29
Mar

AIDS နှင့် မျိုးဗီဇ ကုထုံသစ်


မြို့စွန်တစ်နေရာတွင် ကြီးမား သော ညောင်ပင်ကြီးတစ်ပင်ရှိ၏။

 

ထိုညောင်ပင်ကြီးတွင် နတ်ကွန်းတစ်ခုရှိရာ ပူဇော်ပသသူများနှင့်
စည်ကားလျက်ရှိ၏။ ညောင်ပင်စောင့်ရုက္ခစိုး နတ်ကြီးသည် ကျန်းမာရေးအတွက် မစနိုင်သည်ဟု
သတင်းကြီးနေပြီး နာတာရှည်လူနာများအတွက် လာရောက် ဆုတောင်းလေ့ရှိကြ၏။

 

ထိုညောင်ပင်ကြီးနှင့် ဓားလွယ်ခုတ်အရပ်တွင် သာမန်လမ်းဘေး
လက်ဖက်ရည် ဆိုင်ကလေးတည်ရှိ၏။

ထိုဆိုင်ကလေးတွင် နာမည်မရှိပေ။ ပတ်ဝန်းကျင်မှ လူအများက
ရွှေညောင်ပင်ကဖီးဟု အလွယ်တကူ ခေါ်ဝေါ် နေကြ၏။

 

တစ်နေ့တွင် ထိုကဖီး၌ ယောဂီ ဝတ်စုံနှင့် အရပ်အမောင်း ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်တစ်ဦးထိုင်နေ၏။

ထိုပုဂ္ဂိုလ်သည် ရှည်လျားလှသော ဆံပင်၊
နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများဖြင့် ဆာဒူးကြီးပုံစံနှင့် ဆင်ဆင်တူနေ၏။

 

''ဟာ- ရာဟုမောင်မောင်၊ ဒီမှာ ဘာလုပ်နေတာလဲ၊ လေညိုကုန်း မသွားဘူးလား''
ကဗျာဆရာ မောင်တိုင်ပြာက လမ်းပေါ်မှမေးလိုက်၏။

 

''ဟာ- ကိုတိုင်ပြာ၊ လာလေဗျာ၊ လက်ဖက်ရည်သောက်ရအောင်၊ လေညိုကုန်းမှာနေရင်
လူတွေဝိုင်းဝိုင်းလာလို့ အေးအေးဆေးဆေး လူသူဝေး တဲ့နေရာလာနေတာ''

 

''လူတွေက ဘာလို့ဝိုင်းနေကြ တာလဲ''

 

''ဘယ်သူက ကောလာဟလတွေလွှင့်လိုက်မလဲ မသိပါဘူးဗျာ။ ရာဟုမောင်မောင်ဆီမှာ
အေအိုင်ဒီ အက်စ်ရောဂါ ပျောက်တဲ့ဓာတ်ပြာရှိ တယ်တဲ့၊ အဲဒါလူတွေဓာတ်ပြာလို ချင်လို့ ဝိုင်းနေကြတာ''

 

''ဟာ- ဟုတ်လား။ ကျွန်တော့်လဲ နည်းနည်းလောက်''

 

''ဟာ- ကိုတိုင်ပြာကလဲဗျာ၊ ကျွန်တော့်မှာ ပြာဆိုလို့ ဆေးလိပ်ပြာပဲရှိတယ်၊
ရောဂါကုတာက ဆရာဝန်တွေအလုပ်ပဲ၊ ကျွန်တော်က ဂမ္ဘီရစာရေးဆရာပဲ၊ ဘာကုတတ်မှာပဲ''

 

''အေး၊ ဒါဆိုရင် ဒေါက်တာတင်မောင်ဆွေလာမှ မေးကြည့်ရမှာပဲ''

 

မကြာမီ ဒေါက်တာတင်မောင်ဆွေ ရောက်ရှိလာ၏။

 

''မင်္ဂလာပါဆရာ၊ ကြွပါ၊ အေ အိုင်ဒီအက်စ်ကုထုံးသစ်တွေ မပေါ်
သေးဘူးလား''

 

