အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ရောဂါ တိုက်ဖျက်ရေးနဲ့ အကူအညီ
ပေးရေးအဖွဲ့ တာဝန်ခံ မဖြူဖြူသင်း ဦးဆောင်ပြီး ဝေဒနာရှင် ၆ဝ လောက်က အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ
ဦးတင်ဦးနဲ့ ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ နှစ်ဦးကို ဒီကနေ့ ဇွန်လ
၁၃ ရက်နေ့ မနက်ပိုင်းမှာ ဂါရဝပြု ကန်တော့ပွဲ တရပ် ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ် (၁၈) ရပ်ကွက်မှာ ရှိတဲ့ AIDS ဝေဒနာ သည်တွေ
ထားရှိတဲ့ အိမ်မှာ ဂါရဝ ပြုပွဲ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဝေဒနာ သည်တွေကို အကူအညီ
ပေးနေတဲ့ မဖြူဖြူသင်းက ပြောပြပါတယ်။
'HIV နဲ့ပတ်သက်ပြီး ဘဘတို့က အရမ်း တက်တက် ကြွကြွ အရင် ကတည်းက ရှိခဲ့တာ ပေါ့နော်။
လူနာတွေကို အရမ်း အားပေး ချင်တယ်၊ လူနာတွေ ကလည်း အဘတို့ကို ဂါရဝ ပြုချင်တယ် ပေါ့နော်။
အခု အဘတို့နဲ့ တိုင်ပင်ပြီးတော့ ဒီနေ့ကို ရွေးပြီးတော့ အဘတို့ လာတယ်။ အဘတို့က ဒီမှာလာပြီး
လူနာ တွေကို တွေ့ဆုံတယ်၊ အားပေးတယ်၊ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေကြတယ်။ လူနာ
တွေကလည်း အဘတို့ကို ကန်တော့တယ်'
ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က ဝေဒနာ သည်တွေနဲ့ အတူ ဒေါ်အောင်ဆန်း စုကြည်ရဲ့ (၆၅)
နှစ်မြောက် မွေးနေ့ အတွက် ခရေပင် နှစ်ပင်ကိုလည်း စိုက်ခဲ့တယ်လို့ သိရပါတယ်။
ဂါရဝပြုပွဲမှာ အဖွဲ့ချုပ်က ဒုဥက္ကဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးဝင်းတင် တို့ကိုယ်တိုင် ဝေဒနာသည် တွေကို အားပေးစကား ပြောကြား ခဲ့တာကြောင့် လူနာတွေ
အနေနဲ့ စိတ်ခွန်အား တက်ကြွတယ်လို့ မဖြူဖြူသင်းက ဆက်ပြော ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ဥက္ကလာပ မြို့နယ် စည်းအဖွဲ့ဝင် မဖြူဖြူသင်းက
ဦးဆောင်ပြီး ၂ဝဝ၂ ခုနှစ်က စလို့ AIDS ဝေဒနာသည်တွေ ဆေးစစ်နိုင်ဖို့နဲ့ ဆေးဝါး ရရှိရေး
အပါအဝင် နေရေး ထိုင်ရေးတွေ အတွက်ပါ အကူအညီ ပေးခဲ့တာ အခု အချိန်အထိ ဝေဒနာသည် သုံးထောင်ကျော်
ရှိခဲ့ပြီး လက်ရှိ HIV/AIDS လူနာ တရာကျော်ကို လက်ခံ ကူညီ ပေးနေကြောင်း သိရပါတယ်။
RFA
- AIDS ဝေဒနာရှင်များ NLD ခေါင်းဆောင် နှစ်ဦးကို ဂါရဝပြု
2010-06-13




