AIDS ဝေဒနာရှင်တွေကို ပြုစုစောင့်ရောက်မှုတွေပေးနေသူ မဖြူဖြူသင်းဟာ
အာဏာပိုင်တွေ ဖမ်းဆီးသွားပြီးတဲ့နောက် စစ်ကြောရေးစခန်းမှာ ဇွန်လ ၁၉ ရက်နေ့ကစပြီး
အစာငတ်ခံဆန္ဒ ပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မဖြူဖြူသင်းကို
အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတွေ ပြုလုပ်တဲ့ကိစ္စနဲ့ဆက်နွယ်ပြီး
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းသွားတာဆိုတော့ တလကျော်သွားပါပြီ။
ဒီသတင်းနဲ့ပတ်သတ်ပြီး
အတည်ပြုချက်မရသေးပေမဲ့ မဖြူဖြူသင်းရဲ့ မိသားစုအနေနဲ့တော့ အခိုင်အမာယုံကြည်မှုရှိတယ်လို့
ဆိုပါတယ်။ ဘာကြောင့်ဆန္ဒပြနေသလဲဆိုတာနဲ့ ပတ်သတ်လို့ မဖြူဖြူသင်းရဲ့အစ်မဖြစ်သူက
ခုလိုပြောပါတယ်။
သူ့ကို
ရုံးထုတ်ပြီး တရားဥပဒေအရ အရေးယူတာမဟုတ်ပဲ အခုလို ဖမ်းဆီး ချုပ်နှောင်ထားတာကို
မကျေနပ်တဲ့အတွက် ဆန္ဒပြတာလို့ ကြားရကြောင်း အစ်မက ပြောပြပါတယ်။
မိခင်ဖြစ်သူကတော့
သမီးရဲ့ စိတ်ဓာတ်ကို မိမိသိထားပေမဲ့ မဖြူဖြူသင်းဟာ ပန်းနာရင်ကျပ်ရောဂါ
ရှိသူဖြစ်နေလို့ စိုးရိမ်မှုတော့ ရှိနေတယ်လို့ ပြောပါတယ်။
မဖြူဖြူသင်းကို
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ ညပိုင်းက အာဏာပိုင်တွေက မေးစရာရှိလို့ ခဏလိုက်ခဲ့ပါ
ညတွင်းချင်းပြန်ပို့ပေးမှာဖြစ်တယ်လို့ မိသားစုကိုပြောပြီး ခေါ်သွားခဲ့တာဖြစ်ပါတယ်။
ခုချိန်အထိ အာဏာပိုင်တွေက မဖြူဖြူသင်းကို ဘယ်မှာထားရှိကြောင်း မိသားစုကို
အကြောင်းကြားခြင်း မရှိသေးသလို ဘာအမှုနဲ့ စစ်ဆေးနေတယ်ဆိုတာလည်း
ပြောဆိုခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က အာဏာပိုင်တွေ
ပြန်လွှတ်ပေးလိုက်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးရဲ့အဆိုအရ မဖြူဖြူသင်းကို
မိမိကိုချုပ်နှောင်ထားခဲ့တဲ့ ကျိုက္ကဆံစစ်ကြောရေး စခန်းမှာ တွေ့ခဲ့ပါတယ်လို့ RFA ကိုပြောပါတယ်။
အတည်ပြုလို့မရတဲ့
သတင်းတွေအရ မဖြူဖြူသင်းကို ဆိပ်ကမ်းမြို့နယ် တရားရုံးကနေ ရမန်ယူထားတယ်ဆိုတဲ့
သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
မဖြူဖြူသင်း
အစာငတ်ခံ ဆန္ဒပြနေတာနဲ့ ပတ်သတ်ပြီး မဖြူဖြူသင်းရဲ့ အကူအညီကို ရယူခဲ့ကြသူ AIDS ဝေဒနာရှင်တွေကလည်း စိုးရိမ်နေကြတယ်လို့ RFA
