24
Jan

AIDS နှင့် ကမ္ဘာ (၂)

AIDS ပေါ်တဲ့ အချိန်မှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်တွေက AIDS အပေါ် ဘယ်လို ခံယူချက်ရှိသလဲဆိုတာ လေ့လာကြည့်ရင် ယေဘုယျအားဖြင့် ၂ မျိုး ရှိတာ တွေ့ရတယ်။

၁။ AIDS ဟာ ဒီလောက်အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ တို့နဲ့လည်း မဆိုင်ပါဘူး။ အနောက်နိုင်ငံ အချို့က အကျယ်ချဲ့ပြီး ထုံးစံအတိုင်း သူတို့ စာနယ်ဇင်းတွေကလည်း အော်ဟစ်ပြီး နေကြတဲ့ ကိစ္စပါ။ ဒါကြောင့် ဘာမှလုပ်စရာမလိုဘူး။ လျစ်လျူရှုပြီး နေလို့ရတဲ့ အခြေမျိုးလို့ ယူဆကြတယ်။ ဒီလိုယူဆရုံ မကသေးဘူး၊ သူတို့ တိုင်းပြည်မှာ အနောက်နိုင်ငံနဲ့ အခြားပြည်တွေလို စိုးရိမ်စရာ မရှိလို့ ကိုယ့်အခြေအနေ အပေါ်မှာ ကိုယ်ကျေနပ်နျစ်သိမ့်နေပုံရတယ်။ တကယ်တော့ သူတို့က ဖြစ်ရပ်မှန်ကိုမှ မသိပေပဲကိုး။ ဒီအန္တရာယ်ကြီးရဲ့ ဆိုးကျိုးအာနိသင်ဟာ ဘယ်လောက်အထိ ကြီးမားပြီး ကျယ်ဝန်းတယ်ဆိုတာ မသိလို့ ဒီလို အတွေးမျိုးနဲ့ ကျေနပ်နေတာ။

၂။ နောက်တစ်အုပ်စုကတော့ AIDS ဆိုတာ ကုလို့လည်း မရဘူး၊ အဖြစ်မရှိတဲ့ ပုစ္ဆာလို ဖြစ်နေတာ။ နောက် အနီးကာလ အတွင်းလည်း အဖြေပေါ်ဦးမှာ မဟုတ်ဘူးလို့ ဆိုနေကြတယ်။ ဒီလောက် ခက်ခဲပြီး ဆိုးလှတဲ့ ကိစ္စကို ရင်ဆိုရတဲ့အခါ ဘာတတ်နိုင်လို့လဲ။ ကမ္မသကာပဲ၊ ဖြစ်လိုရာဖြစ်သွားမှာပဲပေါ့။ ကပ်ဆိုက်တာတော့ အမှန်ပဲ။ ဘာမှမလုပ်နိုင်တော့လည်း ခံလိုက်ရုံပေါ့ဆိုပြီး ကံကို လုံးဝပုံချပြီး နေကြတယ်။

ဒီခံယူချက် နှစ်မျိုးစလုံးဟာ အောင်မြင်ချက်နဲ့ ဝေးသထက် ဝေးစေတဲ့ ခံယူချက်တွေ ဖြစ်တယ်။ တချို့တိုင်းပြည်တွေကတော့ ဒီရောဂါဟာ “သူတို့” ဆီမှာသာဖြစ်တာ “တို့ဆီ” မှာ မဖြစ်ဘူး၊ တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး ဘူးကွယ်ပစ်လိုက်တယ်။ ၁၉၈၃ ခု ဆွစ်ဇာလန်ပြည်၊ ဂျနီဗာမှာ လုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ AIDS ကွန်ဖရင့်မှာ အရှေ့ ဥရောပ နိုင်ငံတွေအနက်က ချက်ကိုစလို ဗားကီးယားနိုင်ငံ တစ်ဦးတည်းကသာ အရှေ့ဥရောပ ဆိုရှယ်လစ် နိုင်ငံတွေထဲကို AIDS ရောက်နေပြီလို့ ဝန်ခံတယ်။

