AIDS ရောဂါအကြောင်းနဲ့ AIDS ရောဂါရဲ့ ထူးခြားချက်တွေကို နားလည်ချင်ရင် ဗိုင်းရပ်စ်အကြောင်းနဲ့ AIDS ဗိုင်းရပ်စ်အကြောင်းကို အခြေခံလောက်တော့ သိထားမှ ဖြစ်မယ်။ ဗိုင်းရပ်စ်ဆိုတာကတော့ genetic information လိုခေါ်တဲ့ ဗီဇမျိုးစေ့ ထုတ်လုပ်ဖို့ရာ အတွက် လိုအပ်တဲ့ (formula) နည်း (သို့) "information" ပါတဲ့ ပစ္စည်း အလယ်ဗဟိုမှာ ရှိပြီး အဲဒါကို ဝိုင်းထားတာကတော့ protein အကာ ဖြစ်တယ်။ ဒီတော့ ဒီဗိုင်းရပ်စ်တွေဟာ သတ္တဝါတွေထဲမှာ အသေးဆုံးနဲ့ အောက်ခြေအကျဆုံး ဖွဲ့စည်းထားပုံ အရိုးရှင်းဆုံး သတ္တဝါလို့ ခေါ်ရမယ်။
သူ့အထဲမှာ လုပ်စရာ အလုပ်ဆိုလို့ ဗီဇမျိုးစေ့ ထုတ်လုပ်စရာပဲ ရှိတယ်။ ဗိုင်းရပ်စ်တွေဟာ သူတို့ချင်းနင်း ဝင်ရောက်လာတဲ့ လူ/သတ္တဝါရဲ့ ဆဲလ် တွေထဲကို ထိုးဝင်လာပြီး ဒီဆဲထဲက သူတို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ယူပြီး သူတို့လိုမျိုးတူ ဗိုင်းရပ်စ်တွေ ပွားထုတ်ကြတယ်။ ဒီဗတာ့ ဗိုင်းရပ်စ်တွေဟာ သူတို့ ချင်းနင်းဝင်လာတဲ့ လူ/သတ္တဝါတွေရဲ့ ဆဲလ်ကို အပိုင်သိမ်းပြီး ဆဲလ်ထဲက ကုန်ကြမ်းတွေကို အသုံးချပြီး သူတို့လိုပုံစံတူ ဗိုင်းရပ်စ်တွေ ထုတ်လုပ်တဲ့ စက်ရုံအဖြစ် ပြောင်းယူပစ်လိုက်တယ်လို့ ဆိုရမယ်။
အဲဒီလို လုပ်ရင်း သတ္တဝါရဲ့ဆဲလ်ကို ပျက်သွားစေတယ်။ အရင်ကဆိုရင် ဒီဗီဇမျိုးစေ့ ပစ္စည်းဟာ DNA (Deoxyribonucleic Acid) ပဲဖြစ်လို့ ထင်ခဲ့ကြတယ်။ RNA (Ribonucleic Acid) ကတော့ DNA ထဲမှာ ပါတဲ့ ဆဲလ်တွေပွားရာမှာလိုတဲ့ နည်းကို သယ်ဆောင်ယူတဲ့ အလုပ်ကိုပဲ လုပ်တယ်လို့ ယူဆထားကြတယ်။ နောက်တော့ ဒီအယူအဆ မမှန်ဘူးဆိုတာ သိခဲ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗိုင်းရပ်စ် အုပ်စု အသစ်တစ်ခုဟာ အခြားဗိုင်းရပ်စ်တွေနဲ့ ပြောင်းပြန် RNA ကနေ DNA ကို ပြောင်းကြတာ တွေ့ရတယ်။
ဒီဗိုင်းရပ်စ်တွေကို Reto-Virus (ပြောင်းပြန် ဗိုင်းရပ်စ်) လို့ ခေါ်ကြတယ်။ AIDS ဗိုင်းရပ်စ်ဟာ ပြောင်းပြန် ဗိုင်းရပ်စ် တမျိုး ဖြစ်တယ်။ ဒီ AIDS ဗိုင်းရပ်စ်ကိုတော့ Human Immunodeficiency virus (လူသားရဲ့ ခုခံကာကွယ် အဖွဲ့အစည်းကို ချို့တဲ့စေသော ဗိုင်းရပ်စ်) လို့ အမည်တွင်စေတယ် ဆိုတာကိုတော့ ဖော်ပြပြီး ဖြစ်တယ်။ ပြောင်းပြန်ဗိုင်းရပ်စ်ဟာ လူသိနည်းသေးတဲ့ ဗိုင်းရပ်စ်တမျိုး ဖြစ်တယ်။ ဗိုင်းရပ်စ်ဟာ လူကိုယ်တွင်းမှာရှိတဲ့ ရောဂါ တိုက်ဖျက်တဲ့ ဆဲလ် တစ်မျိုးဖြစ်တဲ့ တီဆဲလ်ထဲကို ဝင်တယ်။ အဲဒီ ဆဲလ်ထဲရောက်တော့ ဒီ ဆဲလ်ထဲမှာ ရှိတဲ့ ဗီဇမျိုးစေ့ပစ္စည်းကို အပြီးအပိုင် ဖျက်စီးပစ်လိုက်တယ်။ ဒါကြောင့် ဒီလူရဲ့ ရောဂါ ကာကွယ်မှု ယန္တရား ပျက်ပြား (သို့) အား သိပ်ပြီး လျော့သွားတယ်။