ကို ပြောပြပါတယ်။ ဒါ့အပြင် မဖြူဖြူသင်း လွတ်မြောက်ရေးအတွက်
လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုတခုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေနဲ့
ပတ်သတ်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေး မြန်းထားပါတယ်။
မဖြူဖြူသင်း
အစာငတ်ခံဆန္ဒပြနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေချိန်မှာ မိသားစုအနေနဲ့ တော်တော်လေးကို
စိတ်သောက ရောက်နေကြရပါတယ်လို့ပြောပြပါတယ်။ မဖြူဖြူသင်းရဲ့ အမေဖြစ်သူနဲ့ အမဖြစ်သူက
အခုလိုပြောပါတယ်။
ဖြေ။ အစာငတ်ခံဆန္ဒပြတယ်ဆိုတဲ့ဥစ္စာ အမြင်ကတော့ သူတို့တွေက
ဘာမှအကြောင်းမကြား ဘာမှမပြောပဲနဲ့ သူအဆာငတ်ခံဆန္ဒပြတယ်ဆိုတာ စိုးရိမ်ရတာပေါ့
အန်တီတို့ အမြင်က တော့လေ မိဘတစ်ယောက်အနေနဲ့စိုးရိမ်တယ် သူကနဂိုကတည်းက အက်စမာ ပန်းနာရင်ကြပ်ရောဂါရှိတယ်
ပန်းနာရင်ကြပ်ရောဂါရှိတော့ ဗန်တိုလင်ရှုဆေးကို အမြဲရှုရတယ်လေ၊ အမြဲရှု တော့ အဲ့ဒီဗန်တိုလင်ရှုဆေးကလည်း
သူ့မှာ တစ်ဗူးထဲပါသွားတာဆိုတော့ အခုဟာက တစ်လလောက်ရှိနေပြီဆိုတော့ အဲ့ဒီဆေးကလည်း မလောက်နိုင်ဘူးရှင့်။
မလောက်နိုင်တဲ့အချိန်မှာ အဲ့ဒီ ပန်းနာရင်ကြပ်ကလည်း အစာမစားလို့ရှိရင်
ပိုပြီးတောဆိုးတယ်လေ။ အခုကြားရတဲ့သတင်းကတော့ တော်တော်လေးကို ကတုန်ကရင် ဖြစ်နေတယ်ဆိုတော့
ကျမတော့ တော်တော် တော့ စိတ်ပူနေရတယ်ရှင်။ မဖြူဖြူသင်းရဲ့မိခင်ဖြစ်သူနဲ့
အမဖြစ်သူတို့ပြောပြသွားကြတာပါ။
တစ်ချိန်ထဲမှာပဲ
မဖြူဖြူသင်းလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေ ပြုလုပ်နေကြတယ်လို့ မဖြူဖြူသင်းရဲ့ အကူအညီကို
ရယူနေကြသူ AIDS ဝေဒနာရှင်တွေကလည်းပြောပါတယ်။
ဖြေ။ သူကိုတအားလည်းလွတ်စေချင်တယ် သူဟာ ကျမတို့အတွက် အင်မတန်ကြီးကို
အရေးကြီးနေတယ်။ လူနာတွေကလည်း တအားမျှော်လင့်နေတယ်။ ကျန်တဲ့သူတွေ ဘယ်လိုပဲ ရှိနေ ရှိနေပေါ့နော်
မဖြူရှိတာနဲ့မတူဘူးဆိုပြီး တော့ခံစားရတယ်။ တော်တော်ကြီးကိုလည်း မဖြူဖြူသင်းကို မျှော်လင့်နေကြတယ်ပေါ့နော်။
မဖြူရှိမှပဲ အသက်ရှင်မယ် အဲ့ဒီလောက်ထိ အ ခြေအနေထိကိုရှိတယ်။ အခုလို
မဖြူသတင်းကိုကြားရပြီးတော့ အကုန်လုံးကလည်း စိုးရိမ်ပြီးတော့ ငိုတဲ့လူတွေလည်း
