အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ အတွက် ရောဂါကာကွယ်ရေးနဲ့ ကူညီ စောင့်ရှောက်ရေး ဂေဟာသစ် တခုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေး ဂေဟာတွေ ဖွင့်လှစ်ပြီး အကူအညီပေးနေပေမယ့် လူနာအရေအတွက် များလာပြီး နေရာ မလုံလောက်တော့တဲ့ အတွက် တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်တာလို့ အန်အယ်လ်ဒီ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
“ကျမတို့ လူနာတွေထားပြီး လုပ်လာတာ နှစ်တွေတော်တော်ကြာပြီ။ အခုကျတော့ လူနာ ၃၀၀ လောက်ဖြစ်သွားတယ်၊ ရှိနေတဲ့ နေရာနဲ့က တော်တော် မလောက်မငှဖြစ်တော့ မြေနေရာ၊ အဆောက်အဦ အခက် အခဲက တော်တော်ဖြစ်တယ်။ တချို့လူနာတွေဆို လူနာအဟောင်းပြန်မှ အသစ်ဝင်ရတဲ့ အနေအထားဖြစ်တော့ မေတ္တာရှင်ဆရာတော်က သူ့ကို လှူထားတဲ့ ပေ ၄၀x၆၀ မြေကွက်ကို ကျမတို့ကို ပြန်လှူပါတယ်။ အခု လူနာတွေထားပြီး ဆေးဝါးကုသဖို့ ကျမတို့ အကြမ်းဖျဉ်း ပေ ၁၂၀x၄၀၊ ၃ ထပ် အဆောက်အဦ ဆောက်မယ်လို့ ယာယီလုပ်လိုက်ပါတယ်။”
ဝေဒနာရှင် ၃၀၀ ကျော်ကို ပြုစု စောင့်ရှောက်ထားနိုင်မယ့် ၃ ထပ်အဆောက်အဦ ဂေဟာသစ်ကို ဒဂုံမြို့သစ် အရှေ့ပိုင်း ၆ ရပ်ကွက်မှာ ပြင်ပ အလှူရှင်တွေရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၃ ခုနှစ်မှာ စတင်ဆောက် လုပ်ဖို့ စီစဉ်ထားပါတယ်။
ဂေဟာသစ် ဖွင့်လှစ်ပြီးပါက ဝေဒနာရှင်တွေကို တနေရာထဲမှာ စုစည်းထားပြီး ပိုမို ထိထိရောက်ရောက် စောင့်ရှောက်မှု ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။
“လူနာတွေကို တနေရာထဲစုထားဖို့ ကြိုးစားတာပါ။ အကုန်လုံး စုထားရင် တော်တော် အဆင်ပြေမယ်။ အခုက လူနာထားတာက ၂ နေရာ ၃ နေရာလောက် ဖြစ်နေတော့ အခက်အခဲရှိတယ်။ လုပ်ရကိုင်ရတာလည်း တနေရာနဲ့ တနေရာမတူတော့ နည်းနည်း အခက်အခဲဖြစ်တယ်။ တနေရာထဲ အားလုံးစုထားရင် လူနာတွေအတွက်ရော၊ လုပ်ကိုင်ဆောင်ရွက်တဲ့ သူတွေအတွက်ရော ပိုအဆင်ပြေတယ်။”
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အေအာဗွီ အိတ်ခ်ျအိုင်ဗွီတန့်ဆေး တိုက်ကျွေးဖို့ လိုနေသူပေါင်း ၁ သိန်း ၂ သောင်းလောက် ရှိတာပါ။
ဒါပေမယ့် ဝေဒနာရှင် ၄ သောင်းလောက်ကိုသာ ဆေးဝါး အကူအညီပေးနိုင်သေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူအန်အေအိုင်ဒီအက်စ် (UNAIDS) အဖွဲ့က ပြောထားပါတယ်။