ကွန်ဖရင့် လေးရက်စလုံးမှာ ဆိုဗီယက်ကိုယ်စားလှယ်က “ဆိုဗီယက်နိုင်ငံမှာ AIDS ရောဂါ လူနာမျိုး၊ တစ်ယောက်မှရှိမှာ မဟုတ်ဘူး”လို့ ထပ်ခါတလဲ အပြတ်ပြော ပစ်ခဲ့တယ်။ အလားတူပဲ ရိုပေးနီးယား ကိုယ်စားလှယ်ကလည်း ဒီရောဂါဟာ အရင်းရှင်ရောဂါ။ တို့ဆိုရှယ်လစ်/ ကွန်မြူနစ်နိုင်ငံမှာ ဖြစ်မှာ မဟုတ်လို့ “ခါးခါးသီးသီး” ငြင်းခဲ့တယ်။ ဗိုင်းရပ်စ်ကတော့ ဒီလိုနိုင်ငံရေးကို ဦးတည်းပြီး မိန့်ဆိုခဲ့တဲ့ ကြေညာချက်တွေကို ဘယ်လက်ခံလိုက်မှာလဲ။

အဲဒီ အချိန်လောက်မှာပဲ “သွေးမတိတ်ရောဂါ” ကြောင့် သွေးသွင်းခဲ့လို့ AIDS ရလာတဲ့ လူနာဟာ ဥရောပမှာ ၉ ဦး ရှိနေပြီ။ နောက်ပိုင်းမှာတော့ သိကြတဲ့ အတိုင်း ရိုမေးနီးယားမှာ မွေးစသွေးသွင်းခဲ့ရတဲ့ ကလေးပေါင်း များစွာဟာ AIDS ရခဲ့တယ်။ ဒါကိုဆရာဝန်တွေက တပ်အပ်သေချာစွာ ရောဂါရှာပြီး တပ်ပြခဲ့ပေမယ့် အစိုးရက ဖုံးကွယ်ထားခဲ့တယ်။ ဒီကလေးတွေမှာ AIDS ဖြစ်တဲ့ ကိစ္စကို ဆက်လက်စုံစမ်း စစ်ဆေးမှု မလုပ်ရလို့ အာဏာပိုင်တွေက အမိန့်ပေးပြီး တားမြစ်ခဲ့တယ်။ ဒါကြောင့် ကာကွယ် နိုင်တဲ့ အချိန်တွေမှာ မကာကွယ်လိုက်ရလို့ ရောဂါပြန့်ပြီး အခြေအနေ ပိုဆိုးခဲ့တယ်။

ကမ္ဘာ့ အရှေ့ပိုင်းမှာလဲ ဒီနည်းနှင်နှင်ပါပဲ “တို့ယဉ်ကျေးမှုနဲ့ ဖီလာတဲ့ အပြုအမှုမျိုးကြောင့် ဖြစ်ရတဲ့ ရောဂါပါ။ တို့ဆီမှာ ဒါမျိုးတွေမှ မရှိကြတာ။ တို့ဆီမှာ မဖြစ်နိုင်ဘူး” လို့ ထင်ခဲ့ကြလို့ တရားဝင် အစည်းအဝေးတွေမှာ ဒီလိုပဲ ပြောခဲ့ကြတယ်။ အများပြည်သူလူထုကလည်း ဒီလိုပဲ ခံယူနေကြတာပဲ။ အထက်က တင်ပြသလိုပဲ အဲဒီ အချိန်မှာ AIDS ဟာ အမေရိကန်ပြည် တစ်ပြည်ထဲမှာ ရှိနေတဲ့ ရောဂါ မဟုတ်ပါဘူး။ ကိန်းဂဏန်းအရတော့ အမေရိကမှာ များနေတယ်ဆိုတာ မှန်ပါတယ်။

