16
Aug

AIDS ရဲ့ ဂယက် (၈)

နယူးယောက်မြို့ရှိ အိမ်ထောင်စုတစ်ခုမှာ အဖေရယ် သမီးငယ်ရယ် သားငယ်ရယ် ၃ ယောက်မှာ AIDS ရောဂါ ရှိတယ်။ ပထမ အဖေဆုံးတယ်၊ နောက် သားဆုံးပြန်တယ်၊ အခုဆို သမီးလေးလည်း ရှိမှာ မဟုတ်တော့ဘူး။ ဒီမိသားစုရဲ့ ဒုက္ခ သောက ဗျာပါဒ ဘယ်လောက်ရှိလိုက်မလဲ။ ဒါတွေဟာ နောက်ပိုင်းမှာ အခြားသော တိုင်းပြည်တွေမှာလည်း ဖြစ်လာစရာ ရှိပါတယ်။ ဒီဥပမာတွေကို အမေရိကနဲ့ အာဖရိက က ယူနေရတာကတော့ သူတို့ဆီမှာ ရောဂါ စဖြစ်နေတာ နှစ်နည်းနည်း ရသွားပြီမို့ပါ။

နောက် နှစ်များ မကြာမီမှာ အခြားပြည်တွေမှာလည်း ဒီလိုပုံစံမျိုး ဖြစ်မှာပါပဲ။ အာဖရိကက တကယ့်အဖြစ်အပျက်ကလေးတစ်ကို တင်ပြရမယ်ဆိုရင် “ဒန်ဆန်ကီလာမာ” ဟာ အသက် ၁၅ နှစ်အရွယ်ရှိ မိဘမဲ့ ယောက်ျားကလေး ဖြစ်တယ်။ အဖေရော အမေပါ AIDS နဲ့ သေသွားခဲ့ပြီ။ သူနဲ့ သီအစ်ကို မောင်နှစ်မပေါင်း ၉ ယောက်ဟာ သူတို့အဖိုး “အီမယ်နူရယ် ကီးလာမား” နဲ့ သွားနေကြရတယ်။

၆၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒီအဘိုးကြီးမှာ အခြားသားတစ်ယောက်ရဲ့ မိဘမဲ့ မြေး ၅ ယောာက်ကိုလည်း ကြည့်ရသေးတယ်။ ငယ်ငယ်ရွယ်ရွယ် အစားကောင်းတဲ့အရွယ် မြေးပေါင်း ၁၄ ယောက်ကို သူဘယ်လိုလုပ်ပြီး ကျွေးမွေးရပါမလဲ။ အရင်သားတွေ အသက်ထင်ရှား ရှိတုန်းကတော့ ကော်ဖီစိုက်ခင်းကလေး လုပ်နိုင်လို့ ဝင်ငွေအနည်းအကျဉ်းနဲ့ အဘိုးကြီး ဖြစ်သလို နေခဲ့တယ်။ မိသားစုက တိုးလာတဲ့အချိန်မှာ သားတွေကလည်း မရှိတော့လို့ ဝင်ငွေကလည်း တစ်အားကျသွားတယ်။ မြေးကြီး၊ ဒန်ဆန်က အလုပ်ကလေးရှိတဲ့အခါ ရှိသလိုတော့ လုပ်ပါရဲ့ ဘယ်နှယ်လုပ် လောက်ပါ့မလဲ။