''မင်္ဂလာပါ။ ကုထုံးသစ်တွေအတွက် သုတေသနတွေလုပ်နေကြ ပြီ၊ ကျွန်တော်စိတ်ဝင်စားစရာတစ်ခု
ပြောပြမယ်''

 

''လုပ်ပါဗျာ၊ ဗဟုသုတပေါ့''

 

''ဒီလိုဗျ၊ University of Califonia က သုတေသီတွေက အေအိုင်ဒီအက်စ်ကို
မျိုးရိုးဗီဇကုထုံးနဲ့ကုဖို့ ကြိုးစား ကြတယ်။ သုတေသနလုပ်ပြီး ရလဒ်တွေ Boston မြို့မှာလုပ်
တဲ့ Conference တစ်ခုမှာတင်ပြကြတယ်''

 

''ဟုတ်ကဲ့ ဆရာ''

 

''သုတေသီတွေ အကြံရလာတာက Imotay Bay Brown ဆိုတဲ့ လူနာတစ်ဦးရဲ့ ဖြစ်ရပ်ကနေ
အခြေခံတာဗျ၊ လွန်ခဲ့တဲ့ လေးနှစ်က သူဟာ Stem Cell Transplant  လုပ်ခဲ့တဲ့ လူနာပဲ၊ သူ့မှာ HIV ပိုးရှိတယ်။ ကျန်းမာနေတဲ့
လူဆီက ဆဲလ်တွေကို သူ့ကိုယ်ထဲထည့်ပေးတဲ့အခါ သူ့ရဲ့ ရောဂါပျောက်သွား တယ်၊ အဲဒီကနေ လမ်းစရတာဗျ''

 

''ဟုတ်ကဲ့ ဆရာ''

 

''Brown တုန်းက အလှူရှင်ဆီက ဆဲလ်တွေကိုသုံးတယ်။ ခုကျတော့
သုတေသီတွေက လူနာရဲ့ ကိုယ်ပိုင် ဆဲလ်တွေ ကို သုံးပြီးစမ်းသပ်တာဗျ၊ ရလဒ်တွေကောင်းတယ်။
Gene Therapy Treatment  တွေကို ကြီးကြပ်ကွပ်ကဲနေတဲ့
အဖွဲ့တစ်ဖွဲ့ရှိတယ်။ Government Panel ပေါ့ဗျာ၊ ဒီ Panel ရဲ့ ခေါင်းဆောင် Dr.John
Zaia က ခုလိုပြောတယ်။ ဒီသုတေသနအရ ခုအချိန်မှာ အေအိုင်ဒီအက်စ်ကို အမြစ်ပြတ်အောင်ကုဖို့
လမ်းစရလာပြီလို့ ဆိုနိုင်ပါတယ်တဲ့။ လူနာရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ပြုပြင်ပြောင်း
လဲပေးပြီး ခုခံအားတက်လာအောင် လုပ်တဲ့နည်းစနစ်ပါပဲတဲ့''

 

''ဟုတ်ကဲ့ ဆရာ''

''The National Institute of Allergy and Infections
Diseases က AIDS Chief ဖြစ်တဲ့ Carl Diefenbach ကလဲ Dr.Zaia ကို ထောက်ခံထားတယ်။
Brown ကိုပါ ခုခံအားတက်လာအောင် လူနာတွေ ကိုလုပ်ပေးနိုင်တော့မှာပါတဲ့''

 

''ကောင်းတာပေါ့ဆရာ။ ခုခံ အားတက်လာရင် မသေတော့ဘူး ဆရာ''

 

''ဟုတ်တယ်ဗျ။ ခုနည်းစနစ်က မျိုးရိုးဗီဇကို လိုသလို ပြုပြင်ပြောင်းလဲပြီး လူကိုယ်ထဲကို ထည့်တယ်။ ပြီးတော့ ခုခံအားကို တက်လာစေတယ်။ ခုလို လုပ်နိုင်တာက
ဆေးပညာသမိုင်းမှာဒါဟာ ပထမဦး ဆုံးအကြိမ်ပဲတဲ့''