၁၉၈၄ ခုနှစ်မှာ ဆိုရင် ကယ်လီဖိုးနီးယားမှာ AIDS ရောဂါအတွက် သတ်သတ်ဆေးရုံ ဖွင့်သေးရတဲ့ အခြေအနေ ဆိုက်နေပြီ။ ဒီ AIDS ဖြစ်တဲ့ သူတွေဟာ တစ်စုထဲ တစ်ပြုံထဲ ဆိုသလို နယူးယောက်နဲ့ ဆန်ဖရန် စစ္စကိုမြို့တွေမှာ ရှိကြတယ်။ ဒီပြင်ဖြစ်တဲ့ လူတွေဟာလည်း “ဂေး” တွေဆိုတော့ ကမ္ဘာမြင်ကွက်မှာ ဒီနေရာတွေဟာ သိပ်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်နေတာပေါ့။ ဒီတော့ ၁၉၈၁ ခုနှစ် ဝန်းကျင်မှာ သိနေကြတာတော့ AIDS ဟာ “ဂေး” ရောဂါပဲ။ အထက်ဆိုခဲ့သလို ဒီ “ဂေး” တွေဟာ လူ့အဖွဲ့အစည်းရဲ့ ပုံမှန်ဓလေ့ထုံးစံကို ဆန့်ကျင်ကြသူတွေမို့ “ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်း” ခံရတာလို့ ဆိုပြီး “ဂေး” တွေ အပေါ် လုံးဝဥဿုံ ပုံချ အပြစ်ဖို့ခဲ့တယ်။

ဒီလို တစ်ပြည်တည်း နေသူတွေက လူနည်းအုပ်စုဖြစ်တဲ့ “ဂေး” တွေသာ ဖြစ်တာပါလို့ ယူဆသလို ကမ္ဘာ အရပ်ရပ်ရှိ တိုင်းပြည်တွေနဲ့ လူတွေကလည်း “သူတို့ တိုင်းပြည်ဟာ ဒုစရိုက်တွေ များလွန်းတဲ့ နေရမို့ ဖြစ်တာ။ တို့ဆီမျာ မဖြစ်ဘူး” လို့ ယုံကြည်နေကြတယ်။ ဒါဟာလည်း ဓမ္မတာပါပဲ။ လူဆိုတာ မွေးလာရင် မလွဲမသွေ သေရမျာပဲဆိုတာ လုတိုင်းလူတိုင်း တပ်အပ်သေချာ သိထားရက်နဲ့ လူတွေ ဒီလိုပဲ တွေးမိကြရဲ့လား၊ သတိရှိကြရဲ့လား။ “သူပဲ သေတာပါ ငါ့အလှည့်တော့ ကျမှာ မဟုတ်ဘူး” လို့ အမြဲ ထင်နေတော့တာပဲ မဟုတ်လား။ ဒါကတော့ မသေချင်လို့ မသိစိတ်က ဝန်မခံပဲ ဗြောင်ငြင်းဆန်နေတဲ့ သဘောပါ။

ဒီလို ငြင်းလိုက်ရင် ပြဿနာဟာ ခေတ္တခဏလောက် ဖြစ်ဖြစ် ပျောက်နေမှာပဲလို့ ထင်နေကြတယ်။ ဒီလို “တို့ဆီမှာတော့ ဖြစ်မှာမဟုတ်ဘူး” လို့ ယူဆနေတဲ့ အချိန်မှာပဲ AIDS ကတော့ အရပ်ရပ် အနယ်နယ်ကို ပြန့်စပြုနေ ပါပြီ။ AIDS ကို ကနဦး ဖော်ထုတ်နိုင်ခဲ့တဲ့ ၁၉၈၁ ခုနှစ် အရင် ၂ နှစ်လောက်မှာ တမူထူးခြားတဲ့ လက္ခဏာ ရှိတဲ့ လူနာအချို့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့ တွေမှာ တွေ့ခဲ့ကြတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top