ဒန်ဆန်ကျောင်းလည်း မနေနိုင်ဘူး။ အလုပ်ရှာလို့လည်း မလွယ်ဘူး။ “ရွားသားတွေက ကျွန်တော့ မိဘတွေ ဒီ AIDS ရောဂါနဲ့ သေလို့ ရှက်ဖို့ ကောင်းတဲ့ မိသားစုဆိုပြီး ဆေးဖော်ကြောဖက် မလုပ်ချင်ကြဘူး၊ သနားကြင်နာတဲ့စိတ် မထားကြဘူး” လို့ ဒန်ဆန်က ပြောတယ်။ “ဒီလို ဒုက္ခကို အတူခံနေရတော့လည်း ညီအစ်ကို မောင်နှစ်မတွေဟာ တစ်နည်းတော့လည်း ပိုပြီး စည်းလံးပြီး တစ်ဦးကိုတစ်ဦးပဲ အားပေးနေရတယ်၊ ပိုပြီး ခင်မယ်တွယ်တာလာကြတယ်။ ရှိလည်း ဝေစား၊ မရှိလည်း ညီတူညီမျှ ဒီတစ်ခန်းထဲမှာပဲ အားလုံး အိပ်ရတယ်” တဲ့။ ဒီဖြစ်ရပ်ကလေးဟာ AIDS ကပေးလိုက်တဲ့ ဆိုးကျိုးအမွေဆက်ကြီးကြောင့် ကလေးတွေ ဘ်လိုခံနေရတယ်ဆိုတာကို ပြတဲ့ AIDS အဖြစ်များတဲ့ အာဖရိကတိုက်ရဲ့ တစ်နေရာက မြင်ကွင်းပါ။

တိုင်းပြည်တစ်ပြည်ဟာ တိုးတက်တယ် မတိုးတက်ဘူး ဆိုတာကို တိုင်းတဲ့ ကိုက်တံ ပေတံလို့ သတ်မှတ်ထားတဲ့ အတိုင်းအတာတွေထဲမှာ အထူး အလေးပေးခြင်း ခံရတာကတော့ မွေးစကလေး သေနှုန်းဖြစ်တယ်။ မွေးစသေနှုန်း ကျလာတဲ့တိုင်းပြည်ကို ဖွံ့ဖြိုးလာပြီလို့ သတ်မှတ်ပေးတယ်။ တစ်နည်းဆိုရင်လည်း မွေးစသေနှုန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်မှုကို ခြုံ့ပြီး ဖော်ထုတ်ပြတဲ့ မှတ်ကျောက်လို့ တင်စားထားကြတယ်။

အခုခေတ်မှာဆိုရင် ကမ္ဘာရှိ အတိုင်းတိုင်း အပြည်ပြည်မှာ မွေးစသေနှုန်းဟာ ကျလာတယ်၊ အရင်က သေနှုန်းမြင့်တဲ့ တိုင်းပြည်တွေမှာတောင် ကျဆင်းနေတာ တွေ့ရတယ်။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ ကျန်းမာရေး ကြိုးပမ်းချက်ရဲ့ အောင်မြင်မှုလို့ ဆိုပြိး ချီးကျူး၇မှာပါ။ ဒိလို တိုးတက်မှုဟာ မြန်မာပါဝင်တဲ့ အရှေ့တောင် အာရှမှာ သိသာထင်ရှားနေပါတယ်။ ၁၉၅၀ ကနေ ၁၉၈၀ အတွင်းမှာ တစ်ကမ္ဘာလုံးမှာ မွေးစ သေနှုန်း ၅၀% လောက် ကျဆင်းခဲ့တယ်။

ဒါပေမယ့် ကမ္ဘာမှာ ၅ နှစ်အောက် သေတဲ့ကလေးတွေကို စစ်ကြည့်လိုက်တော့ ၉၈% ဟာ တတိယကမ္ဘာက ကလေးတွေ ဖြစ်နေတယ်။ အထူးသဖြင့် အာဖရိကမှာ အဆိုးဆုံးပဲ။ ဒီတော့ အာဖရိကရှိ AIDS ရောဂါစပြီး အဖြစ်များတဲ့ တိုင်းပြည်တွေမှာဆိုရင် ကလေးတွေရဲ့ သေနှုန်း အခြေအနေ ဘယ်လိုပြောင်းလွဲသွားမလဲဆိုတော့ ချင့်ချိန်နိုင်ပါတယ်။ ပိုလို့သာဆိုးမှာ သေချာပါတယ်။ တိုးတက်တယ်ဆိုတဲ့ သူဌေးနိုင်ငံတွေမှာတောင် မွေးစ သေနှုန်းဟာ တစ်တိုင်းပြည်လုံးအတွက် ကြိတ်နှုန်းမှာသာ ကောင်းနေတာ။

