1
Nov

AIDS လူနာသစ်များ အတွက် ဈေးနှုန်းမြင့် ဆေးဝါးများသာ သုံးစွဲတော့မည်

ဈေးနှုန်း မြင့်မားသော်လည်း နေ့စဉ်တစ်ကြိမ်သာ သောက်သုံးရန် လိုအပ်ပြီး ဆေးယဉ်ပါးမှုကို ကာကွယ်နိုင်စွမ်းရှိသော TDF Based ဆေးဝါးများကို ၂၀၁၄ ခုနှစ်တွင် ရရှိမည့် AIDS လူနာသစ်များ အတွက် ပိုမို သုံးစွဲသွားမည် ဖြစ်ကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက်ထောက် ညွှန်ကြားရေမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ အမျိုးသားမူဝါဒအရ လာမည့် ၂၀၁၄ ခုနှစ်တွင် ARV ဆေးသောက်သုံးရန် လိုအပ်သည့် လူနာ တစ်သောင်းထိ တိုးမြှင့်ပေးရန် စီစဉ်ထားပြီး အဆိုပါ လူနာသစ် အားလုံးနီးပါးသည် TDF Based ဆေးဝါးများ ရရှိမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

DF Based ဆေးဝါးများသည် ပြည်တွင်းတွင် ကျယ်ပြန့်စွာ သုံးစွဲနေသော ARV ဆေးတွဲများကို စုစည်းထားခြင်း ဖြစ်ပြီး အကျိုးအာနိသင် ပိုမြင့်မားသောကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သုံးစွဲရန် တိုက်တွန်း ထားသော ဆေးအမျိုးအစား ဖြစ်ကြောင်း AIDS ဝေဒနာရှင်များအတွက် ဆေးဝါး ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက သုံးစွဲမည့် DF Based ဆေးဝါးများ၏ အနိမ့်ဆုံး တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ မှ ၁၄၀ ထိရှိကြောင်း၊ ယင်းကြောင့် ၂၀၁၃ ခုနှစ်တွင် AIDS ဝေဒနာရှင် တစ်ထောင်ကျော်ကိုသာ ယင်းဆေးဝါးများ ပံ့ပိုးခဲ့ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။

“လူနာအဟောင်းနဲ့ အသစ်ကို တဖြည်းဖြည်းချင်း ပြောင်းပြီး ပေးသွား မှာပါ။ လောလောဆယ်တော့ လူနာ အဟောင်းတွေက အရင်ဆေးတွဲတွေကိုပဲ ပေးဦးမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

TDF Based ဆေးဝါးများသည် အသည်းရောဂါ ရှိသူများနှင့် ကိုက်ညီပြီး နောက်ဆုံးပေါ် နည်းစနစ်နှင့် ထုတ်လုပ်ထားသောကြောင့် ဆေးယဉ်ပါးမှုလည်း နည်းပါးကြောင်း၊ ယခင်ဆေးဝါးများသည် ဆေးသောက်ချိန် မမှန်ပါက ဆေးယဉ်ပါးမှု အလွယ်တကူ ဖြစ်တတ်သောကြောင့် TDF Based ဆေးဝါးများကိုသာ အသုံးပြုနေရကြောင်း HIV/AIDS ဆေးဝါးများ အခမဲ့ ပေးဝေနေသော ကရုဏာလရိပ်အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာပြုံးမွန်အိက အကြံပြုသည်။

အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်အရ ARV ဆေး ရရှိသူများသည် ၂၀၁၂ ခုနှစ်တွင် ၅၃၀၀ ဦး၊ ၂၀၁၃ ခုနှစ်ကုန်တွင် ၆၀၀၀ ဦးနှင့် ၂၀၁၄ ခုနှစ်တွင် ၇၀၀၀ ဦးထိ တိုးမြှင့်သွားရန် စီစဉ်ထားသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁

The Voice Weekly - AIDS လူနာသစ်များ အတွက် ဈေးနှုန်းမြင့် ဆေးဝါးများသာ သုံးစွဲတော့မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top