9
Mar

AIDS ရောဂါကို တိုင်းရင်းဆေးဖြင့် ကုသ၍ ရ၊မရ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုလုပ်လျှက်ရှိ

AIDS ရောဂါကို တိုင်းရင်းဆေးဖြင့် ကုသ၍ ရ၊မရ ကမ္ဘာတစ်ဝန်းတွင် သုတေသန ပြုလုပ်လျှက်ရှိရာတွေ့ ရှိ ချက်များအရ ဝေဒနာ ခံစားရမှုများကို အနည်းငယ် သက်သာသွားအောင် ပြုလုပ်နိုင်သော်လဲ အမှန်တစ်ကယ် ရောဂါ ပျောက်ကင်းသွားအောင် ကုသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သို့ ရာတွင် မြန်မာနိုင်ငံတွင် အချို့ သော ဆေးဆရာတို့ က အေအိုင်ဒီအက်စ် ရောဂါကို ပျောက်ကင်းသွားအောင် ကုသ ပေးနိုင်သည် ဟုပြောဆိုကာ ကုသပေးမှုများ ရှိနေကြောင်း တိုင်းရင်းဆေး ပညာရှင်တို့ ၏ ပြောကြားချက်အရ သိရသည်။

 

“AIDS ကိုတိုင်းရင်းဆေးနဲ့  ပျောက်ကင်းအောင် ကုသလို့ လုံးဝမရသေးပါဘူး အဲဒီလို ကုသတဲ့ သတင်းတွေကြားရင် သွားရောက်စစ်ဆေး ပါတယ်။ အမှန်တကယ် ဟုတ်နေခဲ့ရင် ကျတော်တို့ က ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးပြီး ကျယ်ကျယ်ပြန့် ပြန့် ဖြစ်အောင် လုပ်ဆောင်ပေးသွား ဦးမှာပါ” ဟုတိုင်းရင်းဆေးပညာ ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ကမ္ဘာ တစ်ဝန်းတွင် ကုသရာဆေးမရှိသေးသော AIDS ရောဂါကို ခံစားနေရသူ စုစုပေါင်း သန်း ၄၀ ကျော်ရှိပြီး ယင်းတို့ ထဲမှ ၅ သန်းမှာ နေထိုင် နိုင်သည့် သက်တမ်းကို ရှည်စေသည့် ARV ဆေးဝါး အရေးတကြီး လိုအပ်သည့် ဝေဒနာရှင်များဖြစ်ကြောင်း ၂၀၀၆ ခုနှစ် သြဂုတ်လတွင် ကျင်းပ ခဲ့သည့် ၁၆ ကြိမ်မြောက် နိုင်ငံတကာ AIDS ညီလာခံတွင် ဖြန့် ဝေခဲ့သည့် Too Little For Too Few (Challenges for Effective and Accessible Antiretroviral Therapy) စာတမ်းအရသိရှိရသည်။

 

အဆိုပါ စာတမ်းတွင် ယနေ့ အထိ ARV ဆေးဝါးကို ဝေဒနာရှင် ၁.၃ သန်းသာ ရရှိနေကြောင်းနှင့် ကျန်သည့် ဝေဒနာရှင် ၃.၇ သန်းသည် ARV ဆေးဝါးလုံးဝ မရရှိသေးကြောင်း ရေးသားထားသည်။ ဈေးကြီးသည့် ARV ဆေးဝါးကို NGO များအကူအညီဖြင့် အခမဲ့ ရရှိနေသည့် ဝေဒနာရှင်များ အတွက်မူ အဆိုးထဲမှ အကောင်းဆိုသော်လည်း NGO များမှ ARV ဆေးဝါးမရရှိသည့်အတွက် မိမိတို့ လက်လှမ်းမှီရာ ဆေးမြီးတို တိုင်းရင်းဆေးများဖြင့် ကုသပေးနေကြသည်။

 

AIDS ရောဂါကို တရုတ်တိုင်းရင်းဆေးဖြင့် ကုသနိုင်ခြင်းရှိ၊ မရှိကို တရုတ်နိုင်ငံရှိ အဖွဲ့ အစည်းပေါင်း ၁၄ ခုမှ ပညာရှင်ပေါင်း ၃၀ ကျော်ပါဝင် သုတေသန ပြုလုပ်လျက်ရှိသည်။“တန်ဇီးနီးယားမှာ တရုတ်တိုင်းရင်းဆေးနဲ့  AIDS ဝေဒနာရှင်ပေါင်း တသောင်းကျော်ကို ကုသပေးလျက်ရှိသည် ရလဒ်ကတော့ မဆိုးပါဘူး” ဟု အဆိုပါ သုတေသန စီမံကိန်းမှ ပညာရှင် လုဝိုင်ဗို ၏ပြောကြားချက်ကို ကိုကိုးကားပြီး ဆင်ဟွာ သတင်းဌာနက ဖေါ်ပြသည်။