ငိုနေကြတယ်အခု။ ဟိုဘယ်လိုပြောမလဲ မဖြူလွတ်မြောက်ဖို့ ဆက် ပြီးတော့ လှုပ်ရှားမယ်။ ပြီးတော့ကျမတို့ဘယ်လိုပြောမလဲ
တက်နိုင်သလောက်ပေါ့နော်တောင်းဆိုမယ်။
မွန်ပြည်နယ် ရေးမြို့က AIDS
ဝေဒနာရှင်တစ်ဦး ပြောပြနေတာပါ။ မဖြူဖြူသင်းလွတ်မြောက်ရေးအတွက်
မဖြူဖြူသင်းအဖမ်းခံရပြီးတဲ့နောက် မေလ ၂၃ ရက်နေ့ကစပြီး ရန်ကုန်မြို့ပတ် ဝန်းကျင်
တန်ခိုးကြီးဘုရားတွေမှာ AIDS ဝေဒနာရှင်တွေ စုပေါင်းပြီး ဆုတောင်းပွဲတွေ
ဆက်တိုက်ပြုလုပ်ခဲ့သလို မြန်မာပြည်အနှံ့မှာရှိကြတဲ့ AIDS ဝေဒနာရှင်တွေ
စုပေါင်းလက်မှတ်ရေး ထိုးပြီး အာဏာပိုင်တွေထံတင်ပြဖို့ အစီအစဉ်တွေလည်း
ရှိတယ်လို့ပြောပါတယ်။ ပထမဆုံး မကွေးမြီု့က ဝေဒနာရှင်တစ်ဦးဖြစ်တဲ့
ဦးရဲတင့်ကိုမေးကြည့်တဲ့အခါမှာ အခုလိုပြောပါတယ်။
ဖြေ။ အကုန်လုံး အခုဆိုလို့ရှိရင် တောင်တွင်းကြီးမြို့ရသွားပြီ၊
မြို့သစ်ရပြီ နတ်မောက်ရပြီ ကျနော်တို့ မကွေးရပြီပေါ့။
လက်မှတ်ကောက်ယူပြီးတဲ့အခါကျတော့ ကျနော်တို့ မဖြူဖြူ သင်း လွတ်မြောက်ရေးအတွက် HIV
လူနာရှင်တွေအားလုံးက စုပေါင်းပြီးတော့ ဆောင်ရွက်နေကြပါတယ်။
မေး။ လက်တလောအနေနဲ့ပေါ့လေ အထက်ဗမာပြည်ကနေပြီးတော့
ကောက်ယူရရှိတဲ့လက်မှတ် တွေက ဘယ်လောက်များများရှိပြီလဲခင်ဗျ။
ဖြေ။ အထက်ဗမာပြည်က ကောက်ယူရရှိတဲ့လက်မှတ်တွေက ကျနော်အကြမ်းဖြင်းပဲ
ပြောလို့ရမယ်ခင်ဗျ။ အခုပါသွားတဲ့လက်မှတ်အရေအတွက်က အနည်းဆုံးကျနော်တို့ အထက် ဗမာပြည်ဆိုတာ
မြေလတ်ပိုင်းလောက်ပဲရှိမယ်နော်။ မကွေးတိုင်းအတွင်းလောက်ပဲကမှ
အားလုံးပေါင်းတစ်ရာနီးပါလောက်ရှိပြီခင်ဗျ။
မေး။ ဟုတ်ကဲ့ခင်ဗျ အဲ့ဒီရရှိတဲ့လက်မှတ်တွေကို ဘယ်ကိုတင်မှာလဲခင်ဗျ။
ဘာဆက်ပြီဆောင်ရွက်မှာလဲခင်ဗျ။
ဖြေ။ ကျနော်တို့အဲ့ဒီလက်မှတ်တွေနဲ့အတူ နံပါတ်(၁)မဖြူဖြူသင်းကိုစပြီးဖမ်းစဉ်ကာလတုန်းက
ခေါ်ဆောင်သွားတဲ့ဌာန ပြန်ထဲရေးဌာနလို့ခေါ်ပါတယ်။ အဲ့ဒီပြည်ထဲရေးဌာနကို ဦးဆုံး လိပ်မူပြီးတော့
ပို့မှာဖြစ်ပါတယ်။ အဲ့ဒီပြည်ထဲရေးဌာနကတဆင့် မိတ္တူကို ဒိပြင့်ဒီသက်ဆိုင်ရာ
စုံစမ်းရေးအဖွဲ့တွေ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ နောက်ကျတော့ HIV/AIDS
ပတ်သက်တဲ့ NGO တွေ နောက်တစ်ခါ UNICEF နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ အားလုံးကို
