အမေရိကန် အစားအစာနှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ (U.S FDA) က ၂ဝ၁၂ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် အဆိုပါ TRUVADA ဆေးကို အသုံးပြု နိုင်ကြောင်း တရားဝင် အတည်ပြုခဲ့သည်။ ထိုသို့ အသုံးပြုနိုင်ရန် အချိန်များစွာ ပေးခဲ့ရသည်။ ငွေကြေး မြောက်မြားစွာ အသုံးပြု၍ သုတေသန ပြုခဲ့ခြင်းမှ ရရှိခဲ့သော အောင်မြင်မှု ရလဒ်တစ်ခုပင် ဖြစ်သည်။
TRUVADA ကို တီနိုဖိုဗာ (Tenofovir) ၃ဝဝ မီလီဂရမ်နှင့် အမ်ထရင်စီတာဗင်း (Emtricitabine) ၂ဝဝ မီလီ ဂရမ် ဆေးနှစ်မျိုးဖြင့် ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တီနိုဖိုဗာနှင့် အမ်ထရင်စီတာဗင်း ဆေးများသည် ဗိုင်းရပ်စ်ပိုး (Virus) များ ကုသရာတွင် သုံးသောဆေးများ ဖြစ်ပေသည်။ ၎င်း ဆေးနှစ်မျိုးကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် HIV ကာကွယ်ခြင်းတွင် ပမာဏ ကြီးမားစွာ အကာအကွယ် ရရှိပေသည်။ ၎င်း ဆေးနှင့် အတူ ကွန်ဒုံး (Condoms) အသုံးပြုခြင်းနှင့် နှစ်သိမ့်ဆွေးနွေး အကြံပြုခြင်း (Counselling) များ တွဲဖက်လျှင် ရာနှုန်းပြည့် ကာကွယ် နိုင်ပေမည်။
(U.S FDA) မှ TRUVADA ဆေးကို စမ်းသပ်ရခြင်း အကြောင်းနှစ်ရပ် ရှိပေသည်။ ပထမ အချက်မှာ HIV ကူးစက်ရောဂါ ကာကွယ်ရာတွင် ကြီးမားသော အကျိုးကျေးဇူး ရနိုင်ကြောင်း ထင်ရှားစွာ သိရှိနေခြင်းနှင့် ဒုတိယ အချက်မှာ HIV ကာကွယ်မှု အတွက် ညွှန်းဆိုရာတွင် ဆေးဝါး ဈေးကွက်၌ ဆေးအမည် တိတိကျကျ မရှိခြင်းပင် ဖြစ်သည်။
TRUVADA ဆေးကို ကယ်လီဖိုးနီးယား (California) အခြေစိုက် ဂီလိဒ် (Gilead Sciences) မှ ထုတ်လုပ်ပြီး HIV ကုသရေး၌လည်း အသုံးပြု နေကြပေသည်။ ၎င်းဆေး တစ်နှစ်စာ ခန့်မှန်း ကုန်ကျငွေမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၃၉ဝဝ ခန့် ဖြစ်ပေသည်။ သို့သော် ယခု နောက်ပိုင်းတွင် လူနာ တစ်ဦးအတွက် တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာနှင့် ဒေါ်လာ ၃ဝ ကြား အတွင်းသာ ကုန်ကျမှု ရှိစေရန် ကုမ္ပဏီ အများစုက ကြိုးပမ်းလျက် ရှိပေသည်။ HIV ကုသရာတွင် TRUVADA ဆေးနှင့်အတူ အခြား ဆေးတစ်မျိုးမျိုး (Other Antiretroviral Drug) နှင့် တွဲသုံး ရပေမည်။ သို့သော် HIV ကာကွယ်မှု အတွက် TRUVADA ဆေးတစ်မျိုးသာ သုံး၍ ကျန်းမာရေး အသိပညာ (Health Education) ပေးခြင်းဖြင့် လုံလောက်ပေသည်။ HIV ကုသခြင်းနှင့် ကာကွယ်ခြင်းများကို မိမိဘာသာ မလုပ်ရပေ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီးမှ လုပ်သင့်သည်မှာ အရေးကြီးသော အချက်တစ်ခုပင် ဖြစ်ပေသည်။
ယခုအခါ ဆေးဝါး အသစ်ဖြစ်သော TRUVADA ဆေးကို မှန်ကန်စွာ အသုံးမပြုခြင်း၊ ဆေးကို မှန်မှန် မသောက်ခြင်း တို့ကြောင့် ဆေး မတိုးသော HIV မျိုးကွဲများ ပေါ်ပေါက်လာမည်ကို ဆရာဝန် အများစုက စိုးရိမ်လျက် ရှိကြပေသည်။ HIV ကာကွယ်မှု အတွက် ဆေးကို ပုံမှန် မသောက်ခြင်း၊ HIV ကုသမှု အတွက် ဆေးကို တစ်မျိုးတည်းသာ သောက်ခြင်းများကြောင့် ဆေးဝါး အသစ်ဖြစ်သော TRUVADA ၏ HIV ပိုး အပေါ်၌ အာနိသင် ပျက်ပြယ် သွားနိုင်ပေသည်။ ထို အခြေအနေများကြောင့် ၎င်းဆေးမှာ HIV လူနာများ အားပေးရာ၌ ကန့်သတ်မှုများ ရှိနေပေသည်။ မည်သို့ပင် ဆိုစေ ယခုအချိန်တွင် TRUVADA ဆေးသစ်မှာ HIV လူနာများ အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လျက် ရှိပေသည်။




