မပွားနိုင်သော နည်းများ
ဗိုင်းရပ်စ်ဟာ နေ့စဉ်နေ့တိုင်း လုပပ်နေကျဖြစ်တဲ့ လူမှု ဆက်ဆံရေး ကိစ္စများမှာ ထိတွေ့ခြင်းကြောင့် မကူးနိုင်ပါ။ ဥပမာ အတူတူနေခြင်း၊ အတူတူစားခြင်း၊ အူတူ ကစားခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်း၊ ဒါပြင် အစားအစာ၊ ရေ၊ ပိုးကောင် မွှားကောင် (ဥပမာ ခြင်ကောင် ကိုက်ခြင်း) အိမ်သာ၊ အများသုံး ခွက်များ၊ အများသုံး တယ်လီဖုန်း၊ အများသုံး ရေကူးကန်၊ ချွေးနဲ့ မျက်ရည်များမှ တဆင့်လည်း မကူးနိုင်ပါ။
AIDS ရောဂါ လက္ခဏာများ
ဒီလက္ခဏာတွေအကြောင်း စာအုပ်ရဲ့ ရှေ့ပိုင်းမှာ အတော်အသင့် ဖော်ပြပြီး ဖြစ်နေ၍ အတိုချုံးပြီးသာ ဖော်ပြပါတော့မယ်။ AIDS ရောဂါပိုး စဝင်လာချိန်မှာ အဖျားနည်းနည်းရှိပြီး လည်ချောင်းနာ၊ အအေးမိ၊ နှာစေး ဖြစ်တာမျိုးနဲ့ ဆင်ဆင်ဖြစ်နိုင်ပါတယ်။ ပျောက်သွားပြီး နောက် အချိန်တော်တော်ကြာအထိ ဘာမှ မဖြစ်ဘဲ နေမယ်။ ရောဂါ အတိအလင်း အသိသာလာခင် အချိန်အတွင်းမှာတော့ လူနာဟာ အခြားရောဂါပိုး အမျိုးမျိုးတွေ ဝင်ဝင်လာတဲ့ အတွက်ကြောင့် ပေါ်လာတဲ့ ရောဂါလက္ခဏာတွေ တွေ့ရနိုင်တယ်။
ဒီလက္ခဏာတွေ အားလုံးကို စုပေါင်းပြီး "AIDS RElated Complex (ARC) "AIDS နှင့် နှီးနွယ်ဆက်စပ်သော လက္ခဏာစုများ” လို့ ခေါ်တယ်။ ဒီပိုး ဝင်လာတာကြောင့် ဖြစ်ရတဲ့ လက္ခဏာတွေကတော့ ကမ္ဘာ့တစ်နေရာနဲ့ တစ်နေရာမှာ နည်းနည်း ကွဲပြားတာ တွေ့ရတယ်။ အာဖရိက မှာဆိုရင် လူပိန်ချုံးသွားတာကို ပိုတွေ့ရပြီး အမေရိကမှာဆိုရင် အဆုတ်ရောင်က ပိုများတယ်။ ဒီတော့ AIDS လို့ ထင်မှတ်စေရန် အမည်မှည့်ရန် လိုအပ်တဲ့ လက္ခဏာတွေ ပေါင်းပြောရမယ် ဆိုရင်တော့ အကြီးစား လက္ခဏာလို့ ဆိုရမှာတွေကတော့ ကိုယ်အလေးချိန် ၁၀% ထက် ပိုပြီး လျော့သွားလျှင် (ပိန်ချုံးသွားခြင်း) တစ်လထက်ပိုပြီး ကြာစွာ ဝမ်းလျှောနေခြင်း၊ တစ်လထက်ပိုပြီး ဖျားခြင်း၊ အသေးစား လက္ခဏာများကတော့ တစ်လထက် ပိုပြီး ချောင်းမပြတ်ဆိုးခြင်း၊ တစ်ကိုယ်လုံး ယားယံခြင်း၊ Herpes Zoster ခေါ် ရေယုန်အကြီးစား ထပ်တလဲလဲ ပေါက်နေခြင်း၊ Herpes Simplex ခေါ်တဲ့ နောက်ရေယုန်များ တစ်ကိုယ်လုံးမှာ ကြာရှည်စွာ ပေါက်ခြင်း၊ ခံတွင်းနဲ့ လည်ချောင်းထဲမှ မက်ခရုစွဲခြင်း၊ ဂလင်း အကြိတ်များ ရောင်ပြီး ကြီးလာခြင်း၊ ဥာဏ်နှင့်ယှဉ်၍ လုပ်စရာအလုပ်များကို မလုပ်နိုင်တော့ခြင်း၊ ဥာဏ်စွမ်းအား ကျဆင်းခြင်း၊ ကိုယ်အစွန်းပိုင်းရှိ အာရုံကြောများထိ၍ ခြေအစွန်း လက်အစွန်းများတွင် ထုံနာကျဉ်နာစွဲခြင်းတို့ ဖြစ်တယ်။
ဒီလကခဏာတွေဟာ တော်တော်ကြာ အထိရှိနေမယ်။ အထူးသဖြင့် AIDS ရောဂါ ရှိနေတဲ့ လူတွရှိရာ ဒေသကလာရင် ပိုပြီး သံသယ ဖြစ်ထိုက်တယ်။ ဒီတာ့ ဖော်ပြပါ AIDS ရောဂါ လက္ခဏာတွေဟာ ဗိုင်းရပ်စ်ကြောင့် တိုက်ရိုက် ဖြစ်လာရတဲ့ လက္ခဏာတွေ မဟုတ်လှဘူး။ ဗိုင်းရပ်စ်က ခုခံအဖွဲ့အစည်းကို ဖျက်ဆီးထားလို့ နောက်ဆက်တွဲ ဖြစ်လာရတဲ့ အချက်တွေ (ပိုးဝင်မှုတွေ၊ ကင်ဆာတွေ) ဖြစ်တယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ် HIV ခေါ် AIDS ဗိုင်းရပ်စ်ဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိနိုင်တယ်။ HIV ဟာ ဦးနှောက်ထဲက ဆဲလ်တွေကို ဝင်ထိလို့ တစ်ချို့လူတွေမှာ ဦးနှောက် အာရုံကြောရောဂါ ဖြစ်ကြတယ်။ (အထက် တစ်နေရာမှ ဆူဇီရဲ့ ဖြစ်အင်ကို ကြည့်ပါ)။
အထူးသဖြင့် ရူးသွပ်ဝေဒနာ ဖြစ်နိုင်တယ်။ ဒီလူနာတွေမှာ AIDS ရဲ့ အခြားရောဂါ မရှိဘဲလည်း နေချင်နေမယ်။ ဒီတော့ HIV (AIDS ဗိုင်းရပ်စ်) ကိုယ်တွင်းမှာ ရှိနေပြီးဆိုရင် AIDS ဖြစ်ရင်လည်း ဖြစ်၊ မဖြစ်ရင် နောင်မှ ရူးသွပ်ဝေဒနာ ဖြစ်ဖွယ်ရှိလို့ အခု HIV ရှိနေသူ တော်တော်များများဟာ နောက်မှာ ရူးသွပ်ဝေဒနာ ဝင်မှာပဲလို့ တချို့က ယူဆပြီး ပူပင် စိုးရိမ် ဖြစ်နေကြတယ်။ ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်နည်းကိုတော့ အထက်တစ်နေရာတွင် ဖော်ပြပြီး ဖြစ်တယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