 

“သုတေသန စီမံကိန်းပြီးတဲ့အခါမှာ တိုင်းရင်းဆေးနဲ့  AIDS ရောဂါ ကုသရေးမှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့် အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့  ယုံကြည်တယ်။ ပြန်လည်စစ်ဆေးတဲ့အခါ ရောဂါပိုး မရှိဆိုပြီး အမှန်အတိုင်း အဖြေထုတ်ပေး လိုက်ရင် ကြားကာလ အတွင်းမှာ ကုသပေးလိုက်တဲ့ဆေးဟာ အေအိုင်ဒီအက်စ် ရောဂါပျောက်ဆေး ဖြစ်ပြီလို့ ပြောဆို ကြော်ငြာနေတာမျိုးလည်း ရှိနိုင်ပါတယ်” ဟု မန္တလေးမြို့ မှ တိုင်းရင်းဆေး သမားတော်ကြီး ဦးမြင်လွင်က ပြောကြားခဲ့သည်။

 

ဆရာကြီး ဦးမြင်လွင်က “ကုသလို့ ကုသလို့ မရတဲ့ ရောဂါအမျိုးအစားတွေ လာပြတယ်ဆိုရင် ၆ လလောက်ပဲ နေရမဲ့ လူနာကို ၁နှစ်နေရအောင် အခြားနောက်ဆက်တွဲ ရောဂါဆက်မဖြစ်အောင် လူနာရဲ့ ခံနိုင်ရည်အား စိတ်ဓါတ်အင်အားတွေ ဆုတ်ယုတ်မသွားအောင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အရပါ သက်သာမှု ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ နောက်ဆုံး လက်လွှတ် အလျော့ပေးရမယ့် အချိန်မှာတောင် သက်သက် သာသာနဲ့ ဘ၀ကူးဖို့ ဆောင်ရွက်ပေး ရပါမယ်။” ဟုဆက်လက်ပြောကြားခဲ့သည်။

 

“အေအိုင်ဒီအက်စ် ကိုပျောက်အောင် ကုသနိုင်ပြီဆိုတဲ့ ကြောငြာတွေနဲ့  အခြားဖြစ်နိုင်ခြေ ကြော်ငြာတွေကိုတွေ့ ရှိ ခဲ့ရင် မြန်မာ့တိုင်းရင်းဆေး ကောင်စီဝင် သမားတော်ကြီးတွေက ကြော်ငြာရှင်ကိုခေါ်ပြီး ကုသမှု ပျောက်ကင်းမှုနဲ့  ပတ်သက်တဲ့ သက်သေ ခိုင်ခိုင်လုံလုံ တင်ပြပေးစေ ပါတယ်။ အစမ်းသပ် ခံနိုင်တဲ့ အဆင့်ရှိ ဆေးဝါး ကုထုံးတွေ ဟုတ်မဟုတ် စီစစ်ဆောင်ရွက်ပါတယ်။ မဟုတ်ရင် ကြော်ငြာတွေ မထည့်ဖို့  ချိတ်ဆွဲ ခြင်းမပြုဖို့  သတိပေးတားမြစ်ပါတယ်။ တားမြစ်တာကို မလိုက်နာခဲ့ရင် ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ ကထုတ်ပြန်တဲ့ အစိုးရရဲ့ အမိန့်  အမှတ် ၂/၂၀၀၀ တိုင်းရင်းဆေး ကောင်စီ ဥပဒေအရ အရေးယူပါတယ် လောလောဆယ် စစ်ဆေးဆောင်ရွက်မှုတွေအရ AIDS ပျောက်ကင်း အောင်ကုသနိုင်တဲ့ ကုထုံး ဆေးဝါးလုံးဝ မရှိသေးပါဘူး” ဟု မန္တလေးတိုင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း March/28/2007 နေ့ ထုတ် Weekly Eleven ဂျာနယ်တွင်ဖေါ်ပြ ထားသည်။

 

Weekly Eleven No.25,Vol.2

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top