမီး၊ အမျိုးသားတွေရဲ့ ၅၀% ဟာ အသက် ၂၅ နှစ်အောက်မှာရှိမယ်။ အများစုဟာ ဆယ်ကျော်သက်ရွယ်က ဒီပိုးဝင်ခြင်း ခံခဲ့ရတာဖြစ်တယ်။ ဒီတော့ ရှေ့မှာ သူတို့မွေးမယ့် ကလေးတွေ ဘယ်လောက်များမလဲ တတ်အပ်မပြောနိုင်သေးဘူး။ တွက်ချက်မှုအရတော့ ၁၉၉၂ ခုမှာ ဆာဟာရ ကန္တာရရဲ့ တောင်ပိုင်းရှိ အာဖရိက နိုင်ငံတွေမှာ AIDS ရောပိုး ပါရှိတဲ့ မွေးစကလေးပေါင်း ၂၅၀၀၀၀ လောက် ရှိမယ်တဲ့။ နယူးယောက် တစ်မြို့တည်းမှာပဲ အခုအချိန်မှာ ကလေးမွေးကြမယ့် အရွယ်တွေဖြစ်တဲ့ အမျိုးသမီးပေါင်း ၃၅၀၀၀ မှ ၄၀၀၀၀ ဟာ AIDS ပိုး ဝင်ပြီး နေသူတွေ ဖြစ်တယ်။
နယူးယောက်မှာဆိုရင် အသက် ၂၅-၄၀ အမျိုးသမီးတွေရဲ့ သေဆုံးရခြင်းဟာ AIDS ကြောင့် အများဆုံး ဖြစ်တယ်။ (ဒီလို အသက်အရွယ်အပိုင်းမှာ သူတို့နိုင်ငံမှာ သေဆုံးသူ နည်းပါးတယ်။ ကားတိုက်ခြင်း စတဲ့ ထိခိုက်ဒဏ်ရာနဲ့မှ အပ အခြားရောဂါကြောင့် သေတာ နည်းတယ်)။
ယူဂန်ဒါနိုင်ငံ “ကန်ပါလာ” မှာဆိုရင် အမျိုးသမီး ၂၄% မှာ AIDS ပိုးရှိပြီး ဖြစ်နေတယ်။ ဒီတော့ AIDS ရောဂါပိုးကြောင့် မွေးစကလေး သေဆုံးမှုနှုန်းဟာ ၃၈% အထိ တက်သွားတယ်။ ဒီက ဆက်ပြီး အသက် ၅ နှစ်အောက်ရှိ ကလေးတွေ သေနှုန်းကို တွက်ကြည့်မယ်ဆိုရင် အခုသေနှုန်းထက် နှစ်ဆ တက်သွားနိုင်တယ်။ ဟေတီကျွန်း ပေါ့သြပင့်(စ်) ရှိ မိဘမဲ့ ကလေးဂေဟာ တစ်ခုက အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်ကြည့်တော့ ၅၅% မှာ AIDS ဗိုင်းရပ်စ်တွေ့ရတယ်တဲ့။ ဒါကြောင့် AIDS ဟာ လူတစ်ဦးထဲ မဟုတ် မိသားစု တစ်ခုလုံးကို ပြုတ်ပြုတ်ပြုန်းအောင် လုပ်နိုင်တဲ့ ရောဂါပါ။
ကလေးမှာ AIDS မပါလာဘူး၊ မရှိဘူးဘဲ ထားဦး၊ (AIDS ရှိသူ အမေတစ်ယောက်ကမွေးတဲ့ ကလေးများမှာ ပျမ်းမျှအားဖြင့် ၄၀-၅၀ % လောကက်မှာ AIDS ပါလာနိုင်တယ်) AIDS ဖြစ်နေသူ မိဘတွေဟာ ငယ်ရွယ်သူတွေဖြစ်ပြီး ငယ်ငယ်နဲ့ပဲ သေကုန်ကြတော့ သူတို့ကလေးတွေဟာ မိဘမဲ့တွေ ဖြစ်လာကြတယ်။ နယူးယောက်မြို့မှာဆိုရင် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ AIDS ပိုးမရှိဘဲ ကျန်းကျန်းမာမာ ရှိနေတဲ့ ကလေးပေါင်း ၇၅၀၀၀-၈၅၀၀၀ ဟာ သူတို့ရဲ မိဘတွေ AIDS နဲ့ သေကုန်ကြပြီ ဖြစ်လို့ မိဘမဲ့ ဖြစ်ကြရမယ်။ နောက်တစ်မျိုး တွက်ထားတာကတော့ နယူးယောက်မှာပဲ အခုရှိ လူတွေ သက်တမ်းမှာ ကလေးငယ် တစ်သိန်း အထိဟာ အနည်းဆုံး မိဘတစ်ဦး AIDS ကြောင့် သေဆုံးပြီး ဖြစ်နေလိမ့်မယ်တဲ့။ ဒီလိုပဲ ၁၉၉၀ မှာ တန်ဇန်နီးယားပြည် (အာဖရိက) ကံပါရာနယ်မှာ ကလေး ၅၀၀၀ ဟာလည်း မိဘမဲ့ ဖြစ်လိမ့်မယ်။
ဒီတော့ AIDS ဟာ အဖေ၊ အမေ၊ ကလေးကိုပါ သေဆုံးစေတဲ့ ရောဂါဖြစ်တဲ့အပြင် ကျန်ခဲ့တဲ့ ကလေးဆွေမျိုးသားချင်းတွေကိုပါ ပါဝင် ပတ်သက်အောင် လုပ်တဲ့ ရောဂါပါ။ ဒါကြောင့် AIDS ရောဂါဟာ မိသားစုရောဂါလို့ အသိအမှတ် ပြုလာကြရပါပြီ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




