ဗက်စင်း ရပြီးသည့်တိုင်အောင် လူသားတွေအတွက် AIDS ပြဿနာဟာ လုံးလုံးပြေလည်သွားမယ်လို့ မဆိုနိုင်သေးပါဘူး။ ဗက်စင်းဟာ HIV မဝင်သေးသူကိုသာ AIDS ရောဂါမှ ကာကွယ်နိုင်မှာပါ။ ဗက်စင်းတွေ ရှိလာချိန်မှာ ဆိုရင် ဒီဗက်စင်း မပေါ်ခင်က HIV ဝင်ထားပြီးသူတွေ ကမ္ဘာမှာ သန်းပေါင်းများစွာ ရှိနေတော့မှာ။ ၁၉၉၃ ခုနှစ်ကုန် ခန့်မှန်းချက်အရ ကမ္ဘာမှာ AIDS ရောဂါပိုး ရှိသူ ၁၃ သန်းရှိတယ်။ ဒါက ရထားတဲ့ ကိန်းကဏန်းပေါ်မူတည်ပြီး ပြောတာ။ ပိုပြီး မှန်ကုန်မယ့် ဂဏန်းကတော့ သန်း ၅၀ လောက် ရှိမှာတဲ့။
ဒီလူတွေဟာ နှစ်တော်တော်ကလေးရှိမှ AIDS ဖြစ်မှာ။ AIDS ဗက်စင်းကို နောက် ၅-၁၀ အတွင်း ရပြီးဆိုပါစို့ (၁၉၉၅-၂၀၀၀) ယခုအခါမှာ HIV ဝင်ပြီးဖြစ်မယ့် လဦးရေဟာ ဘယ်လောက် ဖြစ်သွားမလဲ။ ဒီလူတွေဟာ နောက်ထပ် ၁၀ နှစ်မှာ (၂၀၀၅-၂၀၁၀) မှာ အားလုံးလောက် AIDS ဖြစ်ကြမှာပဲ။ ဒီလိုဆိုရင် ဗက်စင်းပေါ်ပြီး အနှစ် (၂၅-၃၀) လောက်အထထိ ကမ္ဘာဟာ AIDS ဖိစီးမှုကို ခံနေရတဲ့ ဒုက္ခသည်တွေ ထူပြောတဲ့ နေရာလောက်ကြီး အဖြစ် တည်နေအုံးမှာပဲ။
တနည်းပြောရမယ်ဆိုရင် ဒီဗန့ဗက်စင်းတွေ မနက်ဖြန် ကမ္ဘာအတွင်းရှိ ရှိရှိသမျှလူတွေ အားလုံးကို ဒီကာကွယ် ဗက်စင်းပေးနိုင်ခဲ့မယ် (ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ) ဆိုရင်တောင် AIDS ရောဂါဟာ အဲဒီနောက်ပိုင်း အနည်းဆုံးငါးနှစ်လောက်တော့ တိုးပွားနေအုံးမှာပဲ။ ဒီတော့ အချက်အလက်တွေ စုံစုံလင်လင်သိပြီး တွေးလေလေ ကြောက်စရာကောင်းလေလေ ဖြစ်တဲ့ AIDS ရောဂါပဲ။
AIDS ရောဂါဟာ ကုလို့လည်း မရဘူး။ ကာကွယ်ဖို့ဆေး ဗက်စင်းလည်း မရှိသေးဘူး။ ဒီတော့ ပြောနိုင်တာကတော့ AIDS ဖြစ်လာပြီဆိုရင်တော့ နောက်ဆုံးတော့ သေတာပဲ။ ချက်ချင်းသာ မသေတာ။ ဒီတော့ အခုအထိ သိထားသလောက်မှာ AIDS ဖြစ်တဲ့ လူတွေဟာ ဘယ်လိုဖြစ်ပြီး ဘယ်လိုသေကြသလဲ။ ဘယ်လိုခံစားရပြီး ပျမ်းမျှအားလုံးဖြင့် ဘယ်လောက်ကြာကြာ နေကြသလဲ။ ခန့်မှန်း ပျမ်းမျှ သက်တမ်းထက်ပိုပြီး နေရတဲ့သူတွေ ရှိသလား။ ဘယ်လိုတွေ ပိုကြာကြာနေဖို့ အလားအလာရှိသလဲ။ AIDS ရောဂါ မဖြစ်ခင် AIDS ဗိုင်းရပ်စ်ဟာ လူထဲဝင်ပြီး ခိုအောင်းနေသေးတယ်။ ဒီလို ပိုးဝင်ပြီးသူတွေရဲ့ ရှေ့ရေးဟာ ဘယ်လိုရှိသလဲ။ ဒီမေးခွန်းတွေဟာ ကြိုးစားဖြေကြည့်ထိုက်တဲ့ မေးခွန်းတွေပါ။
