AIDS ရောဂါကို ၁၉၈၁ ခုနှစ်မှာ ပထမဦးစွာ အမေရိကန်မှာ တွေ့ခဲ့တယ်ဆိုတာ တင်ပြပြီးဖြစ်တယ်။ ဒါပေမယ့် လူသိမများသေးဘူး။ ၁၉၈၅ ခုမှာတော့ ကျော်စောထင်ရှားမှု ရခဲ့ပြီး ကမ္ဘာသိ ရောဂါ ဖြစ်လာတယ်။ ရုပ်ရှင်မင်းသား Rock Hudson က AIDS ကြောင့် အဲဒီနှစ်မှာ သေသွားတာကလည်း ဒီကျော်စောမှုကို အများကြီး အထောက်အကူ ပြုခဲ့တာလည်း တင်ပြခဲ့ပြီး ပါပြီ။ အဲဒီအချိန်မှာ ကမ္ဘာက AIDS အပေါ် ဘယ်လိုမြင်သလဲ?။ ပထမတော့ AIDS ဟာ “ဂေး” ရောဂါ၊ သဘာဝနဲ့ ပုံမှန် မူမှန် အခြေအနေကို ဆန့်ကျင်သူတွေကို ခတ်တဲ့ ဒဏ်လို့ ဆိုချင်ကြတယ်။
မကောင်းမှု ဒုစရိုက်ရဲ့ တုံ့ပြန်မှုကို ခံရတာပဲ ထင်ပြီး ဒီလူတွေကို ကဲ့ရဲ့ပြစ်တင်ပြီး ဒီလူတွေကို ဖိနှိပ်ချုပ်ချယ်ချင်တဲ့ အာသီသတွေ ပွားလာခဲ့ကြတယ်။ “သူတို့ထိုက်နဲ့ သူတို့ကံပဲ၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မှာပဲ ခံလိုက်ပေါ့။ ဒါဟာ တရားတဲ့ လောကနိယာမပဲ၊ သူတို့ အပစ်ကြောင့် သူတို့ ခံရတာ။ တို့နဲ့ မဆိုင်ဘူး။ အနေသာကြီးပါ” လို့ ထင်မြင်သူဆတဲ့ သူတွေလည်း အများကြီး ရှိတယ်။ တချို့ကတော့ သူတို့ကြောင့် ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီး ဖြစ်လာရတာ သူတို့ တရားခံပဲ။
အချို့နေရာတွေမှာ “ဂေး” တွေကို ရိုက်နှက် ပုတ်ခတ်ညှဉ်းဆဲတဲ့ အထိ ဖြတ်တာတွေ တွေ့လာရတယ်။ နောက်တစ်ခါ ဟေတီကျွန်းက လူတွေမှာဖြစ်တဲ့ ရောဂါပါ။ နောက်ဆက်ပြီး (Haemophilia) လို့ ခေါ်တဲ့ “သွေးမတိတ်” ရောဂါသည်တွေမှာ ဖြစ်တယ်လို့ သိနားလည်လိုက်ကြတယ်။ ဒီတော့ ဒီရောဂါဟာ တချို့ တချို့သော ကန့်သတ်ထားတဲ့ အုပ်စုမှာသာ ဖြစ်တာပါ။ အများသူငါမှာ ဖြစ်တဲ့ ရောဂါ မဟုတ်ဘူး။ ဒီလို (risk group) သီးသန့်အုပ်စုမှာသာ ဖြစ်တာလို့ ထင်ကြပြန်တယ်။ ရောဂါဖြစ်စေတဲ့ အန္တရာယ်ဟာ အထူးစပါယ်ရှယ် အုပ်စုတွေထဲမှာသာ ရှိတာမဟုတ်၊ ရောဂါဘေးဟာ လူတစ်ဦးရဲ့ အန္တရာယ်များတဲ့ ပြုမှုချက်ပေါ်မှာ မူတည်နေတယ် ဆိုတာကိုတော့ နောက်မှ တစ်ဖြည်းဖြည်း သိလာကြတာ။