 

''ဟုတ်ကဲ့ဆရာ''

 

''HIV ပိုးဟာ လူရဲ့ သွေးဖြူဥ တွေထဲကို CCR5 Receptor ကနေ
ဝင်လေ့ရှိတယ်။ လူဖြူတွေရဲ့ တစ်ရာခိုင်နှုန်းဟာ CCR5 ထုတ်လုပ်တဲ့ မျိုးရိုးဗီဇ ပါမလာဘူး။
ဒါကြောင့် CCR5  Receptor မရှိဘူး။ မရှိတော့
AIDS မဖြစ်ဘူး။ ရောဂါမဝင်နိုင်ဘူး။ စောစောက ကျွန်တော်ပြောခဲ့တဲ့ Bronn ဟာ သွေးကင်ဆာရော၊
HIV ရော ရောဂါနှစ်မျိုးစလုံး ဖြစ်တယ်။ CCR5 Gene မရှိတဲ့ အလှူရှင်ဆီက Stem Cell ကိုယူပြီး
Brown ကိုယ်ထဲ ထည့်လိုက်တာ AIDS ရော သွေးကင်ဆာပါ ပျောက်သွားတယ်''

 

''ဟာ- ဟန်ကျလိုက်တာ ဆရာရယ်''

 

''အဲဒီကနေ စိတ်ကူးရတာဗျ။ ခု သုတေသနကျတော့ အလှူရှင် ရှာမနေတော့ဘူး။
လူနာရဲ့ ဆဲလ်တွေကိုပဲ မျိုးရိုးဗီဇ ပြုပြင်ပြီး လူနာကိုယ် ထဲပြန်ထည့်တာ။ မျိုးရိုးဗီဇကို
လို သလို ပြုပြင်ပြောင်းလဲလို့ ရနေတာ ကိုး''

 

''ပြင်ပကုမ္ပဏီတွေဆီက အကူ အညီယူသေးလား''

 

''ယူရတာပေါ့ဗျာ။ Sangamo Biosciences Inc. ဆိုတဲ့ ကုမ္ပဏီက အကူအညီ ယူရတယ်။ အဲဒီမှာ နည်းပညာရော ပစ္စည်းကိရိယာပါစုံတယ်။ ဦးဆောင်တဲ့ သုတေသီက
Dr. Jacob Calezarni ဗျ။ သူက San Francisco မှာရှိတဲ့ Quest Clinical Research ဆိုတဲ့ဌာနကြီး
ရဲ့ ညွှန်ကြားရေးမှူးဗျ။ သူက ကယ်လီဖိုးနီးယားတက္ကသိုလ်က ပညာရှင် တွေနဲ့ ပူးပေါင်းပြီး
သုတေသန လုပ်ခဲ့တာ''

 

''သုတေသန ဆိုတော့ ဝိုင်းလုပ် ရမှာပဲ ဆရာ''

 

''ဟုတ်တယ်။ ကိုတိုင်ပြာပြော တာမှန်တယ်။ လူအား၊ ငွေအား၊ ပစ္စည်းအား
အဘက်ဘက်က လိုတယ်ဗျ။ အဘက်ဘက်က ပြည့်စုံမှ အောင်မြင်မှာ''

 

''သုတေသီတွေ လုပ်တာလေး ပြောပြပါဦးဆရာ''

 

''ဒီလိုဗျ။ အစမ်းသပ်ခံ လူနာက ခြောက်ဦးဗျ။ သူတို့ဆီက သွေးဖောက်ယူတယ်။ သွေးထဲက I Cell တွေကို ဖယ်ထုတ်တယ်။ I Cell တွေ ကို Gene Snipping
Compound ဆိုတဲ့ ဓာတုဒြပ်ပေါင်းနဲ့ ရောလိုက်တယ်။ ဒီဒြပ်ပေါင်း က I Cell တွေရဲ့ မျိုးရိုးဗီဇကို
ပြုပြင်တယ်။ ပြီးတော့ ပြုပြင်ပြီးသား I Cell တွေကို နမူနာပဲ ပြန်ယူတယ်။ ပြီးတော့
Growth Factor ကို လူနာထဲမထည့်ခင် အရင် ပေးထား တယ်''

