ဒီတော့ အနောက်နိုင်ငံနည်း ခေါ်ခေါ် ခေတ်သစ်နည်းခေါ်ခေါ် ယခုခေတ် အစဉ်အလာအရ သမရိုးကျနည်းတွေနဲ့ မရရင် အခြားနည်းတွေဘက် လှည့်ကြမှာ အမှန်ပဲ။ ဒါကြောင့် တရုတ်ဘယဆေး တိုင်းရင်းဆေးနဲ့ အပ်စိုက်နည်းတွေ ကိုလည်း သုံးကြည့်ကြတယ်။ အထောက်အကူ ရတယ်လို့ ဆိုကြတယ်။ အာဖရိကမှ AIDS လူနာ ၃၀၀၀ (သုံးထောင်) ကျော် တရုတ်ဘယဆေးနဲ့ စမ်းပြီး ကုကြတယ်။
AIDS မှာ ဆေးတွေက မထိရောက်ဘူးဆိုတော့ ဒီအန္တာရာယ်ကြီး ပြန့်ပွားမှုကို တားဖို့ရာအတွက် ကာကွယ်ဆေးကို အားကိုးရမှာပဲ ဖြစ်တယ်။ ကာကွယ်ဆေး ထက်ပေါ်လာဖို့ရာကလည်း အခုအချိန်မှာဆိုရင် သိပ်ပြီး မျှော်လင့်ချက်က မကောင်းလှဘူး။ AIDS ပေါ်စ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကနဲ့ စာရင်တော့ တိုးတက်မှု ရှိသင့်သလောက်တော့ ရှိပြီလို့ ဆိုနိုင်ပါပြီ။ ဒါပေမယ့် နှစ်တော်တော်ကြာတော့ စောင့်ရဦးမှာလို့ တွက်ကြေးပေးကြတယ်။ ဒီနေရမှာ vaccine (ဗက်စင်း) လို့ခေါ်တဲ့ ကာကွယ်ဆေးရဲ့ အခြေခံသဘော သဘာဝကို နည်းနည်းလောက် ရှင်းပြဖို့ လိုလိမ့်မယ်။
ပုံမှန် မှုမှန်မှာ လူတွင်းကို အန္တရာယ်ပြုမယ့် ပိုးမွှား၊ ဗိုင်းရပ်စ် စသည် ဝင်ရောက်လာရင် ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ် အဖွဲ့အစည်းထဲက အထက်ပြောခဲ့တဲ့ “လင်ဖိုဆိုက်” ဆဲတွေက ရန်သူ ပိုး/ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ “တိုက်ဖျက်ဆဲ” တွေနဲ့ ပဋိပစ္စည်း (Antibody) တွေထုတ်ပြီး ရန်သူတွေကို မောင်းနှင် သုတ်သင်လိုက်တယ်၊ ဒါက သဘာဝဖြစ်စဉ်။ ဒီအန္တရာယ်ကောင်တွေကို သဘာဝ မဟုတ်တဲ့နည်းနဲ့ ကာကွယ်နိုင်တာ တစ်မျိုးကတော့ ကာကွယ်ဆေး (ဗက်စင်း) ထုတ်လုပ်ပြီး လူကို ပေးခြင်းပဲ။ ဒီနည်းနဲ့ပဲ အရင်ကလူသားတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့တဲ့ ကပ်ရောဂါ ဆိုးကြီးဖြစ်တဲ့ ကျောက်ကြီးရောဂါကို အောင်နိုင်ခဲ့တယ်။
ဗက်စင်း ဆိုတာကတော့ ရောဂါ တစ်ခုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ယူပြီး သူ့ကို အသေသတ်ပစ်လိုက်တယ်။ ပြီးတော့ ဒီသေပြီးသား ဗိုင်းရပ်စ်ကို လူကိုယ်တွင်း ထိုးပေးတယ် (သို့) ပါးစပ်မှာ စားစေတယ်။ (ဥပမာ ပိုလီယိုဗက်စင်း) အဲဒီအခါကျတော့ ဗိုင်းရပ်စ်ဟာ သေတယ်ရှင်တယ် ဆိုတာကို လူထဲရှိ ခုခံကာကွယ်အဖွဲ့က မခွဲခြားတော့ဘူး။ ဒီဗိုင်းရပ်စ်ကို ဖျက်တဲ့ လက်နက်ဖြစ်တဲ့ အထက်ဖော်ပြခဲ့တဲ့ ပဋိပစ္စည်းကို ထုတ်ပြီး ဗိုင်းရပ်တွေကို တိုက်ဖျက်ကြတယ်။