ကျနော်တို့ပို့မှာဖြစ်ပါတယ်။
မေး။ အဲ့ဒီလိုပို့တဲ့အတွက်ကော ဘာများထူးခြားလာမယ်လို့
မျှော်လင့်ထားပါသလဲခင်ဗျ။
ဖြေ။ ကျနော်တို့ကတော့ထူးခြားလာမယ်လို့ မျှော်လင့်တာကတော့
မဖြူဖြူသင်းကို လွတ်မြောက်စေချင်တဲ့ အကြီးမားဆုံးမျော်လင့်ချက်က ကျနော်တို့အတွက်
အရေးကြီးတဲ့ ပန်းတိုင် တစ်ခုပဲလေ။ မဖြူဖြူသင်း လွတ်မြောက်မှသာလျှင် HIV
ဝေဒနာရှင်တွေဆက်လက်ပြီတော့ အသက်ရှင်နေနိုင်မယ်လို့ ယုံကြည်တယ်လေ။
မေ။ အခုဆိုလို့ရှိရင်
HIV/AIDS နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေး နေတဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်းရှိနေပါတယ်။
တစ်ခါနောက်ပြီးတော့ နိုင်ငံခြားက NGO တွေလည်း ရှိ တယ်ခင်ဗျ။ ဒီ့ပြင့်လူတွေကလည်း
ဒီလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်တာပဲ ဆိုတော့ မဖြူဖြူသင်းက
ဘာကြောင့်အရေးကြီးနေရတာလဲခင်ဗျ။
ဖြေ။ ဒီလိုရှိတယ်ခင်ဗျ။ လူနာရှင်ရဲ့စိတ်ဓါတ်အဓိက အရေးကြီးတယ်လေ။
စိတ်ဓါတ်ပေါ်မှာလည်းမူတည်တယ်။ ဒီလူနာရှင်တွေအမြဲတမ်း တက်ကြွနေရမယ်၊
အမြဲတမ်းလန်းဆန်းနေ ရမယ်။ အဲ့လိုမျိုး ဖြစ်ဖို့အတွက်ကလည်း
နှစ်သိပ်အားပေးဆွေးနွေးတဲ့ concealing ကိစ္စတွေကလည်းအမျာကြီးအရေးပါတယ်။
အဲ့ဒီလူနာရှင်က အသက်ရှင်နေထိုင်ဖို့အတွက် ငါဘာလုပ်ရ မလဲဆိုတဲ့
တစ်နေ့တာအစိတ်အပိုင်းလေးတစ်ခုကိုပဲ ဒီအသက်ရှင်ဖို့အတွက်လိုအပ်နေတယ်လေ။ ဒီလိုမျိုး
နှစ်သိပ်ဆွေးနွေးနိုင်ဖို့အတွက်က မဖြူဖြူသင်းက တော်တော်လေးကျွမ်းကျင် တယ်လို့
ကျနော်တို့က သဘောထားတယ်လေ သိထားတယ်။ အဲ့ဒီတော့မဖြူဖြူသင်းရဲ့စကားသံလေးကို ကြားလိုက်တာနဲ့
လူနာရှင်ခမျာမှာ ဝေဒနာတစ်ဝက်လောက်ကိုပဲ ပျေက်ကင်း သွားသလိုမျိုး တကယ့်တိုက်ရိုက် ထိတွေ့ခံစားခဲ့ရတဲ့
ဝေဒနာရှင်မျိုးရှိခဲ့တယ်လေ။ အဲ့ဒါကြောင့်မို့လို့ မဖြူဖြူသင်းလွတ်မြောက်ဖို့အတွက်
အများကြီးကြိုးစားဆောင်ရွက်နေကြတာပါ။
ဦးရဲတင့်ပြောပြသွားတာပါ။ မဖြူဖြူသင်းအတွက်
ရန်ကုန်နဲ့ အောက်မြန်မာပြည်မှာရှိကြတဲ့ ဝေဒနာရှင်တွေစုပေါင်းလက်မှတ်ရေးထိုးကြတာ
အခုဆိုရင် လက်မှတ်ပေါင်း ၂၀၀ နီးပါးရရှိနေပြီ လို့ စုံစမ်းသိရှိရပါတယ်ခင်ဗျ။
http://www.rfa.org/burmese/news/AIDS_volunteer_on_hunger_strike-20070622.html




