ကြောက်ရွံ့ဖွယ်ကောင်းသည့် AIDS ရောဂါ ကူးစက်နေသူများအား ကြင်နာကြရန်နှင့် ဘာသာအယူဝါဒကိုသုံးကာ အဆိုပါရောဂါသည်များကို အသရေမဖျက်ကြရန် မလေးရှားရှိ ဗလီဝတ်ကျောင်းတော်တိုင်းရှိ ရှေ့ဆောင် အီမာမ်များက ပြည်သူများအား တိုက်တွန်းလိုက်သည်ဟု သိရသည်။
ဒီဇင်ဘာ ၅ ရက်နေ့ သောကြာနေ့ ၀တ်ပြုမှု အစီအစဉ်အတွင်း နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်များရှိ ရှေ့ဆောင်ဆရာတော်များက မိန့်ခြွေသော တစ်ပတ်တာ တရားဒေသနာတော်တွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဝေဒနာသည်များအား လစ်လျူရှုခြင်း မပြုကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။
`ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ဒီရောဂါကြီးကို ရွံရှာစရာ၊ ညစ်ပတ်စရာကြီးလို့ မှတ်ယူနေကြသူတွေ ရှိနေတုန်းပါပဲ။ ဒီဝေဒနာသည်တွေကို မိသားစုတွေက လျစ်လျူရှုလိုက်တာကြောင့် မွတ်စလင်မဟုတ်သူတွေရဲ့ ကူညီရေး စင်တာတွေကို ရောက်သွားကြတယ် ဆိုတာတွေကိုလည်း ကြားနေရပါတယ်။ နောက်ပြီး မေးစရား တစ်ခုက ရောဂါရှိနေတဲ့ ဒီလူတွေကို ၀ိုင်းကြဉ်ထားတာ၊ ရွံစရာအဖြစ် ရှုမြင်နေကြတာတွေဟာ အစ္စလာမ်ရဲ့ သွန်ကြားမှုနဲ့ ကိုက်ညီလား ဆိုတာပါပဲ´ ဟု အစ္စလာမ်ဖွံဖြိုးရေးဌာနမှ တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်သော သောကြာနေ့ တရားဒေသနာတော်တွင် ဖော်ပြထားသည်။
AIDS ဝေဒနာရှင်များအား အသရေမဖျက်ကြရန် မွတ်စလင်များအား တိုက်တွန်းထားပြီး ၎င်းတို့အား ကုသမှုနှင့် အားပေးကူညီမှုပြုရန်မှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟုလည်း ထည့်သွင်းမိန့်ကြားထားသည်။
`အစ္စလာမ်ဆိုတာ ဘာသာဝင်တွေအတွက် ချမ်းမြေ့ပျော်ရွှင်မှုကို ယူဆောင်လာပေးတဲ့ သာသနာပါ။ တစ်ယောက်နဲ့တစ်ယောက်ကူညီဖို့၊ တစ်ယောက်နဲ့တစ်ယောက်လေးစားဖို့ အစ္စလာမ်က သွန်သင်ပါတယ်´ ဟု ရှေ့ဆောင် ဆရာတော်များက မိန့်ကြားခဲ့သည်။
မွတ်စလင်များအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်ရန် အဆိုပါ တရားဒေသနာက အကြံပြုထားပြီး ရောဂါဘယ ဖိစီးနေပါကလည်း ဂရုတစိုက်ကုသရန်နှင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံရန် အတွက်လည်း တိုက်တွန်းထားသည်။
ထို့ပြင် HIV ရှိနေသော မွတ်စလင်အများပေါ် ရှုမြင်သည့်ပုံစံကို ပြောင်းလဲရန်နှင့် သို့မှသာ အဆိုပါ ရောဂါကို ခံစားနေရသူများမှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေမည်ဟု ဖော်ပြထားသည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ကို တစ်ကမ္ဘာလုံးက ကျင်းပခဲ့ကြသည်။ တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ မလေးရှားတွင် ယခုနှစ် ဇွန်လအထိ AIDS ဝေဒနာသည် ၁၀၃၀၀၀ ဦး ရှိနေသည်ဟု သိရသည်။
၎င်းတို့ထဲတွင် ၇ ရာခိုင်နှုန်းမှာ မလေးလူမျိုးများ ဖြစ်ကြသည်။ မလေးရှား၏ လူဦးရေ ၂၆ သန်းတွင် မလေးလူမျိုး အစ္စလာမ်ဘာသာဝင်များမှာ ၆၀ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်ဘာသာဝင်များက ၉.၁ ရာခိုင်နှုန်း ရှိသည်။
M-media - AIDS ဝေဒနာသည်များအား ကြင်နာကြရန် ဗလီရှေ့ဆောင်များမှ သောကြာနေ့ တရားဟောပြောမှု၌ တိုက်တွန်း