ဗိုင်းရပ်စ်အသေမဟုတ်ရင်လည်း (အလားတူ ဗိုင်းရပ်စ်) သိပ်အဆိပ်မပြင်းတဲ့အတွက် လူ့အသက်ကို ရန်မရှာ ကြီးကြီးကျယ်ကျယ် လက္ခဏာလည်း မပေးတဲ့ အလားတူ ဗိုင်းရပ်စ် အမျိုးအစားကို သုံးရင်လည်း ရတယ်။ ဒီနည်းကို အရင်းခံပြုပြီး AIDS အတွက် ဗက်စင်းကို ရှာနေကြတာ ဖြစ်တယ်။ ဇိုင်းယား (အာဖရိကတိုက်) က သုတေသီအုပ်စုက ရှာထားတယ်ဆိုတဲ့ ဗက်စင်းဟာ ဗော်လံတီးယာ (volunteer) တွေမှာ ထိုးကြည့်တော့ အဲဒီလူတွေမှ HIV antibodies (HIV ပဋိပစ္စည်း) တွေ ထုတ်တာ တွေ့ရတယ်လို့ ဆိုတယ်။
ခက်တာက ဒီပဋိပစ္စည်းတွေဟာ ထိရောက်မှုရှိရဲ့လား၊ ဒီပဋိပစ္စည်း ရှိနေပြီး ရှိနေသူတွေထဲ ဗိုင်းရပ်စ်ဝင်လာရင် ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ပါ့မလား ဆိုတာပဲ။ ဒါက အသေအချာသိအောင် ဒီသူတွေထဲ AIDS ဗိုင်းရပ်စ် ထိုးကြည့်ရလိမ့်မယ်။ ဒါကိုတော့ ဘယ်သူမှ မလုပ်နိုင်ကြဘူး။ လူ့အခွင့်အရေးကို ထိမယ့်ကိစ္စ ဆေးပညာ/သိပ္ပံပညာ ကျင့်ဝတ်နဲ့ မညီတဲ့ ကိစ္စဖြစ်တယ်။ ခါတိုင်း ဗက်စင်းတွေမှာလုပ်တဲ့ နည်းနိသျည်းအတိုင်း တိရစ္ဆာန်တွေမှာ စမ်းကြည့်ကြမယ်လို့ ဆိုတယ်။ လူ့ကိုယ်ရဲ့ပြင်ပမှာ ဖြစ်တဲ့ လက်တွေ့ဓာတ်ခွဲခန်းထဲမှာ စမ်းကြည့်စဉ် HIV ပိုးကို ချေဖျက်တယ်လို့ တွေ့ထားတဲ့ ပဋိပစ္စည်းတွေကို မျောက်တွေမှာ ထိုးပေး။ နောက် ဒီမျောက်တွေကို AIDS ဗိုင်းရပ်စ်ပေးကြည့်တော့ ကာကွယ်မှုမပေးနိုင်လို့ မျောက်တွေ AIDS ရောဂါ ဖြစ်လာကြတယ်။
ဒါကြောင့် ဗက်စင်း ဖော်ထုတ်ဖန်တီးရေးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ အရင်ကထင်မှတ်ခဲ့သလို ၁၀ နှစ်အတွင်းမှာ ဗက်စင်းရမှာပဲ ဆိုတာဟာ မှန်မယ်မထင်ကြတော့ဘူး။ ဒါပေမယ့် ဗက်စင်း သုတေသနကတော့ ဆက်ပြီးလုပ်နေဆဲပါပဲ။ ဗိုင်းရပ်စ်တစ်ကောင်းလုံးကို မသုံးပဲ ဗိုင်းရပ်စ်ရဲ့ အခွံအကာ (သို့) အခြားအစိတ်အပိုင်း တခုခုကိုသုံးပြီး ဗက်စင်း တီထွင်ရေးကို စီစဉ်ပြုလုပ်နေကြတယ်။ Genetic Engineering လို့ခေါ်တဲ့ ဗီဇမျိုးစေ့ကို ကိုယ်တွင်းမဟုတ်ဘဲ ပြင်ပမှာ လိုအပ်သလို တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲပေးခြင်း အတတ်ပညာကို အသုံးချပြီး ဆက်လက် လုပ်ကိုင်နိုင်မယ်လို့လည်း မျှော်လင့်နေကြတယ်။
၁၉၉၁ မှာတော့ ဗိုင်းရပ်စ်ရဲ့ အခွံအကာမှရတဲ့ အစိတ်အပိုင်းကိုသုံးပြီး တီထွင်ထားတဲ့ ဗက်စင်းကို အမေရိကရှိ ကုမ္မဏီ ၃-၄ ခုနဲ့ ဆွစ်ဇာလန်ရှိ ကုမ္မဏီတို့မှ စမ်းသပ်နေကြတယ်။ တချို့က AIDS အစောပိုင်း လက္ခဏာ ရှိသူတွေမှာ စမ်းတော့ ခုခံကာကွယ်မှု တိုးတက်လာတော့ တွေ့ရတယ်လို့ ဆိုတယ်။ တစ်မျိုးကတော့ HIV ဗိုင်းရပ်စ် ပေးသွင်းလိုက်တဲ့ မျောက်တွေမှာ ကာကွယ်ဆေး (ဗက်စင်း) ကြောင့် AIDS ရောဂါကို လပေါင်း ၃၀ တိတိ ဖြစ်မလာအောင် တားဆီးနိုင်ခဲ့တယ် ဆိုတယ်။ ပိုလီယို ဗက်စင်းလို ပါးစပ်မှ စားလို့ ရတဲ့ ဗက်စင်းမျိုးကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားနေကြတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