ဒီ တီဆဲလ်တွေဟာ “ကိုယ်တွင်းရှိ အရည်” အားလုံးမှာ ရှိကြတယ်။ ဒါကြောင့် ကိုယ်တွင်းရှိ အရည်အားလုံးမှာ ဒီဗိုင်းရပ်စ်ရောက်သွားနိုင်တယ်။ ဒါပေမယ့် သွေး၊ သုက်ရည်နဲ့ ယောနိ (vagina) မှ ထွက်တဲ့ အရည်မှာ ပိုပြီး များများရှိတယ်။ ပုံမှန်သဘောမှာ လူကိုယ်တွင်းကို ဗိုင်းရပ်စ် (သို့) အခြား ရန်မူတတ်သော ရောဂါပိုးစသည်တို့ ဝင်ရောက်လာပြီဆိုရင် ခန္ဓာကိုယ်တွင်းရှိ ခုခံကာကွယ် အဖွဲ့အစည်းက ၎င်းရန်သူများကို တိုက်ဖျက်တဲ့ ဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေ ထုတ်ပြီး တိုက်ဖျက် ဖျက်စီးပစ်ကြတယ်။ ဒါပေမယ့် AIDS မှာ ဒီလို သဘာဝလမ်းစဉ်အရ ထွက်လာတဲ့ တိုက်ဖျက်ရေး လက်နက်တွေဟာ မအောင်မြင်ဘူး။ ဗိုင်းရပ်စ်ကို မထိနိုင်ဘူး။
AIDS ရောဂါ ကူးစက်ပြန့်ပွားပုံကတော့ ဗိုင်းရပ်စ်ရှိနေသူရဲ့ သွေး၊ သုက်ရည်နဲ့ ယောနိမှ အရည်ဟာ အခြားသော သူတစ်ယောက်ရဲ့ သွေး၊ ဒါမှမဟုတ် mucus membrane လို့ခေါ်တဲ့ အမြှေးပါးကလေးများ (ဥပမာ ပါးစပ်၊ ခံတွင်း၊ အစာပြွန်မှ အစ၊ စအို အိ အစာလမ်းကြောင်း တစ်လျှောက် စသည်တို့) နဲ့ ထိတွေ့စပ်ယှက်မှု ရှိရင် ဗိုင်းရပ်စ်ပိုး ဝင်သွားပြီး ကူးစက်နိုင်ပါတယ်။ AIDS ဗိုင်းရပ်စ်က တကယ်ဆိုရင် သိပ်ပြီး လှုပ်ရှားတက်ကြွတဲ့ ဗိုင်းရပ်စ်မျိုး မဟုတ်ဘူး။ တနည်းဆိုတော့ နည်းနည်းပျော့ပျော့တဲ့ ဗိုင်းရပ်စ်လို့ ဆိုရမှာပါ။ ဒါကြောင့် အထက်က တင်ပြခဲ့တဲ့ အရည်တွေထဲမှာ ဗိုင်းရပ်စ်တွေ တော်တော်များများ ရှိမယ်။ ဒါမှ မဟုတ်လည်း အကြိမ်ကြိမ် ထိတွေ့စပ်ယှက်မှု ရှိခဲ့မှသာ ရောဂါ ကူးနိုင်တယ်။
AIDS ပြန့်ပွားပုံမှာ ၃ မျိုး ရှိတယ် -
၁။ လိင်စပ်ယှက်ခြင်း (Hetero sexual or homo sexual - လိင် မတူသည်ဖြစ်စေ၊ တူသည်ဖြစ်စေ။)
၂။ သွေး၊ သွေးပစ္စည်း အစားထိုးရန် လှူထားသော အစိတ်အပိုင်းများ၊ သုက်ရည်၊ အမျိုးသမီး ယောနိများမှ ထွက်သော အရည်၊ အချို့သော ကိုယ်တွင်းရှိ အရည်၊ (ဒီကဏ္ဍမှာတော့ အများအားဖြင့် ဗိုင်းရပ်စ် (HIV) ပါသော သွေးသွင်းမိခြင်းနှင့် ပိုးကောင်းစွာသတ်ထားခြင်း မရှိသော (sterilized မလုပ်ထားသော) အပ်များနှင့် အခြား ကိရိယာပစ္စည်းများ သုံးခြင်းကြောင့် ကူးစက်တယ်။ (မူးယစ်ဆေး ထိုးသူများ ဤနည်းဖြင့် ရောဂါ ရကြတယ်။
၃။ အမိဝမ်းတွင်းမှ ရခြင်း၊ အမေမှ ကလေးသို့ ကူးစက်ခြင်း။ (မမွေးခင် (သို့) မွေးနေစဉ် (မွေးရာလမ်းကြောင်းကို ဖြတ်သွားစဉ်) နှင့် မွေးပြီးစမှာ ကူးစက်ခြင်းတို့ ဖြစ်သည်။)
ကူးစက်ပုံနှင့် ပတ်သက်ပြီး လွဲမှားသော အယူအဆတွေ တော်တော်များများ ရှိနေသေးလို့ ရောဂါမပွားနိုင်တဲ့ အခြေတွေကိုလည်း တင်ပြဖို့ လိုအပ်ပါတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