လူတန်းစား စီးပွားရေး အခြေအနေအလိုက် ခွဲပြီးကြည့်ရင် ရာနှုန်းဟာ တစ်မျိုးပြောင်းသွားတယ်။ ဥပမာ အဌေးဆုံးဆိုတဲ့ အမေရိကန်မှာ ကြည့်ပါ၊ သူတို့ဆီက လူနည်းအုပ်စုလည်းဖြစ်၊ မျိုးကွဲတိုင်းရင်းသားအုပ်စုလည်းဖြစ်တဲ့ အမည်းအုပ်စု၊ ဟစ်(စ)ပဲနစ် လို့ခေါ်တဲ့ စပိန်အနွယ်အုပ်စုတွေမှာ မွေးစ သေနှုန်းဟာ များတာပဲ။ တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်းစုံကို ယှဉ်ပြတဲ့ ဇယားမှာဆိုရင် ဒီအုပ်စုက မွေးစ သေနှုန်းဟာ နံပါတ်စဉ် ၁၉ မှာ ချိတ်တယ်။

စင်္ကာပူတို့ စပိန်တို့နောက်မှာ လိုနေတယ်။ ဒါဘာကို ပြသလဲ၊ အချမ်းသာဆုံး အမေရိကန်ရဲ့ လူနည်းစုတွေဟာ တတိယ ကမ္ဘာလို့ခေါ်တဲ့ မဖွံ့ဖြိုးသေးတဲ့ အခြေအနေ လူနေမှု အဆင့်မှာပဲ ရှိနေသေးတယ် ဆိုတာကို ပြနေတာပါပဲ။ ဒါကြောင့် ဖွံ့ဖြိုးစ တိုင်းပြည်တွေ အထူးသဖြင့် မြန်မာလို ဖွံ့ဖြိုးမှုကို ဖြုန်းခနဲ ဒိုင်းခနဲ အရှိန်ခပ်ပြင်းပြင်းနဲ့ လုပ်ကြမယ့် နေရာတွေမှာ ချမ်းသာတဲ့ လူတွေဟာ သိသိသာသာ ပိုပြီး ချမ်းသာကြပြီး ဆင်းရဲတဲ့ သူတွေဟာ ပိုပြီး ဆင်းရဲလာလို့ ကွာဟချက်ဟာ ကြီးသထက် ကြီးလာမှာပဲ။

ဒါဟာလည်း ဟောကိန်းထုတ်ပြီး ပြောနေတာမျိုး မဟုတ်ပါဘူး။ မျက်မှောက်ကာလနဲ့ မကြာသေးတဲ့ အတိတ်ကာလက ဖြစ်ရပ်တွေကို ကြည့်ရင် တွေ့နေတဲ့ လက်တွေ့ ဖြစ်ရပ်တွေပါ။ အမေရိကန်မှာ AIDS ဖြစ်ပွားမှု တက်လာလို့ မွေးစ ကလေး သေရတဲ့ အကြောင်းတွေထဲမှာ AIDS ဟာ ထိပ်က ပါလာတော့မယ်လို့ ဆိုနေကြတယ်။ ဒီတော့ ဖွံ့ဖြိုးဆဲ တတိယ ကမ္ဘာမှာလည်း AIDS ကာကွယ်မှုကို ပိုင်နိုင်အောင်မြင်စွာ မလုပ်နိုင်ရင် ဒီအတိုင်း ဖြစ်လာမှာလို့ တွက်ရမှာပဲ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top