 

''Growth Factor က ဘာ အတွက်လဲဆရာ''

 

''စောစောက I Cell တွေများ များပွားလာအောင် ထည့်ပေးတာဗျ''

 

''ဟုတ်ကဲ့ဆရာ''

 

''လူနာခြောက်ဦးမှာ သုံးဦးက ပြုပြင်ပြီးသား ဆဲလ်စုစုပေါင်း
2.5 billion စီရလိုက်တယ်။ ကျန်သုံးဦးက ဆဲလ် စုစုပေါင်း 5 billioon စီ ရ လိုက်တယ်''

 

''ဟုတ်ကဲ့ဆရာ''

 

''သုံးလလောက်ကြာတော့ သူတို့ကိုယ်ထဲက ဆဲလ်တွေ ပွားလာတာတွေ့ရတယ်။
မူလကထက် ဆဲလ် ဦးရေ သုံးဆ ပွားလာတာတွေ့ရတယ်။ ပြီးတော့ လူနာကိုယ် ထဲက I Cell ဦးရေ
စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းဟာ HIV ပိုးကို ခံနိုင်ရည် ရှိနေတာ တွေ့ရတယ်တဲ့''

 

''ဒါဟာ အောင်မြင်မှုပါပဲ ဆရာ''

 

''နောက်ဆက်တွဲ ဆိုးကျိုးဆိုလို့ နည်းနည်းပါးပါးပဲ ရှိတယ်။
တစ်ရက် နှစ်ရက်လောက် တုပ်ကွေးဆန်ဆန်ရောဂါ လက္ခဏာတွေ့ရတယ်။ ဒါပဲဖြစ်တယ်။ ဒါကြောင့်
AIDS ရောဂါနဲ့ပတ်သက်တဲ့ ပါရဂူတော် တော်များများက ခု သုတေသနကို အားပေးကြတယ်''

 

''ဟုတ်ကဲ့ဆရာ''

 

''Duarte မြို့မှာရှိတဲ့ City of Hope သုတေသနဌာနက ပါရဂူ
John Rossi ကပြောတယ်။ ဒါဟာ ပထမ ဆုံးအကြိမ် အောင်မြင်မှုပါပဲတဲ့။ ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲတဲ့။ အဲသလို ပြောသွားတယ်''

 

''ထူးခြားတဲ့ အောင်မြင်မှုပါပဲ ဆရာ''

 

''ခုသုတေနသ ပြီးတော့ နောက်ထပ်တစ်ခုလဲ ရှိသေးတယ်။ Dr.
Cart June ဆိုတာက University of Pennsylyania က Gene Therapy Expert. သူက လူနာဆယ်ယောက်ပေါ်မှာ စမ်းသပ်ခဲ့တာ။ သူလုပ်တဲ့ နည်းက ပထမနည်း အတိုင်းပဲ။ သုံးတဲ့ ပစ္စည်းက လ
Sangamo ကပဲ။ ရလဒ်ကို သူတင်ပြ ဦးမယ်တဲ့''

 

''ပိုပြီး ခိုင်မာမယ့် သဘောပါပဲ ဆရာ''

 

''ဒါပေါ့ဗျာ။ အကြိမ်များများ လုပ်လေ ပိုခိုင်မာလေပေါ့''

 

''ကုန်ကျစရိတ်ကရော ဆရာ''

 

''ကုန်ကျစရိတ်ကတော့ များမယ်ဗျ။ ဒါပေမယ့် တစ်ဘက်ကတွက်ကြည့်တော့လဲ
လူတစ်ယောက် ဟာ ARV ဆေးတွေ ကို တစ်သက် လုံးသောက်ရမှာဗျ။ ဆေးဝါးစရိတ် က တစ်နှစ်တစ်နှစ်ကို
ဒေါ်လာ ၂၅ဝဝဝ လောက်ရှိတယ်။ ခုနည်းနဲ့ ကုလို့ ရောဂါပျောက်ရင် ဒီဆေးတွေ သောက်စရာ မလိုတော့ဘူး။
တစ်သက်လုံး သောက်ရမယ့်ဆေးဝါးဖိုးနဲ့ ယှဉ်လိုက်ရင်တော့ Gene Theray က တန်ဖိုးကြီးပေမယ့်
တွက်ခြေ ကိုက်တယ်လိုတော့ ဆိုနိုင်တယ်ဗျ''