AIDS ဗိုင်းရပ်စ်ဟာ အနှေးဗိုင်းရပ်စ် (slow virus) အုပ်စုမှာ ပါဝင်တယ်။ ဒါကြောင့်လည်း ဗိုင်းရပ်စ် ကိုယ်ထဲရောက်ပြီး ၅ နှစ်ကျော် ၁၀ နှစ်မှ AIDS ရောဂါ အတိအလင်း ဖြစ်ပေါ်လာစေတာ။ ဒီကမ္ဘာပေါ်ကို AIDS ရောက်လာတာလည်း ၁၀ နှစ်ကျော်ကျော်ပဲ ရှိသေးတော့ ဗိုင်းရပ်စ် ဝင်ပြီးသား ဖြစ်နေသူတိုင်းဟာ AIDS ရောဂါလောက် သေနှုန်းရှိမလဲဆိုတာ အတိအကျ ပြောလို့ မရသေးတဲ့အချိန်ပါ။ ဒါပေမယ့် ပြောနိုင်တဲ့အချက်ကတော့ အရင်ခန့်မှန်းချက်တွေထက် ပိုဆိုးလိမ့်မယ်ဆိုတဲ့ အချက်ပဲ။
အရင် ပိုးဝင်ပြီးးသားသူတွေထဲက ၂၀ - ၃၀% ဟာ AIDS ဖြစ်မယ်လို့ ဆိုခဲ့ကြတယ်။ အခုတော့ ပိုးဝင်ပြီး ၆ နှစ်ကြာမှာ ၅၀% ဟာ AIDS အစစ်ဘဝကို ရောက်ပြီးဖြစ်ပြီး ၂၅% ကတော့ ARC ခေါ်တဲ့ AIDS နှီးနွယ်လက္ခဏာတွေ ဖြစ်နေပြီ ဖြစ်မယ်။ ဒီတော့ ရှေ့ဆက်တွေးရတာကတော့ AIDS ပိုးဝင်ပြီးသူ တစ်ယောက်ဟာ AIDS တော့ မလွဲမသွေ ဖြစ်တော့မှာပဲလို့ ပြောနိုင်လိမ့်မယ်။ ဘယ်တော့ ဖြစ်မလဲဆိုတာသာ မသိတာ။
၁၉၈၂ ခုနှစ်ထဲက AIDS ပိုးဝင်ပြီး ဖြစ်နေသူတစ်စုကို လေ့လာကြည့်တဲ့ အခါကျတော့ ၃ နှစ်အတွင်းမှာ ၉၀.၂% ဟာ ကျန်းမာပကတိ ရှိနေကြသူတွေ မဟုတ်တော့ဘူး။ ရောဂါ စနေပြီဆိုတာ တွေ့ရတယ်။ ဒါကို အခြေခံပြီး တွက်ကြည့်လိုက်တော့ AIDS ရောဂါပိုးဝင်ပြီး ၅ နှစ်ကြာရင် AIDS ရောဂါ စဖြစ်ကြမယ်။ ၇ နှစ်ကြာရင်တော့ ၇၅% ဟာ ရောဂါဖြစ်နေပြီ ဆိုတာ တွေ့ရတယ်။ နောက်ဆုံးတော့ အားလုံးဟာ AIDS ဖြစ်မှာပဲလို့ ယေဘုယျအားဖြင့် ဆိုရမှာ ဖြစ်တယ်။
အထက်က ပြောခဲ့သလို “အနှေး ဗိုင်းရပ်စ်” ဖြစ်လို့ ရောဂါဖြစ်ဖို့ နှစ်ဘယ်လောက်ကြမယ်မသိတော့ တစ်ခါတလေ ရောဂါလက္ခဏာတွေ မပေါ်လာခင် လူနာဟာ အခြား အကြောင်း တစ်ခုခုကြောင့် သေသွားနိုင်တာလည်း ရှိနိုင်မယ်။ အဲဒီ အခါမှာတော့ သူတို့ကို AIDS ကြောင့် သေတယ်လို့ သတ်မှတ်လို့ မရဘူးပေါ့။ သူရဲ့မူလ သက်တမ်းအထိနေပြီးမှ သေပြီး AIDS မဖြစ်လိုက်တာတွေလည်း ရှိမယ်။ ဒါကြောင့် ရာနှုန်းပြည့် AIDS ဖြစ်ပြီး ရာနှုန်းပြည့် သေမယ်လို့ ယတိပြတ် မပြောနိုင်သေးတာ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