ပထမတော့ “ဂေး” တွေကို ပစ်မှတ်အဖြစ်ထားပြီး အပြစ်တင်ကြ၊ ဒဏ်ခတ်ကြ လုပ်လာကြတော့ “ဂေး”တွေ မခံမရပ်နိုင် ဖြစ်လာတယ်။ အမေရိကမှာဆိုရင် အကြီးအကျယ် ဆန္ဒပြပြီး ပဋိပက္ခ ဖြစ်မှုတွေ ပေါ်ပေါက်ခဲ့တယ်။ အခုထိ အပြည်ပြည်ဆိုင်ရာ AIDS အစည်းအဝေး ညီလာခံ စသည်တို့ ရှိရင် “ဂေး” အုပ်စု အခွင့်အရေးအတွက် တိုက်ပွဲဝင်သူတွေဟာ အမြဲလိုလို ဆန္ဒပြခဲ့တယ်။ အစည်းအဝေး ကျင်ပတဲ့ နေရာတွေမှာ ဆန္ဒပြကြပြီး အခွင့်အရေးတွေ တင်ပြတောင်းဆိုမှုတွေ လုပ်နေဆဲ ဖြစ်တယ်။
သမိုင်းအကြောင်းကို ကြည့်လျှင် ဆစ်ဖလစ်တုန်းကလည်း ဒီနည်းဆင်ဆင် ဖြစ်ခဲ့တာပဲ။ ဆစ်ဖလစ်ဟာ ၁၄၄၀ လောက်ကစပြီး နောက် အနှစ် တစ်ရာလောက် အတွင်းမှာ အပြင်းအထန် ပြန့်ပွားခဲ့တယ်။ အနှစ် ၅၀၀ ကြာတာတောင် ဒီရောဂါရဲ့ ဇစ်မြစ်ကြောင်းအင်ကို သိပံ္ပပညာရှင်တို့ ရေလည်စွာ မသိကြသေးဘူး။ AIDS ဗိုင်းရပ်စ်ပိုးကို ရောဂါပေါ်လာပြီး ၅ နှစ်လောက် အတွင်းမှာ ဖော်ထုတ်နိုင်တာကတော့ အခုခေတ် သိပ္ပံပညာ အတတ်ပညာ ထွန်းကားတိုးတက်မှုရဲ့ အကျိုးကြောင့်ပဲ ဖြစ်တယ်။ ဆစ်ဖလစ်ရောဂါဟာ ပထမ အီတလီမှာ သဲသဲမဲမဲ စဖြစ်ပြီး ၁၉၄၅မှာ ပြင်သစ်၊ ဂျာမဏီနဲ့ ဆွစ်ဇာလန်ကို ရောက်တယ်။ ၁၄၉၆ မှာ ဟော်လန်နဲ့ ဂရိ၊ ၁၄၉၇ မှာ အင်္ဂလန်နဲ့ စကော့တလန်၊ ၁၄၉၉ မှာ ရုရှာကို ရောက်တယ်။
ဆစ်ဖလစ် ပြန့်ပွားမှုကတော့ AIDS လောက် မမြန်ဘူး။ ဒါဟာလည်း မျက်မှောက်ခေတ်ရဲ့ တိုးတက်မှု တစ်ရပ်ဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ ကူးလူးဆက်ဆံရေး ကောင်းမွန်လွယ်ကူ မြန်ဆန်ခြင်း ကြောင့်ပဲ။ ဒါကတော့ အကောင်းနဲ့ အဆိုးဟာ အများအားဖြင့် တစ်ခုတည်း ပေါ်မလာဘူး။ ဒွန်တွဲပြီးလာတယ်ဆိုတာကို သတိရစေတဲ့ အချက်တစ်ခုပဲ။ အဲဒီအချိန်ကလည်း အခု AIDS မှာ ဖြစ်သလိုပဲ ရုရှတွေဟာ ပိုလန်သားတွေဆီက ရတာလို့ ဆိုတယ်။
အင်္ဂလိပ်နဲ့ တူရကီတွေကတော့ ပြင်သစ်ရောဂါလို့ အမည်တပ်လိုက်တယ်။ ပြင်သစ်တွေက အီတလီ ရောဂါလို့ ခေါ်ပြီး၊ အီတလီတွေက စပိန်ရောဂါလို့ ခေါ်တယ်။ စပိန်တွေက ဒီရောဂါကို ကိုလံဘတ် ကမ္ဘာသစ်ကို တွေ့စဉ်က ရောက်ခဲ့တဲ့ ဟေတီကျွန်းက ရလာတာလို့ ဆိုပြန်တယ်။ ဒီဖြစ်စဉ် သမိုင်းပုံစံဟာလည်း အခု AIDS မှာ ပြန်တွေ့နေရ ပြန်ပြီ။ ဓာတ်ပြာား ဟောင်းကြီး ပြန်ပြီး ဖွင့်နေသလိုပါပဲ။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