 

''ဒီသုတေသနမှာ လက်တွေ့ ပါဖူးတဲ့ လူနာတွေ ဘာပြောလဲ ဆရာ''

 

''Jay Johnson ဆိုတဲ့ လူနာက ပြောထားတာရှိတယ်။ သူက အသက်
၅ဝ ရှိပြီ။ HIV ပိုးတွေ့ထားတယ်။ သူ့ရဲ့ရလဒ်တွေက သိပ်ကိုကောင်းပါတယ်တဲ့။ အဓိကရည်မှန်းချက်က
ARV တွေဆက်မသောက်ဘဲ နေနိုင်ဖို့ပါပဲ။ ခုဆို အဲဒီရည်မှန်းချက် ပြည့်ဝဖို့ နီးပါပြီတဲ့''

 

''တစ်သက်လုံး ဆေးသောက်ရ မယ့် ဘဝက လွတ်ချင်ပြီပေါ့ ဆရာ ရယ်''

 

''နောက်တစ်ယောက်ရှိသေးတယ်။ Matt Sharp တဲ့။ သူက ၅၄ နှစ်ရှိပြီ။
သူကပြောတယ်။ တစ်သက်လုံး ဆေးသောက်နေရမယ့် ဘဝကို ငြီးငွေ့နေပါပြီတဲ့။ ဆေးမသောက်ရဘူးဆိုရင်
ဘာဖြစ်ဖြစ် လုပ်ချင်ပါတယ်တဲ့။ ရောဂါပျောက်တဲ့အထိ အသက်ရှည်၊ မရှည် အသေချာပေ မယ့် ရောဂါပျောက်မယ်လို့
မျှော်လင့် နေပါတယ်တဲ့''

 

''ဒါပေါ့ဆရာရယ်။ ကျွန်တော်လို လူမျိုးဖြစ်မှာပေါ့။ ကျွန်တော့်ဆီးချိုဆေးတွေ သောက်ရတာ ငြီးငွေ့နေပြီ။ မသောက်ချင်တော့ဘူး။ တစ် ခါတစ်ခါ ရပ်ပစ်ဖို့ စိတ်ကူးတယ်။
မဖြစ်သေးပါဘူးဆိုပြီး အားတင်း သောက်နေရတယ်''

 

ကဗျာဆရာ မောင်တိုင်ပြာက ငြီးတွားလိုက်သည်။

 

''ရပ်တော့မရပ်ပါနဲ့ ဆရာကို တိုင်ပြာရယ်။ ကြိုးစားပြီးသောက်
ပါဗျာ''

 

ရာဟုမောင်မောင်က အားပေး လိုက်၏။

 

ထိုစဉ် သတင်းရ၍ လေညို ကုန်းမှ လိုက်လာသော လူတစ်စုသည် ရာဟုမောင်မောင်ကို
အဝေးမှ လှမ်းတွေ့လိုက်ရာ ပြေးလာကြ၏။

 

''ဆရာရေ လာကုန်ကြပြီ။ ပြေးမှဖြစ်မယ်''

 

လေကဲ့သို့ လျင်မြန်ဖျတ်လတ်သော ရာဟုမောင်မောင်သည် လေနှင့်အတူ
ဖျတ်ခနဲ ပျောက်ကွယ်သွား လေ၏။ ထူးဆန်းလေစွ တကား။

 

ရည်ညွှန်းချက်။ ။ Foxnews. Com မှ "Scientists Look
to cure HIV with gene therapy " ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

 

အောင်(ဆေး-၁)

 

ဈေးကွက်ဂျာနယ်
- AIDS
နှင့် မျိုးဗီဇ ကုထုံသစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top